Uncategorized

ကမ္ဘာ့အလယ်ဗဟို အူတိုင်ကိုဖြတ်ပြီး ပြုတ်ကျဖို့ အချိန်ဘယ်လောက် ကြာမလဲ

ဒီမေးခွန်းက နိုင်ငံတကာက တက္ကသိုလ်တွေက ရူပဗေဒ ကျောင်းသားတွေကို အမြဲလိုလို မေးလေ့ရှိတဲ့ ရူပဗေဒ ဆိုင်ရာ မေးခွန်းတစ်ခု ဖြစ်ပါတယ်။ တကယ်ကတော့ ကမ္ဘာ့အလယ်အူတိုင်ကို ဖြတ်ပြီး ခရီးသွားဖို့ လှိုင်ခေါင်းဖောက်ဖို့ ဆိုတာကတော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အနည်းဆုံးတော့ လက်ရှိ နည်းပညာတွေနဲ့ မဖြစ်နိုင် သေးပါဘူး။



ထားပါတော့လေ။ ဒီမေးခွန်းကို ဖြေဖို့ ပထမဆုံး ကမ္ဘာ့အူတိုင်ကို ဖြတ်ပြီး ဟိုဖက် ဒီဖက် တို့လျှိုပေါက် တည်တည့် ပြုတ်ကျနိုင်ဖို့ လုံးဝ ဖြောင့်တန်းနေတဲ့ လှိုင်ခေါင်းကြီး တစ်ခု ဖေါက်နိုင်တဲ့ နည်းပညာ ကျွန်တော်တို့မှာ ပိုင်ဆိုင်နေပြီ လို့ပဲ ယူဆလိုက် ရအောင်ပါ။ နောက်ပြီး ဒီ လှိုင်ခေါင်းကြီးရဲ့ နံရံကလဲ ပြိုကျမသွားနိုင်အောင် ခိုင်ခံ့တယ် ဆိုပါစို့ဗျာ။ ပြီးတော့ ဒီလှိုင်ခေါင်းထဲမှာ အရှိန်နဲ့ ပြုတ်ကျနေတဲ့ အရာဝတ္ထုတစ်ခုရဲ့ အရှိန်ကို တားဆီးပေးတဲ့ လေရဲ့ ခုခံအားလဲ လုံးဝ မရှိဘူးဗျာ။ နောက်ပြီး ကမ္ဘာ့အတွင်းပိုင်းက အပူဒါဏ်ကိုလဲ လုံးဝ ခုခံကာကွယ် ပေးနိုင်တယ် ဆိုပါစို့ဗျာ (နို့မဟုတ်ရင် တခါတည်း မီးလောင်ပြီးသား ဖြစ်သွားမှာ ပေါ့ဗျာ)။



ဒီလှိုင်ခေါင်းကြီးရဲ့ တစ်ဖက်ကို လူတစ်ယောက် ပြုတ်ကျသွားတယ် ဆိုပါစို့။ အဲ့သည်သူ ဘာ ဖြစ်သွားမလဲ။ ကမ္ဘာအလယ်ကောင်မှာ ရောက်ပြီး တစ်နေမှာလား။ ဟိုဖက်တခြမ်းကနေ ပြန် ပြုတ်ကျလာမှာလား။ ဟိုဖက်ခြမ်းကနေ ပြန်ထွက်လာဖို့ အချိန် ဘယ့်လောက် ကြာမှာလဲ။

ကဲ ကြာပါတယ်ဗျာ။ လာပါ။ ကျွန်တော်တို့ အတူ ခုန်ချကြည့် ရအောင်ပါ။ ခုန်ချလိုက်ပါပြီဗျာ။

ဒါနဲ့ မခုန်ချမီ ဒီလို လှိုင်ခေါင်းမျိုးကို ရူပဗေဒမှာ နာမည် လှလှလေး ပေးထားတယ် ခင်ဗျ။ “ဆွဲငင်အား ရထား (Gravity Train)” တဲ့ဗျာ။ ဒီရထားက ကမ္ဘာ့မြေဆွဲအား သက်သက်နဲ့ ခရီးသွားမယ့် ရထားပေါ့ဗျာ။ ဒါ့ကြောင့် ဒီနာမည် ပေးထားတာ ဖြစ်ပါတယ်။



