Knowledge

ဘယ်တော့မှ လက်မြောက် အရံှုးမပေးတတ်တဲ့သူ ဟွန်ဒါရဲ့ဖခင်ကြီး

ဂျပန်နိုင်ငံက မော်တော်ကားနဲ့မော်တော် ဆိုင်ကယ်တွေ တကမ္ဘာလုံးကို တင်ပို့နေတဲ့ ဟွန်းဒါး(Honda) ဆိုတာ ကြားဖူးကြမှာပါ။ ဟွန်းဒါး ကုမ္ပဏီကို စတင် တည်ထောင်သူက ဂျပန်လူမျိုး ဟွန်းဒါးပါ။ နာမည် အပြည့်အစုံက Soichiro_Honda (ဆိုချီယို ဟွန်းဒါး )ဖြစ်ပါတယ်။ ဟွန်းဒါးကို အနောက်နိုင်ငံက သတင်းစာ မဂ္ဂဇင်းတွေမှာ အခက်အခဲနဲ့ ဘယ်လောက်ကြုံကြုံ ဘယ်တော့မှ အရှုံမပေးတဲ့ လူလို့ ချီးကျူးရေးသား ကြပါတယ်။ ဘာဖြစ်လို့ ဂျပန်လူမျိုးတယောက်ကို အနောက်နိုင်ငံတွေက ချီးမွန်းနေရတာလဲ ဆိုတာ လေ့လာကြည့်ကြ ရအောင်။



၁၉၃၈ခုနှစ်မှာ အသက်၂၁နှစ် အရွယ် လူငယ်လေး ဟွန်းဒါးဟာ မော်တော်ကား အင်ဂျင်မှာသုံးတဲ့ ပစ္စတင်ကွင်း (Piston_Ring )လေးတွေကို သူ့ရဲ့ကားပြင်တဲ့ အလုပ်ရုံမှာ စမ်းသပ်ထုတ်လုပ်တယ်။ အောင်မြင်ရင် တိုယိုတာမော်တော် ကားကုမ္ပဏီကြီးကို သူ့ပစ္စည်းတွေ သွင်းမယ်ပေါ့။ အလုပ်ရုံထဲမှာ တယောက်ထဲ နေ့ရော ညရော တကုပ်ကုပ်နဲ့ကြိုးစား ပမ်းစားလုပ်တယ်။ ပိုက်ဆံမလောက်လို့ သူ့မိန်းမရဲ့ လက်ဝတ် လက်စားတွေရောင်းချပြီး ဆက်လုပ်တယ်။ နောက် ဆုံးအောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပြီ။ ပစ္စည်းနမူနာအချို့ကို ယူပြီး တိုယိုတာ ကုမ္ပဏီကို သွားပြတယ်။ သူ့ပစ္စတင်ကွင်းတွေဟာ စမ်းသပ်ရင်း တချို့ကျိုးကုန်လို့ Quality အရည်အသွေး မမှီဘူးဆိုပြီး ပယ်ချလိုက်ပါတယ်။ သူစိတ်ပျက်လက်လျှော့ သွားပြီလား။



သူဟာ သ တ္တုကျိုစပ်နည်း ကိုကောင်းကောင်း မသိလို့ဖြစ်မှာပဲ ဆိုပြီး အင်ဂျင်နီယာကျောင်း သွားတက်တယ်။ ကျောင်းက အင်ဂျင်နီယာတွေက သူ့ရဲ့ ပစ္စတင်ကွင်းကို ကြည့်ပြီး ဝိုင်းဟားကြတယ်။ သူရှက်ပြီး စိတ်ပျက်သွားပြီလား။



၂နှစ်ကြာအောင် သူ့ရဲ ပစ္စတင်ကွင်းတွေကို ဆက်လုပ်တယ်။ နောက်ဆုံး အောင်မြင်သွားလို့ တိုယိုတာ ကုမ္ပဏီက လက်ခံပြီး ပစ္စည်းတွေ သွင်းဖို့ ကန်ထရိုက် စာချုပ်ချုပ်လိုက်တယ်။ အခု ဟွန်ဒါးဟာ ပစ္စည်းထုတ်လုပ်ဖို့ စက်ရုံတခုဆောက်ဖို့ လိုလာပြီ။ ဒါပေမဲ့ အဲဒီအချိန်မှာ ဒုတိယက မ္ဘာစစ်ကြီးစတင်တော့မှာမို့ ဂျပန်စစ်တပ်က ဘိလပ်မြေတွေ အကုန် သိမ်းထားတယ်။ ဟွန်းဒါးဟာ ဘိလပ်မြေကို ဘယ်မှာမှ ဝယ်လို့မရတော့ဘူး။ ဟွန်းဒါး စိတ်ပျက် သွားပြီလား။



