Knowledge

သဘာဝအတိုင်းဖြစ်နေပါ်လာတဲ့ ဖျော့ဒ် တွေအကြောင်း

နော်ဝေလို စကင်ဒီနေးဗီးယန်းနိုင်ငံတွေအကြောင်းမှာ Fjord ဆိုတဲ့ စကားလုံးကို မကြာခဏမြင်ဖူးကြပါလိမ့်မယ်။ Fjord ကို ဖီးရော့ဒ် ၊ အမြန်ဆိုရင် ဖျော့ဒ် လို့ အသံထွက်ပါသတဲ့။ အဓိပ္ပါယ်ကတော့ မတ်စောက်တဲ့ တောင်ကမ်းပါး တွေ တောင်ကုန်းတွေကြားထဲက ရှည်လျားပြီး ကျဉ်းမြောင်းတဲ့ ရေလက်ကြား ပါတဲ့။



ပင်လယ်သမုဒ္ဒရာရဲ့ရေပြင်ဟာ ကုန်းမကြီးရဲ့အတွင်းဘက် အကွာအဝေးတော်တော်များများအထိ ရောက်ရှိနေပြီး အခြားမြစ် ၊ ချောင်းတို့ နဲ့ ဆက်စပ်နေခြင်း မရှိတဲ့ နေရာမျိုးပါ။ Fjord တွေ ဖြစ်ပေါ်လာခြင်းရဲ့ အဓိက အကြောင်းကတော့ ရေခဲမြစ်တွေကြောင့်ပါ။




လွန်ခဲ့တဲ့ နှစ် သန်းပေါင်းများစွာကာလ ကတည်းက ရေခဲမြစ်တွေဟာ တောင်ကုန်းပေါ်တွေကနေ ကြီးမားတဲ့ အရှိန်နဲ့ စီးဆင်းတဲ့အခါမှာ လမ်းတလျှောက်မှာ တောင်စောင်းတွေမှတဆင့် နက်ရှိုင်းတဲ့ချောက်လမ်းကြောင်းတွေ ဖြစ်ပေါ်သွားပါတယ်။ ရေခဲမြစ်တွေဟာ သမုဒ္ဒရာတွေထဲအထိ ဆက်လက်စီးဆင်းသွားပြီး ကျန်ခဲ့တဲ့ ချောက်လမ်းကြောင်းတလျှောက်ကို သမုဒ္ဒရာထဲက ရေတွေက ပြန်စီးဝင်တဲ့အခါမှာတော့ Fjord တွေ ဖြစ်ပေါ်လာပါတော့တယ်။



Fjord တွေကို ကမ္ဘာအနှံ့မှာတော့ တွေ့ရလေ့မရှိပဲ နော်ေ၀ ၊ ဒိန်းမတ်၊ အိုင်ယာလန် ၊ အိုက်စလန် ၊ ချီလီ ၊ နယူးဇီလန် ၊ ကနေဒါ ၊ ဂရင်းလန် နဲ့ အမေရိကန် အလက်စကာပြည်နယ် စတဲ့ နိုင်ငံဒေသတွေမှာ အများဆုံးတွေ့ရတတ်လေ့ရှိပါတယ်။




Fjord တွေနဲ့ ပတ်သက်ရင် နာမည်အကြီးဆုံးက နော်ေ၀ နိုင်ငံ ဖြစ်ပါတယ်။ ကမ်းရိုးတန်းအလျား ၁၈၀၀၀ မိုင်လောက်ရှည်လျားတဲ့ နော်ဝေး တနိုင်ငံတည်းမှာတင် Fjord ပေါင်း ၁၂၀၀ လောက်ရှိနေပြီး စုစုပေါင်း အလျားကတော့ မိုင်ပေါင်း ၁၆၀၀ ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ အရှည်လျားဆုံး Fjord ကတော့ ဂရင်းလန်အရှေ့ဘက်ကမ်းရိုးတန်းမှာရှိနေတဲ့ Scoresby Sund Fjord ဖြစ်ပါတယ်။ အလျား ၂၁၆ မိုင် ဝန်းကျင်အထိ ရှည်လျားသလို ဧရိယာအနေနဲ့လည်း ၁၄၇၀၀ စတုရန်းမိုင် ရှိပါတယ်။ Fjord ရဲ့ ပျမ်းမျှအနက်ကတော့ ၁၆၄၀ပေ ဖြစ်ပြီး အနက်ဆုံးနေရာမှာတော့ ၄၇၅၇ပေ အထိ နက်ရှိုင်းပါတယ်။




