Uncategorized

ဟံသာဝတီပုံနှိပ်တိုက်ကြီးကို စတင်တည်ထောင်သူ မင်းတုန်းမင်းကြီးရဲ့ မွေးစားသား ရစ်ပလေ

ဟံသာဝတီ ဦးဝင်းတင် ကိုတော့ အားလုံးသိကြမှာပါ။ အဓိပ္ပါယ်က တော့ အားလုံးသိတဲ့အတိုင်း ဟံသာဝတီသတင်းစာ အယ်ဒီတာချုပ် ဦးဝင်းတင် ပဲ ဖြစ်ပါတယ်။ ဦးဝင်းတင် ရှေ့က ဟံသာဝတီသတင်း စာကို တည်ထောင်ခဲ့သူဟာ မင်းတုန်းမင်းကြီးရဲ့ မွေးစားသား မစ္စတာ ရစ်ပလေပဲ ဖြစ်ပါတယ်။ နာမည်အပြည့်အစုံက Philip H. Ripley ပါ။ ၁၈၆၀ ပြည့်နှစ်တွင် ရခိုင်ပြည်နယ် ၊ကျောက်ဖြူမြို့မှာ မွေးဖွားခဲ့ပြီး သူ့ရဲ့ဖခင်မှာ ကျောက်ဖြူအရေးပိုင်အာမေးနီးယန်းလူမျိုး တစ်ဦးဖြစ်ပါတယ်။ ရခိုင်မှာ တာဝန်ထမ်း ဆောင်ရင်း ရခိုင်အမျိုးသမီး နဲ့ အိမ်ထောင်ကျပြီး ရစ်ပလေကို မွေးဖွားခဲ့တာ ဖြစ်ပါတယ်။



ရစ်ပလေရဲ့ဖခင်ဟာ မင်းတုန်းမင်းနဲ့ အဆင်ပြေသူဖြစ်ပြီး မန္တလေးကို သွားတိုင်း ရစ်ပလေကို မကြာခဏခေါ်သွားလေ့ရှိပါတယ်။ ဆံပင်နီရဲရဲနဲ့ ရစ်ပလေကို မင်းတုန်းမင်းကြီးဟာ ချစ်မြတ်နိုးပြီး သားအဖြစ် မွေးစားလိုက်ပါတယ်။ အရွယ်ရောက်တော့ သီပေါမင်းတို့ တောင်သမန်လယ်စား မောင်ဖေငယ်တို့နဲ့ အတူ ဆရာမှတ်ကြီးရဲ့ သံတဲကျောင်းမှာ ပညာသင်စေပါတယ်။ စာကြိုးစားသူ ရစ်ပလေကို ကင်းဝန်မင်းကြီး နဲ့ ဝက်မစွတ်ဝန်ထောက်မင်း တို့က အထူးပင် ချစ်ခင်ကြပါတယ်။



ရစ်ပလေ ၁၇ နှစ် ရောက်တော့ မန္တလေးနန်းတွင်းရေးဟာ ရှုပ်ထွေးလာ တာကြောင့် ရစ်ပလေဟာ အောက်ပြည်အောက်ရွာ ရန်ကုန် ကို စုန်ဆင်း လာခဲ့ပါတယ်။ ရန်ကုန်မှာပဲ မီးရထားဌာန ၊ အတွင်းဝန်ရုံး ၊ စာတော်ပြန်ဌာန တို့မှာ အလုပ်ဝင်ပြီး နှစ်နှစ်ခန့်အကြာမှာတော့ ပညာ့အလင်း မဂ္ဂဇင်းမှာ လက်ထောက်အယ်ဒီတာအဖြစ် ဝင်ရောက်လုပ်ကိုင်ပြန်ပါတယ်။ ထို့နောက် စာတော်ပြန်ဝန်ထောက် အဖြစ်ပြောင်းရွေ့လုပ်ကိုင်ခဲ့ ပြန်ပါတယ်။ စာတော်ပြန်ဝန်ထောက်ဘဝမှာပဲ ရခိုင်အမျိုးသမီး ဒေါ်စီရဲ့ သမီး အင်နီ နဲ့ လက်ထပ်ခဲ့ပါတယ်။



၁၈၈၆ ခုနှစ်တွင် ရန်ကုန် ၃၄ လမ်း၌ ဟံသာဝတီ ပုံနှိပ်တိုက်ကို စတင် တည်ထောင်ခဲ့ပါတယ်။ ၁၈၉၃ ခုနှစ် မှာတော့ ပုံနှိပ်တိုက်လုန်းငန်း အတွက်လိုအပ်တဲ့ ခဲစာသွန်းလုပ်သော ပညာနှင့် ပုံနှိပ်ပညာ များကို အင်္ဂလန်သို့ သွားရောက်သင်ယူခဲ့ပါတယ်။ ၁၈၉၇ မှာတော့ ရန်ကုန်ကို ပြန်ရောက်လာပြီး ဆူးလေဘုရားလမ်းမှာ ဝန်ထမ်း ၁၈၀ ခန့်ရှိတဲ့ ဟံသာဝတီပုံနှိပ်တိုက်ကြီး ကိုထပ်မံ တည်ထောင်ခဲ့ပြန်ပါတယ်။ မကြာမီ ဟံသာဝတီသတင်းစာ ကို ထုတ်ဝေလိုက်ရာ လူကြိုက်များခဲ့ပါတယ်။ ဟံသာဝတီပုံနှိပ်တိုက်မှ ထိုခေတ်က နာမည်ကြီးစာအုပ်များဖြစ်တဲ့ ပဋာစာရီဝထ္ထု ၊ ပညာမင်းကြီးဟန်တား၏ ဣန္ဒိယ၊ ကင်းဝန်မင်းကြီး၏ ဥရောပသွား၊ လန်ဒန်သွား ၊ ပြင်သစ်သွား နေ့စဉ်မှတ်တမ်း စာအုပ်များကို ထုတ်ဝေနိုင်ခဲ့ပါတယ်။



