Knowledge

၅နှစ်သားနဲ့ မြန်မာတပြည်လုံးဟိုးလေးကျော်ခဲ့သူ ပိဋကတ်မောင်ထွန်းကြိုင်

လွန်ခဲ့သော နှစ်ပေါင်း ၉ဝ-ကျော်ခန့်က မြန်မာဗုဒ္ဓဘာသာ လောက၌ ထူးခြားသော သူငယ်ကလေးတဦး ပေါ်ပေါက်ခဲ့ဖူးသည်။ သူသည် ဓမ္မကထိက မောင်ထွန်းကြိုင် ခေါ် ပိဋကတ် မောင်ထွန်းကြိုင် ဖြစ်သည် အသက် ၅-နှစ်ခန့် အရွယ်မျှနှင့်ပင် လူထုပရိသတ် ရှေ့မောက်၌ တရားဟောပြောနိုင်သည်။ သူဟောသော တရားမှာလည်း အလွန် နက်နဲသိမ်မွေ့သော ဗုဒ္ဓတရားတော် ဖြစ်သည်။ “လေးသင်္ချေနှင့် ကမ္ဘာတသိန်း၊ ရှစ်သင်္ချေနှင့် ကမ္ဘာတသိန်း၊ တဆယ့်ခြောက်သင်္ချေနှင့် ကမ္ဘာတသိန်းတိုင်တိုင် ပါရမီဖြည့်မှ ရ၍၊ သဗ္ဗညုတ ရွှေဉာဏ်တော်ဖြင့် ဟောကြားတော် မူအပ်သော တရားတော်ကို ရိုရိုသေသေ နာကြပါခင်ဗျား။ ကျွန်တော် မောင်ထွန်းကြိုင်ကလေးကို မရိုသေကြပါနှင့် ခင်ဗျား’ဟူ၍ အစချီကာ ဟောပြောသည်။



ဟောပြောရာ၌ ဒုစရိုက် ၁ဝ-ပါး၊ ပုညကြိယာ ၁ဝ-ပါး၊ ပါရမီ ၁၀-ပါး၊ ဒွတ္တိံသ ၃၂-ပါး၊ ခန္ဓာ ၅-ပါး၊ ဗောဓိပက္ခိယတရား ၃၇-ပါး၊ သမ္မပ္ပဓာန် ၄-ပါး၊ ဣဒ္ဓိပါဒ် ၄-ပါး၊ ဣန္ဒြေ ၅-ပါး၊ ဗိုလ် ၅-ပါး ဗောဇ္ဈင် ၇-ပါး၊ မဂ္ဂင် ၈-ပါး၊ လက္ခဏရေး ၃-ပါး၊ အပါယ် ၄-ပါး၊ စေတီ ၄-ပါး၊ ဂုဏ်တော် ၉-ပါး စသည်တို့ကို ပါဠိဘာသာနှင့်တကွ မြန်မာလို အနက်ပြန်၍ ရှင်းလင်းဟောပြောသည်။ ခက်ခဲနက် နဲ သော အဘိဓမ္မာတရားကိုလည်း ရှင်းလင်း ဟောပြောသည်။ ထို့ပြင် ဗဋိစ္စသမုပ္ပါဒ် တရားတော်ကိုလည်း ရှင်းလင်း ဟောပြသည်။



“အဝိဇ္ဇာချုပ်လျှင် သင်္ခါရချုပ်ပါသည်။ သင်္ခါရချုပ် လျှင် ဝိညာဉ်ချုပ်သည်။ ဝိညာဉ်ချုပ်လျှင် နာမ်ရုပ် ချုပ်သည်။ နာမ်ရုပ် ချုပ်လျှင် သဠာယတနချုပ်သည်။ သဠာယတနချုပ်လျှင် ဖဿချုပ်သည်။ ဖဿချုပ်လျှင် ဝေဒနာချုပ်သည်။ ဝေဒနာချုပ်လျှင် တဏှာချုပ်သည်။ တဏှာချုပ်လျှင် ဥပါဒါန်ချုပ်သည်။ ဥပါဒါန် ချုပ်လျှင် ဘဝချုပ်သည်။ ဘဝ ချုပ်လျှင် ဇာတိချုပ်သည်။ ဇာတိချုပ်လျှင် မရဏ၊ သောက၊ ပရိဒေဝ၊ ဒုက္ခံ၊ ဒေါမနဿ၊ ဥပါယာသချုပ်ပါသည် ခင်ဗျား’ စသည်ဖြင့် ကျကျနန တင်ပြ ဟောပြောသည်။ ထို့ပြင် သက္ကာယ ဒိဋ္ဌိ ခွာသင့်ကြောင်းကိုလည်း….