ခုန်ချလိုက်တဲ့ အချိန်ကစလို့ ကမ္ဘာ့ အလယ်ဗဟို အူတိုင်ကို ရောက်သွားတဲ့ အထိ ကမ္ဘာမြေရဲ့ ဆွဲအားက ပြုတ်ကျနေတဲ့ သူပေါ်ကို သက်ရောက်နေတာမို့ ပြုတ်ကျနေသူအာ ဒီဆွဲအားရဲ့ အရှိန်နဲ့ အောက်ကို ကျဆင်းနေမှာ ဖြစ်ပါတယ်။ ကမ္ဘာ့အလယ်ကို ကျော်သွားတာနဲ့ ဒီလူဟာ ပြုတ်ကျနေတာ မဟုတ်တော့ ပါဘူး။ သူဟာ လှိုင်ခေါင်းရဲ့ အခြား တစ်ဖက်ကနေ ကမ္ဘာ့မြေမျက်နှာပြင်ပေါ်ကို ပြန်တက်နေတာ ဖြစ်သွားပါပြီ။



ကမ္ဘာမြေရဲ့ ဆွဲအားက တစ်က္ကန့်ကို ၉.၈ မီတာနှုန်း ရှိပါတယ်။​ဆိုလိုတာက ခင်ဗျား ကမ္ဘာမြေပေါ်ကို ပြုတ်ကျလာရင် တစ်စက္ကန့်တိုင်း တစ်စက္ကန့်တိုင်းမှာ ခင်ဗျားရဲ့ အရှိန်ဟာ ၉.၈ မီတာနှုန်း ပိုပို မြန်လာတယ် ဆိုတာပါ။​ ပြုတ်ကျတဲ့ အချိန်ကြာလေလေ အရှိန်ကလဲ မြန်လာလေလေပါပဲ။ ကမ္ဘာ့ဗဟိုကို ရောက်တဲ့ အချိန်မှာတော့ သင့်အရှိန်ဟာ တစ်နာရီ မိုင် ၁၈.၀၀၀ နှုန်းထိ မြင့်တက်သွားပါပြီ။



ဒါဆို ဒီနေရာမှာ မေးစရာ တစ်ခု ရှိလာပါတယ်။ ကမ္ဘာ့မြေဆွဲအားက အောက်ကို ဆွဲထားတာ ဆိုတော့ ဒီလူက ဘယ်လိုလုပ် ဆွဲအားကို ကန်ပြီး ကမ္ဘာမြေပေါ်ကို ပြန်ရောက်လာ နိုင်မလဲ ဆိုတာပါပဲ။ ဒီနေရာမှာ နယူတန်ရဲ့ ဒုတိယ နိယာမက ပြောထားတဲ့ Momentum ရဲ့ အခန်း ပါလာပါတယ်။​ နယူတန်က ဘာပြောလဲ ဆိုတော့ သွားနေတဲ့ အရာတွေဟာ ဆက်သွားမြဲ သွားနေလိုတဲ့ ဆန္ဒ ရှိကြပြီး ရပ်နေတဲ့ အရာတွေကတော့ ရပ်မြဲ ဆက်ရပ်နေလိုတဲ့ ဆန္ဒ ရှိကြတယ် ဆိုတာပါပဲ။



ဒါကို နမူနာ ပြရရင် ခင်ဗျားတို့ ဆိုင်ကယ် စီးတဲ့အခါ စက်ရပ်လိုက်ရင်တောင် ဂီယာဖရီး ထားရင် ဆိုင်ကယ်က သူ့အရှိန်နဲ့ သူ အတော်ဝေးဝေးကို ဆက်သွားနေတယ် မဟုတ်လား။ ဒီသဘောပါပဲ။ ပြုတ်ကျသွားတဲ့ သူကလဲ အရှိန်ကနေတာ့ ကမ္ဘာ့အလယ် ဗဟိုကို ဖြတ်ပြီးတဲ့ အထိ သူ့အရှိန်နဲ့သူ ဆက်သွားနေတာမို့ အောက်က ဆွဲအားကို လွန်ဆန်ပြီး ကမ္ဘာ့မြေမျက်နှာပြင် အခြားတဖက်ခြမ်းကို ပြန်တက်လာ နေနိုင်တာ ဖြစ်ပါတယ်။



ဒီနေရာမှာ သိထားရမှာက အောက်ပြုတ်ကျနေတုန်းက အလယ်ဗဟိုကို ရောက်ခါနီးလေ တဖြည်းဖြည်း အရှိန်မြန်လာလေ ဆိုတာပါပဲ။ ကမ္ဘာ့မြေဆွဲအားနဲ့ ပြုတ်ကျနေတဲ့ လားရာ တူနေတာကြောင့်ပါ။ ကမ္ဘာ့ဗဟိုချက်ကို ကျော်သွားပြီးတာနဲ့ ကျွန်တော်တို့က မြေမျက်နှာပြင်ဖက်ကို ဦတည်သွားနေချိန်မှာ ကမ္ဘာမြေက ဆန့်ကျင်ဖက် (အောက်ဖက်) ကို ဆွဲနေမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ရဲ့ အရှိန်ဟာလဲ တဖြည်းဖြည်း နှေးသွားမှာ ဖြစ်ပါတယ်။



