Uncategorized

ကမ္ဘာ့ပထမဆုံး အင်ပါယာရဲ့ ပထမဆုံးဘုရင်

အင်ပါယာလို့ ဆိုလိုက်တာနဲ့ ရောမအင်ပါယာ ၊ ဗြိတိသျှတို့ နေမဝင်အင်ပါယာ ၊ မွန်ဂိုအင်ပါယာ စတဲ့နာမည်တွေက အထင်ရှားဆုံးဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အင်ပါယာတွေဟာ ဒီအင်ပါယာတွေ မတိုင်မီ လွန်ခဲ့သော နှစ်ပေါင်း ၄၀ဝ၀ ကျော်ကာလကတည်းက ပေါ်ပေါက်နေခဲ့ပြီ ဖြစ်ပါတယ်။



ကမ္ဘာပေါ်မှာ အစောဆုံးအင်ပါယာတွေကတော့ ဘီစီ ၂၀ဝ၀ ကျော်ကာလကတည်းက မတ်ဆိုပိုတေးမီးယားဒေသမှာ ပေါ်ပေါက်နေခဲ့ကြပါပြီ။ မတ်ဆိုပိုတေးမီးယားဆိုတာကတော့ အာရှတိုက်အနောက်ပိုင်းက သမိုင်းဝင်ဒေသဖြစ်ပြီး ဒီနယ်မြေမှာ ယနေ့ အီရတ်နိုင်ငံ နဲ့ အတူ အီရန် ၊ တူရကီ ၊ ဆီရီးယား နဲ့ ကူဝိတ်တို့ရဲ့နယ်မြေတွေ ပါဝင်ကြပါတယ်။



ဒီလိုပေါ်ပေါက်လာခဲ့တဲ့ အင်ပါယာတွေအနက်က အစောဆုံးအဖြစ် သတ်မှတ်ထားကြတဲ့ အင်ပါယာကတော့ အက်ကက်ဒီယန်း Akkadian အင်ပါယာ ဖြစ်ပါတယ်။ ဆူမားယဉ်ကျေးမှုထွန်းကားပြီး နှစ်ပေါင်းများစွာကြာပြီးတဲ့နောက် ဘီစီ ၂၃၃၄ ခုနစ်ခန့်မှာ ဒီအင်ပါယာဟာ ပထမဆုံးအင်ပါယာအဖြစ် စတင်ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။




အက်ကက်ဒီယန်း အင်ပါယာကို စတင်တည်ထောင်ခဲ့သူကတော့ ဆာဂွန်အော့ဖ်အက်ကက် Sargon of Akkad ဖြစ်ပြီး သူ့ကို မဟာဆာဂွန် Sargon the Great လို့လည်းခေါ်ကြပါတယ်။ ဆာဂွန်ဆိုတာက စစ်မှန်သောဘုရင် လို့အဓိပ္ပါယ်ရပါတယ်။ သူဟာ ဆူမားရီးယန်းမြို့ပြနိုင်ငံပေါင်းများစွာကို သိမ်းပိုက်ခဲ့ပြီး ကမ္ဘာ့သမိုင်းမှာ ကျော်ကြားတဲ့ ဘုရင်တယောက်လည်း ဖြစ်ပါတယ်။ မတ်ဆိုပိုတေးမီးယား နတ်ဘုရားမ Inanna ရဲ့ စောင့်ရှောက်ခြင်းခံရသူလို့လည်း ဆိုကြတယ်။



ဒဏ္ဍာရီအရတော့ သူ့ရဲ့မွေးဖွားချိန်ကို မသိရပဲ ယူဖရေးတီးမြစ်ကမ်းပါးပေါ်က ဆက်ဖ်ဖရွန် ဆိုတဲ့ မြို့မှာ မွေးဖွားခဲ့တာလို့ သိရပါတယ်။ သူ့ရဲ့ဖခင်က နေရာအတည်တကျမရှိပဲ လှည့်လည်သွားလာနေတတ်တဲ့ nomad တယောက်ဖြစ်ပြီး မိခင်ကတော့ ဘုရားကျောင်းက ဝန်ထမ်းတယောက်ဖြစ်ပါတယ်။ သူ့ကိုမွေးပြီးတဲ့နောက် ခြင်းတောင်းတလုံးအတွင်းထည့်ပြီး ရေမှာမျောပစ်လိုက်ပါတယ်။



