Mon. Jun 5th, 2023

မြန်မာဘုရင် သီပေါမင်းသည် ၁၈၈၅ ခုနှစ်တွင် ပါတော်မူရာ ၁၉၀၀ပြည့်နှစ်အကျော် ရန်ကုန်မြို့၏ အခြေအနေ များမှာ အောက်ပါအတိုင်းဖြစ်သည်။



ထိုစဉ်က ရန်ကုန်ကမ်းနားလမ်းတွင် နာရီအချိန်တိတိကျကျ သိမှတ်ရန်အတွက် နေ့ ၁၂ နာရီ တွင် တစ်ကြိမ် ၊ ညဉ့် ၉ နာရီတွင် တစ်ကြိမ် အမြှောက်သံ နှစ်ချက် ပစ်ဖောက်လေ့ရှိသည်။



လမ်းမများပေါ်တွင် မြက်ခမောက်ဆောင်း ၊ ကောက်ရိုးဖိနပ်စီးထားသော ကျစ်ဆံမြီးတရုတ်ကြီးများ က လန်ခြား ဆွဲနေသည်။ မြင်းလှည်းအများစုကိုမူ အိန္ဒိယလူမျိုးက မောင်းနှင်နေတတ်ကြသည်။ ငွေကြေးတတ်နိုင်သူများက ကိုယ်ပိုင်အမိုးပွင့် ဒေါက်ကပ် နှင့် ဘာဂီခေါ် မြင်းရထားများကို စီးနင်းသွားလာနေကြသည်။



ထိုစဉ်က ရန်ကုန်မြို့သူ မြို့သားများသည် ရွှေတိဂုံသို့သွားရာတွင် ‘ပဲရထား’ ကို စီးသွားလေ့ရှိသည်။ ရထားခ ၁ပဲ ပေးရ၍ ‘ပဲရထား’ ဟု ခေါ်ခြင်းဖြစ်သည်။ ရန်ကုန် တိရစ္ဆာန်ဥယျာဉ်သည် ယနေ့ ဆေးရုံကြီးနေရာတွင် ရှိသည်။ ရုံဝင်ခ နှစ်ပြား ပေးရသည်။ ယနေ့သွားကောလိပ်နေရာတွင် ဆင်များကို ထူးခတ်ထားပြီး အခမဲ့ကြည့်ရှု့နိုင်သည်။ ဝိတိုရိယ(ယနေ့မဟာဗန္ဓုလ) ပန်းခြံတွင် စက် ဘီးငှားစီးနိုင်သည်။ ရွှေတိဂုံဘုရားခြေရင်းမှ ကန်တော်မင် ပန်းခြံတွင် မီးပုံးပျံစီးပွဲများ ကျင်းပတတ်သည်။



ထိုစဉ်က ရန်ကုန် နှင့် ကြီးမြင့်တိုင်လမ်းမှာ တောကြီးဖြစ်ပြီး လှည်းစီးပြီးသွားမှ ရောက်သည်။ ရန်ကုန်မြို့ လမ်းမတစ်လျှောက် တွင် ရေနံဆီနှင့် ထွန်းရသော ဆီမီးတိုင်များ စိုက်ထူထားပြီး အိန္ဒယအလုပ်သမားများက ညဘက်တွင် လာရောက် ထွန်းညှိပေးသည်။ ထို့နောက် နံနက်တွင် မီးခွက်များကို သိမ်းရသည်။ လမ်းအားလုံးလိုလိုမှာ ဖုန်အလွန်ထူထပ်ပြီးရေဖျန်းပေးရသည်။