မစ္စတာရစ်ပလေမှာ ဆန္ဒတစ်ခုရှိပါတယ်။ ဒါကတော့ သူ့ရဲ့မွေးစားဖခင် မင်းတုန်းမင်းရဲ့ ကုသိုလ်ဖြစ်တဲ့ ကုသိုလ်တော်ဘုရားအတွင်းမှာ ကျောက်ထက်အက္ခရာတင်ထားတဲ့ ပဉ္စသင်္ဂါယနာတင် ပိဋကတ်သုံးပုံကိုပုံနှိပ်ထုတ်ဝေချင်တာပဲ ဖြစ်ပါတယ်။ တောင်ခွင်သာသနာ ဆရာတော် ကြီးရဲ့ ခွင့်ပြုမှု ၊ လမ်းညွှန်မိန့်ကြားမှုဖြင့် ပုံနှိပ်ထုတ်ဝေရန် ကူးယူခဲ့ပါတယ်။ ကူးယူပြီး ပရုဖတ်ခြင်း(သဒ္ဒါနဲ့ စာလုံးပေါင်းသတ်ပုံ မှန်မမှန် စစ်ဆေးခြင်း) ပြုလုပ်၌ မူရင်းကျောက်စာများနှင့် အသေအချာ တိုက်ဆိုင်စစ်ဆေးခဲ့ပါ တယ်။ ရစ်ပလေရဲ့ကြိုးစားမှုကြောင့် ပိဋကတ်သုံးပုံစာအုပ်တွေဟာ ၁၉၀၀ ဝန်းကျင်မှာ ပေါ်ထွက်လာခဲ့ပါတယ်။



မစ္စတာရစ်ပလေ၏ ပုံနှိပ်စက်များမှာ မင်ကျမင်န အလွန်ကောင်းပြီး အခြား ပုံနှိပ်တိုက်များကို ဖြစ်ကတတ်ဆန်း မဟုတ်ပါ။ ပုံနှိပ်တိုက်က ထွက်တဲ့ စာအုပ်တိုင်း အမှန်ကန်ဆုံး ဖြစ်စေဖို့ မြန်မာစာပေ အလွန်တတ်ကျွမ်းတဲ့ လူပြန်တော်ပညာရှိ များ ကို ခေါ်ယူခန့်ထားပါတယ်။ ( ပုံမှန်ဘုန်းကြီး ဘဝမှ လူထွက်လာသူကို အရပ်အခေါ်နဲ့ ဘုန်းကြီးလူထွက်လို့ ခေါ်ကြပေ မယ့် စာတတ်ကျမ်းတတ် ပုဂ္ဂိုလ်များကိုတော့ လူပြန်တော် လို့ခေါ်ကြောင်းသိရပါတယ်)



ရစ်ပလေရဲ့ ပုံနှိပ်တိုက်မှ ထွက်တဲ့ စာအုပ်တွေ ဘယ်လောက် သဒ္ဒါ သတ်ပုံ မှန်ကန်သလဲ ဆိုရင် အမှားတစ်လုံးတွေ့ရင် ဆုငွေ ၅ ကျပ် (ထိုခေတ်က အလွန်များတဲ့တန်ဖိုးပါ) ချပါမယ် ဆိုပြီး စိန်ခေါ်ကြေငြာတဲ့ အထိပါပဲ။ ဒါကြောင့်လဲ ဟံသာဝတီတိုက်ထွက် စာအုပ်တွေဟာ သဒ္ဒါ သတ်ပုံ လှည့်ကြည့်နေစရာမလိုပဲ ကျမ်းကိုးရင်တောင် ‘ဟံသာဝတီမူ’ ဆိုပြီး တလေးတစားဖော်ပြခံရပါတယ်။



ရစ်ပလေဟာ မြန်မာလူမျိုးစစ်စစ် မဟုတ်သော်ငြား မြန်မာဘုရင် နဲ့ မြန်မာစာပေကို အလွန်လေးစားသူ ဖြစ်ပါတယ်။ သူ့မွေးစားဖခင် မင်းတုန်း မင်းကြီး ကို ‘မင်းတုန်းမင်း’ လို့ သူ့ရှေ့မှာ ဘယ်သူမှ မခေါ်ရဲပါ။ သူ ကိုယ်တိုင်ကလည်း ဘဝရှင်မင်းတရားကြီး လို့ပဲ ခေါ်ပါသတဲ့။ မြန်မာ့စာပေအကျုးိကို ဆောင်ရွက်ခဲ့သူ ၊ ပိဋကတ်သုံးပုံကျောက်စာများကို ပထမဆုံး စက်တင်ပုံနှိပ်ရန် အကြံရ ခဲ့သူ ချီးကျူးဂုဏ်ပြုထိုက်ဖွယ် မစ္စတာရစ်ပလေ အကြောင်းကို ဗဟုသုတ အဖြစ် ရေးသားတင်ပြလိုက်ပါတယ်။



Ref: ရစ်ပလေမှ ဦးဝင်းတင်ထိ နှစ်ပေါင်း ၁၁၁ နှစ်ကြာ ဟံသာဝတီသတင်းစာ – မောင်စွမ်းရည်
မြန်မာ့သမိုင်းဝင် သမိုင်းတင်ခဲ့သော ဖြစ်ရပ်များ – နန္ဒာမိုးကြယ်

Leave a Comment