Tue. Oct 26th, 2021

အင်းတော်ကြီးသည် မြန်မာနိုင်ငံတွင်အကြီးဆုံး သဘာဝရေအိုင်ကြီးဖြစ်သလို အရှေ့တောင်အာရှ၏အကြီးဆုံးကန်များတွင်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ရှေးရာဇဝင်မှတ်တမ်းများတွင်တော့ အင်းကြီးနေရာသည် လူနေထိုင်ခဲ့သောဒေသဖြစ်ခဲ့ပြီး ဥတ္တရစောဖြူမင်းအုပ်ချုပ်သော မြို့တော်ဟု ဆိုကြသည်။ ထိုမြို့တော်ကို ရွှေတောင်နတ်မင်းကြီး၏ အမိန့်အရ နဂါးမင်းသားက အင်းဖွဲ့ရာမှ မြို့တော်ပျောက်ကွယ်ပြီး အင်းကြီးဖြစ်လာခဲ့သည်ဟု ထိုထိုရာဇဝင်များက ဖော်ပြကြသည်။ ဥတ္တရစောဖြူမင်း၏ ပျောက်ဆုံးသွားသောရွှေမြို့တော်ဟူ၍လည်းခေါ်ကြသည်။ ဥတ္တရစောဖြူရဲ့သား ကျားဖြူမင်းသား သည် အင်းကြီးဖွဲ့သောအချိန် မင်းညီမင်းသား အချို့နှင့် တောကစားသွားနေ၍ အင်းဖွဲ့ရာသေဆုံးခြင်းမရှိပဲ ကျန်ရစ်ခဲ့လေသည်။ ၎င်းသည် မိုင်းသုံတောင်နားတွင် ကျင်လည်ကျက်စားနေရင် နောက်နန်းမွန် နှင့်တွေ့ဆုံ ပေါင်းဖက်၍ သားသုံးပါး ဖွားမြင် ခဲ့ပြီး ထိုသားတော်သုံးပါးမှတစ်ဆင့် မိုးညှင်း၊ မိုးကောင်း၊ မိုးမိတ်၊ မြို့များပေါ်လာခဲ့သည်ဟု ဆိုကြသည်။




အင်းတော်ကြီးကန်ကို ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မိုးညှင်းမြို့နယ်တွင် တည်ရှိသည်။ မြန်မာနိုင်ငံ၏ အကြီးဆုံးသော သဘာဝ အင်းကြီးဖြစ်သည်။ တောင်နှင့်မြောက် အလျား (၁၄)မိုင်၊ အနံ(၇)မိုင်ရှိပြီး စတုရန်းမိုင် ၁၀၀ အပါအဝင်ဧရိယာ ၃၁၄.၆၇ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၇၀၀-ပေ အမြင့်တွင် တည်ရှိသည်။ မိုးရာသီအချိန်တွင် အနောက်ဘက်ကမ်းရှိ လုံးတုံနှင့် အရှေ့ဘက်ကမ်းရှိ ဟဲပုရွာအကြား ရေပြင်အကျယ်ဆုံးဖြစ်သည်။ ရေပြင်ကြီးသက်သက် အကျယ်အဝန်းသည် (၄၄.၉) စတုရန်းမိုင်ရှိသည်။ အင်းတော်ကြီးကန်အတွင်း အမှိုက်ဒိုက်သရိုက် ကင်းစင်သည်။ ရေကြည်လင်သည်။ ရေပြင်ကျယ်ကြီးသည် ပင်လယ်ပြင်တမျှ ရှုမဆုံးအောင်လှပသည်။ အမြင့် ပေ ၁၀ဝ၀ ကျော်မှ ၄၀ဝ၀ ကျော်ထိ မတ်စောက်မြင့်မားသော တောင်တန်းများ ကျောက်တောင်ကြီးများ ဝန်းရံထားပါသည်။