နော်ဝေနိုင်ငံရဲ့ အကြီးဆုံး နဲ့ အနက်ဆုံး fjord ကတော့ ဆော့ဂ်နက်ဖျော့ဒ် Sognefjord ဖြစ်ပါတယ်။ fjord တွေရဲ့ဘုရင်လို့ တင်စားခံရပြး အလျား ၁၂၇ မိုင်အထိ ရှည်လျားကာ အကျယ်ဆုံးနေရာမှာ ၂.၈မိုင်အထိ ရှိပါတယ်။ အနက် ၄၂၉၁ပေ အထိ ရှိတဲ့ ဒီ fjord ဟာ နော်ဝေနိုင်ငံ အနောက်ဘက်ပိုင်း ဗက်စ်လန်ဒေသမှာ တည်ရှိပါတယ်။




နယူးဇီလန်ရဲ့ အထင်ကရ Fjord တခုကတော့ တောင်ကျွန်းအနောက်ပိုင်း ဖီအော့လန်အမျိုးသားဥယျာဉ်နယ်မြေမှာ တည်ရှိတဲ့ Milford Sound ဖြစ်ပါတယ်။ အလျား ၉.၄ မိုင် ရှိပြီး အကျယ်ဆုံးနေရာမှာတော့ ၁.၂မိုင်အထိရှိကာ အနက် ၉၅၅ပေ ရှိတဲ့ Fjord ဖြစ်ကာ အဲဒီနယ်မြေရဲ့ ခရီးသွားလာရောက်မှု အများဆုံးနေရာ တခုလည်း ဖြစ်ပါတယ်။




ဂရင်းလန်ရဲ့အနောက်ပိုင်း အဗန်နားတားနယ်မြေမှာ ရှိတဲ့ Ilulissat Fjord ကိုတော့ ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်နေရာတခုအဖြစ် သတ်မှတ်ထားပါတယ်။ တခြား Fjord တွေနဲ့ မတူညီတဲ့အချက်ကတော့ သူ့မှာ Jakobshavn ရေခဲမြစ်ကြီး ရှိနေတာပါ။ ဒီရေခဲမြစ်ဟာ တနေ့ကို ၆၆ပေ ကနေ ၁၁၅ပေ အကွာအဝေး နဲ့ စီးဆင်းလျက်ရှိတာကြောင့် တနှစ်ကို ရေခဲတန်ချိန်ပေါင်း ၂၀ ဘီလျံပေါင်း လျော့လျော့လာနေပါတယ်။

အန္တာတိကတိုက်မှာရှိတဲ့ Skelton Inlet ကိုလည်း Fjord တခုအဖြစ် သတ်မှတ်ထားပြီး အနက် ၆၃၄၂ပေ ရှိတဲ့ ဒီနေရာမှာတော့ Skelton ရေခဲမြစ်ကြီးရှိနေပါတယ်။ Fjord တွေရဲ့တည်နေပုံ သဘာ၀ ဝန်းကျင်အနေအထားဟာ အလွန်လှပတာကြောင့် ကမ္ဘာလှည့်ခရီးသွားတွေ အလွန်နှစ်သက်လေ့ရှိပါတယ်။




အလှဆုံး Fjord တွေအဖြစ်သတ်မှတ်ခံထားရသလို ကမ္ဘာလှည့်ခရီးသွားတွေ အများဆုံး သွားလေ့ရှိတဲ့ Fjord တွေဟာ နော်ဝေနိုင်ငံမှာ တည်ရှိနေပါတယ်။ Geirangerfjord ၊ Nærøyfjord ၊ Aurlandsfjord ၊ Lysefjord နဲ့ Trollfjord တို့ဟာ နော်ဝေးရဲ့အထင်ရှားဆုံး Fjord တွေဖြစ်ပြီး Geirangerfjord နဲ့ Nærøyfjord တို့ဆိုရင် ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်နေရာတွေအဖြစ် ထည့်သွင်းသတ်မှတ်ခံထားရပါတယ်။




Leave a Comment