သူဟာ ရတဲ့ ပစ္စည်းနဲ့ ဘိလပ်မြေ ထုတ်လုပ်နည်းကို တီထွင် လိုက်တယ်။ သူကိုယ်တိုင် ထုတ်တဲ့ ဘိလပ်မြေနဲ့ စက်ရုံကိုကွန်ကရစ်လောင်းပြီး အပြီးတည်ဆောက် လိုက်တယ်။ စက်ရုံဆောက်တာ ပြီးသွားပြီ။ ပစ္စတင်ကွင်းတွေ စထုတ်တော့မယ်။ ဒုတိယ ကမ္ဘာစစ်ကြီးဖြစ်နေတုံးမို့ သူ့စက်ရုံဟာ အမေရိကန်စစ်လေယဉ်တွေ့ရဲ့ ဗုံးကြဲချခြင်းကို -၂ကြိမ်တိုင်တိုင် ခံလိုက်ရတယ်။ စက်ရုံဟာ အတော် ပျက်စီးသွားတယ်။ ပိုဆိုးတာက ပစ္စတင်ကွင်းလုပ်ဖို့ သံထည် ပစ္စည်းတွေ ရှာမရတော့ဘူး။ ဂျပန်စစ်တပ်က သံပစ္စည်းတွေ အကုန်သိမ်းထားလိုက်ပြီ။ သူစိတ်ဓါတ်ကျပြီး လက်လျှော့ လိုက်ပြီလား။



သူဟာ အမေရိကန် စစ်လေယဉ်တွေက ပစ်ချလိုက်တဲ့ ဓါတ်ဆီပုံး အလွတ်တွေကို ကောက်ထား သူတွေဆီကနေ လိုက်ဝယ်တယ်။ အဲဒါတွေနဲ့ ဓါတ်ဆီပုံးခွံတွေကို သံရည်ကြိုချက်ပြီး ပစ္စတင်ကွင်း စတင်ထုတ်လုပ်တယ်။ သိပ်မကြာခင်မှာပဲ မြေငလျင်လှုပ်လို့ သူစက်ရုံပြိုကျ ပျက်စီးသွားတယ်။ ငါ ဒီလောက်တောင် ကံဆိုးလှချည်လားကွာ ဆိုပြီး စိတ်ဓါတ်ကျအရှုံးပေး လိုက်ပြီလား။



၁၉၄၅ခုနှစ် ဒုတိယ ကမ္ဘာစစ်ကြီးပြီးသွားပြီ။ အဲဒီအချိန်မှာ ဓါတ်ဆီ အရမ်းရှားသွားလို့ ဂျပန်လူမျိုးတွေဟာ ကုန်းကြောင်းလျှောက်ရင်လျှောက် မဟုတ်ရင် စက်ဘီးစီးပြီး သွားလာနေရတယ်။ဟွန်းဒါးက ဓါတ်ဆီအစား သက်သာတဲ့ အင်ဂျင်အသေးလေး တလုံးကို ကိုယ်တိုင်ထုတ်လုပ်ပြီး သူ့စက်ဘီးမှာမှာ တပ်လိုက်ပြီး တနေရာနဲ့တနေရာကို သွားလာတယ်။ အိမ်နီးချင်းတွေက သဘောကျပြီး သူ့ကိုအဲဒီလို အင်ဂျင်အသေးလေး တပ်ထားတဲ့ စက်ဘီးတွေလုပ်ပြီး ရောင်းပေးဖို့ပြောကြတယ်။သူလဲ အဲဒီစက်ဘီးလေး (နောက်တော့ ဆိုက်ကယ်လို့ခေါ်တယ်)တွေ ရောင်းပေးတယ်။ တဖြည်းဖြည်းနဲ့ လူသိများလာပြီ အော်ဒါတွေ မှာကြတယ်။ အင်ဂျင်လုပ်ဖို့ သံထည် ရှားပါးတာရယ် သူ့မှာငွေကြေး မလောက်တာရယ်ကြောင့် ဆိုင်ကယ်လေးတွေ ထပ်မထုတ်နိုင်တော့ဘူး။ ပစ္စည်းအော်ဒါမှာ သူတွေကို ပစ္စည်း မထုတ်နိုင်တော့ကြောင်းတောင်းပန်ရတယ်။သူစိတ်ပျက်သွားပြီလား။