အင်းတော်ကြီးကန်၏ အလယ် အင်းစွယ်တစ်ခုပေါ်တွင် ရွှေမဉ္ဇူစေတီတော်ကို တည်ထားသည်။ အင်းတော်ကြီးကန်သည် ပတ်ပတ်လည်၌ တောင်ရိုးတောင်စွယ်များ ဝိုင်းရံထားသည့် ချိုင့်ဝှမ်းကြီးဖြစ်သည်။ ရွှေမဉ္ဇူဘုရားသည် ကချင်ပြည်နယ်၏ အဓိကရ စေတီတော်ကြီး ဖြစ်သည်။ တပေါင်းလဆန်း ဘုရားပွဲတော် ကျင်းပချိန် နီးကပ်လာလျှင် ဘုရားစေတီအရောက် လူလျှောက်သွားနိုင်ရန် သဲလမ်းမကြီးနှစ်လမ်း ပေါ်လာတတ်သည်။ ဘုရားပွဲတော်ပြီးသည့်အခါ သဲလမ်းများ ရေထဲ ပြန်မြုပ်သွားတတ်သည်။ ဘုရားပွဲတော်သည် အနီးစပ်ချုပ်နှင့်ရပ်ဝေးဧည့်သည်များဖြင့် စည်ကားလေ့ရှိသည်။ အင်းပတ်ဝန်းကျင်တွင် တိုင်းလျှံ(ရှမ်းနီ)ဟုခေါ်သော ရှမ်းလူမျိုးတို့သည် ရှေးအစဉ်အဆက်ကတည်းကနေထိုင်ခဲ့ကြသည်။ အင်းတော်ကြီးကို ရှမ်းဘာသာအားဖြင့် လောင်းလုံစည်ခမ်း သို့မဟုတ် လင်လုံ ဟုခေါ်ကြသည်။ စည်ခမ်းအင်းကြီးဟုအဓိပ္ပာယ်ရသည်။ စည်ခမ်းဆိုသည်မှာ အင်းတော်ကြီးအင်းဟူ၍မဖြစ်ပေါ်လာမီက ယင်းဒေသတွင်ရှိခဲ့သောမြို့ကြီးတစ်မြို့ဖြစ်သည်။




အင်းတော်ကြီးကန်ပတ်လည်တွင် အင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတည်ရှိသည်။ ၁၉၉၉ ခုနှစ်တွင်စတင်တည်ထောင်ခဲ့သည်။ ရှုမျှော်ခင်းများ၊ ရှားပါးနို့တိုက်သတ္တဝါများ၊ ငှက်များအပါအဝင် မျိုးကွဲတိရစ္ဆာန်များအား တွေ့ရှိနိုင်သည်။ မျိုးသုဉ်းမည့်အန္တရာယ်ကျရောက်နေသော ငှက် ၁၀ မျိုးအပါအဝင် ရွှေ့ပြောင်းနှင့် ဌာနေ ငှက်မျိုးပေါင်း ၂၀၀၀၀၊ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် မျိုးသုဉ်းလု ဖြစ်နေသော လိပ် ၅ မျိုးနှင့် ဤနေရာတွင်သာ တွေ့နိုင်သည့် ငါးမျိုးစိတ် ၇ မျိုး အပါအဝင် ငါးမျိုးပေါင်း ၉၃ မျိုးတို့အား တွေ့ရှိနိုင်သော အဓိကကျသည့် ရေတိမ်ဒေသ တစ်ခု ဖြစ်သည်။ အဆိုပါငှက်မျိုးများအနက် Greylag Geese၊ Oriental Darter၊ Purple Swamphen တို့အား ဇန်နဝါရီလတွင် အတွေ့ရများသည်။စက်လှေများဖြင့်လှည့်လည်ကြည့်ရှုပါက ရွှံ့ညွှန်ပိုင်းနေမျိုးစိတ်များ၏ဘဝရှုခင်းများကိုမြင်တွေ့နိုင်သည်။ ကန်နှင့် ရွှံ့ညွှန်ဒေသသည် ဆောင်းခိုငှက်များခိုလှုံရာဖြစ်သည်။ ပတ်ဝန်းကျင်ရွာများမှအညစ်အကြေးများက ရေအရည်အသွေးကိုခြိမ်းခြောက်လျက်ရှိသည်။ သို့ရာတွင်မိုးရာသီရောက်လျှင် ရေများပြန်လည်သန့်ရှင်းသွားသည်သာဖြစ်သည်။




၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင်ကျရောက်သော ကမ္ဘာ့ရေတိမ်ဒေသများနေ့တွင် အင်းတော်ကြီးကန်သည် မြန်မာနိုင်ငံအတွက် မိုးယွန်းကြီးအင်း ပြီးလျှင် ဒုတိယမြောက် ရမ်ဆာစာရင်းဝင် ရေတိမ်ဒေသတစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ အစိုးရနှင့် ရမ်ဆာ အတွင်းရေးမှူးရုံးတို့က ကြေငြာခဲ့သည်။ ရမ်ဆာစာရင်းဝင် ဖြစ်လာမှုကြောင့် ထိန်းသိမ်းရေး လုပ်ငန်းများအတွက် တိုးတက်မှုကောင်းတစ်ခု ဖြစ်သော်လည်း ရေဝေဒေသရှိ စမ်းချောင်းများတွင် တရားမဝင် အာတီဆင် အသုံးပြု ရွှေကျင်မှုများက ကန်၏တောင်ဘက်ပိုင်းတွင် နုန်းမြေများ ပို့ချခြင်းနှင့် ညစ်ညမ်းမှုများကို ဖြစ်ပေါ်စေခြင်း ကဲ့သို့သော စိန်ခေါ်မှုများ ရှိနေသေးသည်။




အင်းတော်ကြီးအိုင် အံ့ဖွယ်ကိုးပါး
အင်းတော်ကြီးသည်မြန်မာပြည်တွင် အကြီးဆုံးအင်းဖြစ်
၁- အလျှား – ၈ တိုင်၊ အနံ- ၄ တိုင်း ရှိခြင်းကတပါး။
၂- အနော် အတ္တအိုင်ကဲ့သို့ အလွန်ရေသန့်ရှင်းခြင်း ကြောင့်တပါး။




၃- အလွန်ကျယ်ဝန်းသည့် အင်းဖြစ်သော်လည်း အင်းထဲတွင် စိုးဝါးသော မိချောင်း စသည့် ငါးကြီးတို့ကို မစိုးဝါးရ အောင် အင်းတော်ကြီး အရှင်ကထိန်းသိမ်းခြင်းကြောင့်အံ့ဖွယ်တပါး။
၄- အင်းကြီးထဲတွင် မတော်တဆ လူတို့ကျသေဆုံးရသော်လည်းအနာအဆာမရှိ ငါးကြီးမျာလည်းမစားပဲ ကမ်းစပ်ရှောက်အောင် လှိုင်းပုတ်ခတ်တင်ပေးခြင်း။
၅- အင်းနားတွင်ရွှေကျင်သော် ရွှေများရရှိခြင်း။




၆- အမိုက်သရိုက်များကို အင်းထဲတွင် မရှိရအောင် နေ့စဉ်ညတိုင်း ကမ်းသို့အရောက်လှိုင်းပုတ်ခတ်ပေးခြင်း။
၇- တနှစ် သုံးကြိမ်ကျ သားမက်တော် နမ့်တိမ်းအရှင်က ယောက္ခမထံအရှင်ကြီးထံသို့ ရေပြောင်းပြန် ဆန်တက်ခြင်း။
၈- စစ်တိုက်ရာပါဝင်ကူညီသော ချောင်းများကို အင်းထဲသို့သန့်ရှင်းစွာ ဝင်ပြုခြင်း။
၉- နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်းလမှစ၍ ပြာသိုလအထိ အင်းထဲရှိငါးများကို အင်းတော်ကြီးတောင်ပိုင်း အခြားကွာ(၈)ဘုရားထိ လွဲအိမ်တောင်အရှင်ကြီးက အင်းထဲရှိငါးများကို ဆေးခတ်သဖြင့် ငါးများစွာသေခြင်းဖြင့် အံ့ဖွယ်ကိုးပါးသည်။




နေလင်းအင်းတော်ကြီး-အင်းတော်ကြီးသမိုင်းမှတ်တိုင်များ

Leave a Reply

Your email address will not be published. Required fields are marked *