ဥယျာဉ်မှူး တယောက်က တွေ့သွားခဲ့ပြီး ကောက်ယူမွေးစားပြုစုခဲ့ပါတယ်။ ငယ်စဉ်က ဥယျာဉ်အလုပ်ကိုလုပ်ခဲ့ပြီး အရွယ်ရောက်လာတဲ့အခါ ကစ်ရှ်မြို့ ဘုရင်ရဲ့ ခွက်တော်ကိုင် တယောက်ဖြစ်လာခဲ့ပါတယ်။ cup-bearer ဆိုတာ ဘုရင်အတွက် ဝိုင်ခွက်ကို ကိုင်ပေးသူသာမက အနီးကပ်ယုံကြည်တဲ့သူ လည်း ဖြစ်တယ်။ သူဟာ ရာထူးတဆင့်ပြီးတဆင့်တိုးလာခဲ့ပြီးတဲ့နောက် နောက်တက်လာတဲ့ ယူရတ်ဘုရင် Lugal-zage-si လက်မှာတော့ ထီးနန်းကို လုယူနိုင်လိုက်တဲ့အထိ အင်အားကြီးမားလာခဲ့ပါတယ်။ ဘုရင်ဖြစ်ပြီးတဲ့နောက် သူ့ရဲ့ကိုယ်ပိုင်မြို့အဖြစ် Akkad မြို့ကို တည်ထောင်ခဲ့ပါတယ်။




သူဟာ ဆူမားနယ်မြေတွေကို တခုပြီးတခု သိမ်းခဲ့ပြီးတဲ့နောက် နောက်ဆုံးမှာတော့ မတ်ဆိုပိုတေးမီးယားဒေသတခုလုံးရဲ့ ဘုရင်ဖြစ်လာခဲ့ပါတယ်။ သူဟာ စစ်ပွဲကြီးပေါင်း ၃၄ ပွဲ တိုက်ခဲ့ရပြီး တခုပြီးတခု သိမ်းပိုက်ခဲ့တာဟာ ပင်လယ်ကမ်းခြေနားရောက်တဲ့အထိပဲ လို့ ဆိုကြပါတယ်။ ဆာဂွန်ဟာ ပထမဆုံးဖြစ်လာမယ့် အက်ကက်ဒီယန်းအင်ပါယာကို ဘီစီ ၂၃၃၄ မှာ ထူထောင်ခဲ့ပါတယ်။



ဆာဂွန်ဟာ လက်ရုံးရည်ရော နှလုံးရည်ပါ ပြည့်စုံတဲ့ဘုရင်တပါးဖြစ်ပြီး သူရဲ့ဦးဆောင်မှုနဲ့ ဆူမားရီးယန်းတို့ကို အောင်နိုင်ပြီးတဲ့နောက် ယခင်က နေရာအတည်တကျမရှိပဲ လှည့်လည်သွားလာနေတတ်တဲ့လူမျိုးတွေဟာ ဆူမားတွေကဲ့သို့ နေလှန်းရွှံ့အုတ်တွေနဲ့ အိမ်ယာများဆောက်လုပ်ကာ အတည်တကျနေထိုင်လာခဲ့ကြပါတယ်။ ဆူမားရီးယန်းတို့ထံမှ တဆင့် ဆင့်ပွားကာ ဆီးမိုက်ဘာသာစကားတွေကိုလည်း ရေးသားလာနိုင်ခဲ့ပါတယ်။