ဟွန်းဒါးဟာ စက်ဘီးဆိုင်ပေါင်း (၁၈,၀၀၀)က ဆိုင်ပိုင်ရှင်တွေဆီကို စာပို့လိုက်ပါတယ်။ စာထဲမှာ ဒုတိယ ကမ္ဘာစစ်ရှုံးသွားတဲ့ ဂျပန်နိုင်ငံရဲ့ စီးပွားရေးပြန် လည်ကောင်းလာဖို့ သူကြိုးစားနေတာမို့ သူ့ကိုကူညီပြီး အစုငွေထဲ့ ဝင်ကြဖို့ရေးထားပါတယ်။ ဆိုင်ရှင်ပေါင်း (၅,၀၀၀)ဆီက စာပြန်လာတယ်။ သူ့ကို ကူညီမယ်ပေါ့။ သူ့ဆီမှာ အစုငွေထည့်မယ်ပေါ့။ အစုငွေတွေနဲ့ အသေးစား အင်ဂျင်တပ် ဆိုင်ကယ်လေးတွေ ထုတ်တယ်။ ရောင်းရလွန်းလို့ SuperCub စူပါကပ် ဆိုင်ကယ်ဆိုပြီးနာမည်ကျော် သွားတယ်။ စူပါကပ်တွေကို အမေရိကန်နဲ့ ဥရောပနိုင်ငံတွေကို အမြောက်အများ တင်ပို့နေရတယ်။ ဟွန်ဒါရဲ့ အင်ဂျင်နီယာပညာနဲ့ မားကက်တင်း ပညာရပ်တွေဟာ ဟွန်ဒါမော်တော်ဆိုင်ကယ်တွေကို Triumph နဲ့ Harley Davidson တို့ကို ကျော်လွန်ပြီးရောင်းနိုင်ခဲ့ပါတယ်။



၁၉၇၀ခုနှစ်မှာ တကမ္ဘာလုံးရေနံ ရှားပါးသွားတယ်။ အကွက်မြင်တဲ့ ဟွန်းဒါးဟာ သူ့ဟွန်းဒါး ကားကုမ္ပဏီကနေ ဆီစားသက်သာတဲ့ ကားသေးသေးလေးတွေ စတင်ထုတ်လုပ်ပြီး အနောက်နိုင်ငံတွေကို တင်ပို့တော့တယ်။ အနောက်နိုင်ငံတွေကလဲ ဆီစားသက်သာပြီး ဒီဇိုင်းလှလှလေးတွေနဲ့ ထုတ်လုပ်ထားတဲ့ ဟွန်းဒါးကားလေးတွေကို ကြိုက်ကြလွန်းလို့ အလုအယက်မှာကြတယ်။ ဝယ်ကြတယ်။ ဟွန်ဒါက သူ အနားမယူခင် ၁၉၇၃ ခုနှစ်အထိ ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ခဲ့ပြီး နောက်ပိုင်းမှာ ဒါရိုက်တာအဖြစ်ရပ်တည်ခဲ့ကာ အကြံပေးချုပ်အနေနဲ့ ၁၉၈၃ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ People မဂ္ဂဇင်းက ၁၉၈၀ ခုနှစ်အတွင်း လျို့ဝှက်စွာ ပြုလုပ်တတ်သော သူ ၂၅ ဦး စာရင်းမှာတင်သွင်းထားပြီး ဂျပန် ဟယ်ရီဆင်ဖို့ဒ်လို့ တင်စားခေါ်ဝေါ်ထားပါတယ်။ အနားယူပြီးနောက်ပိုင်းမှာလည်း ဟွန်ဒါက သူ့အလုပ်တွေကို ဟွန်ဒါဖောင်ဒေးရှင်းတည်ထောင်ပြီး အလုပ်လုပ်နိုင်ဖို့အတွက် ကြိုးပမ်းခဲ့ပါတယ်။