“ငါ့ကိုယ်၊ ငါ့ရုပ်၊ ငါ့နာမ်၊ ငါ့ရွှေ၊ ငါ့ငွေ၊ ငါ့လယ်၊ ငါ့ယာ၊ ငါ့ကိုင်း၊ ငါ့ကျွဲ၊ ငါ့မြင်း၊ ငါ့ပစ္စည်း၊ ငါ့သား၊ ငါ့သမီး၊ ငါ့မယား၊ ငါ့အဆွေ၊ ငါ့အမျိုး၊ ငါသာ တတ်သည်၊ ငါသာမြတ်သည်၊ ငါသာ လိမ္မာသည်၊ ငါ့သာ ပညာရှိသည်ဆိုတာ သက္ကာယဒိဋ္ဌိကြီးပါခင်ဗျာ။ အပါယ်ကြောက်လျှင် ဒိဋ္ဌိကို ခွာကြပါခင်ဗျာ…’ စသည်ဖြင့်လည်း ဟောကြားသည်။ ကြားနာရသူတိုင်း အံ့ချီးမဆုံးရှိကြသည်။ သူသည် မြို့ရွာအများသို့ လှည့်လည် တရားဟောခဲ့သည်။ ဟိုမြို့ကဖိတ် သည်မြို့ကဖိတ်နှင့် ရှိခဲ့သည်။ အံ့ချီးဖွယ်ကောင်းသဖြင့် လူပရိသတ်သာမက ရဟန်းပရိသတ်များကပါ သူ့တရားပွဲသို့ လာရောက်ကြသည်။ ပရိသတ် ၅ဝဝဝ-ကျော် ၆ဝဝဝအထိ စည်ကားခဲ့သည်။ ရန်ကုန်မြို့ ရွှေတိဂုံ စေတီတော်ရှိ ဇရပ်များတွင် တနေ့ တနေရာစီ ရွှေ့ပြောင်း ဟောပြောခဲ့ရာ ၁၁-ရက်တိတိ ကြာခဲ့သည်။



ပန်းတနော်မြို့နှင့် ညောင်တုန်းမြို့များ၌ တရားဟောစဉ် မောင်ထွန်းကြိုင်က မိမိသည် ယခင်ဘဝဟောင်းက ပန်းတနော်မြို့မှ ယွန်းကျောင်း ဆရာတော်ဘုရားကြီး ဦးပဏ္ဍိစ္စ ဖြစ်ခဲ့ဖူးကြောင်း ပြောဆိုသည်။ သို့ပြောဆိုရာမှ ဦးပဏ္ဍိစ္စ ပုံပန်းသဏ္ဌာန်နှင့် လူအမည်တို့ကိုလည်း ပြောပြသည်။ ဆရာတော် ဦးပဏ္ဍိစ္စ စီးခဲ့သော လှေအမည်ကိုလည်း ပြောပြသည်။ အားလုံး မှန်ကန်နေပေသည်။ ယွန်းကျောင်းဆရာတော် ဦးပဏ္ဍိစ္စမှာ ၁၂ဝ၇-ခုနှစ်တွင် ဖွား၍ ၁၂၇၇-ခုတွင် ပျံလွန်တော်မူခဲ့သည်။ ဝိနည်းပိဋကတ်တော်တို့ကို ကျွမ်းကျင်စွာ တတ်မြောက်သည်။ မင်းတုန်းမင်းနှင့် သီပေါမင်းတို့ အထူးရိုသေပူဇော်ခြင်းကို ခံရသော ရဟန်းမြတ်ဖြစ်သည်။ မန္တလေးတွင် သီတင်းသုံးတော်မူရာမှ ၁၂၄၇-ခုတွင် သီပေါမင်း ပါတော်မူသောအခါ ပန်းတနော်မြို့ ယွန်းတိုက်ကြီးတွင် ပြောင်းရွှေ့သီတင်းသုံးတော်မူခဲ့သည်။