ဘယ်အချိန်ထိ နှေးသွားမလဲ ဆိုတော့ အခြားတဖက်ခြမ်း ကမ္ဘာ့မြေမျက်နှာပြင် ရောက်တဲ့အ ထိပါပဲ။ အဲ့ ကံဆိုးတာကတော့ ရပ်သွားပြီးတာနဲ့ ဒီတွင်းကြီးထဲကို ပြန်ပြုတ်ကျသွားတာပါပဲ။ ပြီးရင် ကျွန်တော်တို့ မူလ လာခဲ့တဲ့ လမ်းကြောင်းအတိုင်း တပါတ်ပြန် လည်ပြီး မူလ ခုန်ချခဲ့တဲ့ တွင်းဝကို ပြန်ရောက်လာမှာ ဖြစ်ပါတယ်။ ကလေးတွေ ကစားကွင်းမှာ ဒန်းလွှဲလိုက်ရင် ဒန်းက ဟိုဖက်ဒီဖက် လွှဲနေသလိုပဲ ကျွန်တော်တို့ဟာလဲ တွင်းကြီးရဲ့ ဟိုဖက် ဒီဖက် ကို မရပ်မနား စုန်ချီ ဆန်ချီ သွားနေမှာ ဖြစ်ပါတယ်။ အရှိန်ကို နှေးသွားစေမယ့် လေရဲ့ ခုခံအားကလဲ မရှိဘူးဆိုတော့ တစ်ယောက်ယောက်က တွင်းရဲ့ အဝကနေ ဖမ်းမဆွဲလိုက်သရွေ့ သွားနေမှာ ဖြစ်ပါတယ်။



ရူပဗေဒ ပညာရှင်တွေက မူလက ကမ္ဘာ့ တစ်ဖက်ခြမ်းကနေ နောက်တစ်ဖက်ကို ရောက်ဖို့ အချိန် ၄၂ မိနစ် ကြာမယ်လို့တွက်ချက်ထားပါတယ်။ မြေမျက်နှာပြင်ကနေ အလယ်ဗဟိုကို ရောက်ဖို့ ၂၁ မိနစ်နဲ့ ဗဟိုကနေ နောက်တစ်ဖက်ကို ပြန်ရောက်ဖို့က ၂၁ မိနစ် ကြာမှာ ဖြစ်ပါတယ်။ ဒီတွက်ချက်မှုမှာ ပြဿနာကတော့ ကမ္ဘာကြီးရဲ့ ဆွဲငင်အားဟာနေရာအားလုံးမှာ ညီမျှနေတယ်လို့ ယူဆပြီး တွက်ထားတာ ဖြစ်နေလို့ပါ။



ဒါပေမယ့်အခု နောက်ဆုံး တွက်ချက်မှုမှာတော့ ၃၈ မိနစ်နဲ့ ၁၁ စက္ကန့်တိတိ ကြာမယ်လို့ ဆိုပါတယ်။ ဒါက လေရဲ့ ခုခံအား လုံးဝ မရှိဘူးလို့ ယူဆပြီး တွက်ချက်ထားတာ ဖြစ်ပါတယ်။ နောက်ပြီး ကမ္ဘာ့ ဆွဲအားက ကမ္ဘာမြေရဲ့ အနက်ပေါ် မူတည်ပြီး ပြောင်းလဲသွားတာကိုလဲ ထည့်သွင်း တွက်ချက် ထားတာ ဖြစ်ပါတယ်။



ဒါဆို လေရဲ့ ခုခံမှု ပါလာရင်ရော ဘယ်လောက် ကြာမလဲ။ ဒီအချက်ကိုတော့ သိပ္ပံပညာရှင်တွေကြားမှာ တူညီတဲ့ အဖြေမပေးနိုင်ကြပါဘူး။ တွက်ချက်မှုမှာ ထည့်သွင်းစဉ်းစားတဲ့ အချက်တွေပေါ် မူတည်ပြီး နာရီအနည်းငယ်ကနေ ရက်အနည်းငယ်ထိ ကြာမြင့်နိုင်တယ်လို့ အမျိုးမျိုး အဖြေပေးကြပါတယ်။

Leave a Comment