ဆာဂွန်ဘုရင်ရဲ့ နယ်မြေဟာ ပါရှန်ပင်လယ်ကွေ့မြောက်ပိုင်းရှိ အီလမ်မြို့မှ အနောက်ဖက် မြေထဲပင်လယ်အထိတိုင် ကျယ်ပြန့်သလို မြောက်ဖက်မှာလည်း ယူဖရေးတီး နှင့် တိုက်ဂရစ်မြစ်များ၏ အထက်ဖျားပိုင်းထိတိုင် ကျယ်ပြန့်ပါသေးတယ်။ တချို့သူအကြောင်း ရည်ညွှန်းထားတဲ့ မှတ်တမ်းအချို့မှာတော့ ဆာဂွန်ကို စစ်ပွဲများရဲ့ဘုရင် King of battle လို့လည်း ခေါ်ကြပါသေးတယ်။



သူ့ရဲ့အင်ပါယာကို စီးပွားကုန်သွယ်ရေးပေါ်မှာ အခြေခံပြီးတည်ဆောက်ခဲ့သလို မြို့တည်ဆောက်ခြင်း လမ်းဖောက်ခြင်းတွေကိုလည်း ပြုလုပ်ခဲ့တယ်။ မှတ်တမ်းတွေအရတော့ ဆာဂွန်ဟာ ထီးနန်းကို ဘီစီ ၂၃၃၄ ကနေ ဘီစီ ၂၂၇၉ ထိ နှစ်ပေါင်း ၅၅ နှစ်ကြာ စိုးစံခဲ့တယ်လို့ သိရပါတယ်။



တချို့မူကွဲတွေမှာတော့ ၅၄နှစ် ၊ ၅၆နှစ်လို့လည်း ဖော်ပြကြပါတယ်။ သဘာဝအတိုင်း အရွယ်ရပြီးမှ ကွယ်လွန်ခဲ့တာဖြစ်တယ်။ ဆာဂွန်ရဲ့ မိဖုရားကြီးက Tashlultum ဖြစ်ပြီး သမီးတော် Enheduanna က ကဗျာ စာပေအတတ်မှာ ထူးချွန်တယ်လို့ ဖော်ပြကြပါတယ်။ သူမကို နာမည်သိတဲ့ ကမ္ဘာ့ပထမဆုံးစာရေးဆရာလို့လည်း ဆိုကြတယ်။ ဆာဂွန်လွန်ပြီးတဲ့နောက်မှာတော့ သားတော် Rimush က ထီးနန်းကို ဆက်ခံခဲ့ပါတယ်။




ဆာဂွန်အကြောင်းနဲ့ ဆက်စပ်နေတဲ့ အုပ်ချပ်ကဗ္ဗည်းစာတွေ အများကြီးတွေ့ရှိရတဲ့အနက်က ဆူမားမြို့ဟောင်း Nippur မှာ တွေ့ရတဲ့ ကဗ္ဗည်းစာက အထင်ရှားဆုံးဖြစ်ပါတယ်။ ဘေလီလုံခေတ်ဟောင်းကာလက ရေးသားထားတဲ့ အုတ်ချပ်ဖြစ်ပြီး ၁၈၉၀ခုနှစ် ပင်ဆယ်ဗေးနီးယား တက္ကသိုလ်ရဲ့လေ့လာရေးခရီးစဉ်မှာ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။



ဆာဂွန်တည်ထောင်ခဲ့တဲ့ အက်ကက်ဒီယန်း အင်ပါယာဟာ နှစ်ပေါင်း ၂၀ဝ နီးပါးတည်တံ့ခဲ့ပြီး ဘီစီ ၂၁၅၄ မှာတော့ နိုင်ငံအတွင်းမှာ အယ်လ်မိုက် နဲ့ အမ်မိုရိုက်မျိုးနွယ်များကြီးစိုးလာခြင်းနဲ့အတူ ပြိုကွဲသွားရပါတော့တယ်။

Leave a Comment