ထိုစဉ်က ရန်ကုန်မြို့တွင်အစည်ကားဆုံးနေရာမှာ ရန်ကုန်ကမ်းနားဈေး ဖြစ်သည်။ လုပ်ငန်းစုံသည် ။ လူပေါင်းစုံ သည်။ ထိုနေရာသို့ သွားလျှင် အဓမ္မလက်ကြားလမ်းကို တတ်နိုင်သမျှ ရှောင်သွားလေ့ရှိကြသည်။ အဓမ္မလက်ကြား လမ်းဆိုသည်မှာ ယနေ့ ၂၄ လမ်းကို ခေါ်ခြင်းဖြစ်သည်။ အလစ်သမား ၊ ခိုးဆိုးလူ့ယက်မှုများ မင်းမူလျှက်ရှိသည်။ လမ်း ၃၀ တစ်ဝိုက်တွင်မူ ပြည့်တန်ဆာများ သောင်းကျန်းနေသည်။ ဗိုလ်မများကဲ့သို့ ဂါဝန်များ ဝတ်ထားတတ်သလို ၊ ကုလားဆာရီဝတ်များ ၊ ဂျပန်ကီမိုနိုများ စသည်ဖြင့် အရောင်အသွေးစုံစွာ ဝင်ဆင်ထားတတ်ကြသည်။ ထိုစဉ်က ‘ကွိတ်’ ဟု ခေါ်သည်။ ကိုလိုနီခေတ်ဦးတွင် ရန်ကုန်သည် မကောင်းမှုပေါင်းစုံနှင့် ပြည့်နှက်နေသော မြို့ဖြစ်သည်။



ကိုလိုနီခေတ်တွင် ရန်ကုန်ပုလိမ်အဖွဲ့မှာ အင်အားနည်းသဖြင့် လူမိုက်အဖွဲ့များ ကြီးစိုးမင်းမူကြသည်။ တပည့်တပန်း များ မွေးကာ တန်ခိုးထွားနေကြသည်။ ထိုစဉ်က နာမည်အကြီးဆုံးမှာ ကုလားလူမိုက်ကြီး မက်ရှ်တီးခန်း နှင့် မာမူ ဆား တို့ဖြစ်သည်။ သူ့ပိုင်နက် ကိုယ့်ပိုင်နက် ခွဲထားကြသည်။ ယနေ့ခေတ်အခေါ်နှင့်ဆိုလျှင် gangster ကြီးများဟုခေါ်ရပေမည်။ ထိုလူမိုက်အဖွဲ့များ အချင်းချင်း ရိုက်ပွဲဖြစ်လျှင် ရန်ကုန်ပုလိပ်အဖွဲ့မှာ မနိုင်မနင်းနှင့် အလုပ်ရှုပ်သွားလေ့ရှိသည်။



၁၉၁၁ ခုနှစ် အထိ ရန်ကုန်မြို့တွင် ရုပ်ရှင်ရုံဟူ၍ ခိုင်ခိုင်မာမာ အဆောက်အဦး မရှိသေးပေ။ ရွက်ဖျင်တဲအကြီးစား ကြီးများသာ ဖြစ်သည်။ လျှပ်စီးမီး မရှိသေး။ အင်ဂျင်စက်မောင်း၍သာ ဓာတ်အားပေးရသည်။ စက်ကို ရွက်ဖျင်တဲ ဘေးတွင်ထားရာ ရုပ်ရှင်ပြပြီဆိုလျှင် စက်သံမှာ ဆူညံနေတတ်သည်။ ရုပ်ရှင်ဟု ဆိုသော်လည်း နိုင်ငံခြား သတင် ကားတိုကလေးများကိုသာ ပြသခြင်းဖြစ်သည်။



ဒါတွေကတော့ တချိန်က ရန်ကုန်မြို့ရဲ့တကယ်ရှိခဲ့တဲ့မြင်ကွင်းတချို့ပဲဖြစ်ပါတယ်။ ဒါနဲ့ ပတ်သတ်လို့ မိတ်ဆွေ ဖတ်ဖူးမှတ်ဖူးတာလေးများရှိရင်လည်း အခြားသူတွေ ဗဟုသုတရအောင် ဝေမျှသွားပါဦး

Leave a Reply

Your email address will not be published. Required fields are marked *