အသက်အတန်ကြီးမြင့်နေချိန်မှာတောင် ဆွိုင်ချီရိုနဲ့ သူ့အမျိုးသမီး ဆာချီတို့ဟာ တဦးချင်းပိုင်းလော့ လိုင်စင်ကို ရယူထားနိုင်ခဲ့ပါတယ်။ သူဟာ နှင်းလျောစီးခြင်း၊ ဂလိုက်ဒါစီးခြင်းနဲ့ မီးပုံးပျံ စီခြင်းတို့ကို ၇၇ နှစ်ထိပြုလုပ်ခဲ့ပြီး အင်မတန် လက်ရာမြောက်တဲ့ အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။ သူနဲ့ တာကီယို ဖူဂျီဆာဝါတို့ဟာ သူတို့ သားသမီးတွေကို သူတို့ကုမ္ပဏီမှာ အတင်းအကျပ် သွင်းတာမျိုး မလုပ်ဖို့ ကတိပြုခဲ့ကြပါတယ်။ သူ့သား ဟီရိုတိုရှိ ဟွန်ဒါက မူဂျန် ပြိုင်ကားကို တည်ထောင်သူဖြစ်ပြီး ဦးဆောင်ဒါရိုက်တာဟောင်းတစ်ဦးလည်းဖြစ်ပါတယ်။ မူဂျန်က ဟွန်ဒါကားတွေကို ပြိုင်ကားဖြစ်အောင် ပြောင်းလဲပေးတာအပြင် မူလဘူတ ပြိုင်ကားတွေကိုလည်း ထုတ်လုပ်ပါသေးတယ်။



ASME က ဆွိုင်ချီရို ဟွန်ဒါဆုကို ဟွန်ဒါရဲ့ လုပ်ကိုင်မှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ၁၉၈၂ ခုနှစ်မှာ စတင်ပေးပါတယ်။ ဒီဆုဟာ တစ်ကိုယ်ရည်သုံး သယ်ယူပို့ဆောင်ရေးပစ္စည်းတွေ ထုတ်လုပ်မှု တီထွင်မှုမှာ ထူးချွန်တဲ့သူတွေကို ပေးတာဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်မှာ သူဟာ ဒက်တရိုက်နားမှာရှိတဲ့ Automotive Hall of Fame အဖွဲ့မှာ ပါဝင်ခဲ့ပါတယ်။ ၁၉၉၁ ခုနှစ် ဩဂုတ်လ ၅ ရက်နေ့မှာ အသည်းရောဂါနဲ့ ကွယ်လွန်ခဲ့သူဟာ ကွယ်လွန်ပြီးကာမှ တတိယဆင့် ထူးချွန်သူ ဦးစားပေးအဖြစ် Order of the Rising Sun ရဲ့ Grand Cordon မှာ ရွေးချယ်ခံရပါတယ်။



ယနေ့ ဟွန်းဒါးမော်တော်ကား ကုမ္ပဏီကြီဟာ ဂျပန်နိုင်ငံသာမကပဲ အမေရိကန်နဲ့ဥရောပနိုင်ငံတွေမှာပါ ကားထုတ်လုပ်တဲ့ စက်ရုံပေါင်း များစွာထောင်ပြီး အဲဒီစက်ရုံတွေမှာ အလုပ်သမား သိန်းချီ လုပ်ကိုင်နေကြပါတယ်။ မိတ်ဆွေတို့ လုပ်ငန်းတခုခုလုပ်တာ မအောင်မြင်လို့ လက်မြောက် အရှုံးပေးချင်လာရင် ဘယ်တော့မှ အရှုံးမပေးတတ်တဲ့ ဆိုချီယိုဟွန်းဒါးကို ပြေးမြင်ကြည့် လိုက်ကြပါ။ ဟွန်းဒါးရဲ့ မှတ်သားစရာစကား တခုကတော့



“အောင်မြင်မှုမှာ ရှုံးနိမ့်မှု(၉၉)ရာခိုင်နူန်း ပါတယ်”တဲ့။

ဆရာဗန်းမော်သိန်းဖေ ရဲ့ သူတို့ဘာကြောင့် ကမ္ဘာကျော်ခဲ့သလဲ စာအုပ်မှ ( Credit – Thutazone )

Leave a Comment