ထို့ပြင် မောင်ထွန်းကြိုင်က ထိုစဉ်က သက်ရှိထင်ရှားရှိနေသော ယွန်းကျောင်း တိုက်အုပ်ဆရာတော် ဦးဇာဂရကိုလည်း “မောင်ဇာဂရ’ဟု ခေါ်ကာ ရင်းနှီးစွာ ပြောဆို ဆက်ဆံခဲ့လေသည်။ မောင်ထွန်းကြိုင်သည် ပန်းတနော်မြို့အပိုင် မင်းဆယ်ရွာဇာတိ ဖြစ်သည်။ ၁၂၈၁-ခု၊ ပြာသိုလဆုတ် ၂-ရက်၊ အင်္ဂါနေ့တွင် ဖွားမြင်သည်။ အဘမှာ ကိုဘမောင်၊ အမိမှာ မမယ်ရီ ဖြစ်သည်။ ကိုဘမောင်နှင့် မမယ်ရီတို့သည် အလွန်ဆင်းရဲကြသည်။ မောင်ထွန်းကြိုင်သည် ၄-နှစ်သား အရွယ်တွင် မော်လမြိုင်ကျွန်းအပိုင်၊ ကျုံလတာ ရွာသို့ ခေတ္တပြောင်းရွှေ့ပြီး စီးပွားရှာကြသည်။ ကိုဘမောင်က ပျိုးနုတ် ကောက်စိုက် အလုပ်ကို လုပ်သည်။ မမယ်ရီက သင်ဖြူးဖျာ ယက်သည်။ ထိုနောက် မင်းဆယ်ရွာသို့ တဖန်ပြန်လာကြသည်။ လှေဖြင့် မိသားစုပြန် လာစဉ် ဘိုကလေးသို့ ရောက်သောအခါ ခေတ္တဝင်နားကြသည်။ ကိုဘမောင်တို့က မိတ်ဆွေတဦးကို သွားရောက် နှုတ်ဆက်သည်။ ထိုနောက် ပြန်လည် ထွက်ခွာမည်ပြုစဉ် မောင်ထွန်းကြိုင်က သူတော်ကောင်း အိမ်တအိမ်သို့ ပို့ပေးပါ။ တရားဟောလိုပါသည် ဆိုသည်။



သို့ဖြင့် ဦးရွှေစိုးဆိုသူ၏ အိမ်သို့ အဘကပို့ပေးရာ မောင်ထွန်းကြိုင်က တရားဟောသည်။ ထိုမှစ၍ မောင်ထွန်းကြိုင်သည် တရားများ ဟောခဲ့သည်။ ထိုစဉ်က အသက် ၄-နှစ်နှင့် ဂ-လအရွယ်သာ ရှိပေသည်။ မောင်ထွန်းကြိုင်ကို ဆရာတော်များနှင့် ရဟန်းလူထွက်များက ပါဠိ စာပေများကို မေးမြန်းကြရာ ရဲဝံ့မှန်ကန်စွာပင် ဖြေဆိုပြနိုင်ခဲ့သည်။ မေးမြန်းသော ဆရာတော်များတွင် ဆရာတော် ဦးသုဘောဂလည်း ပါဝင် သည်။ ဆရာတော် ဦးသုဘောဂမှာ တောင်တွင်းကြီးမြို့ မြောက်ဘက် ၁၂မိုင်ကွာ အရပ်ရှိ ရဟန္တာကုန်း၌ သီတင်းသုံးတော်မူသော အရှင်သူမြတ် ဖြစ်သည်။ သက်တော် ၆ဂ- နှစ်၊ ဝါတော် ၄ဂ-ဝါရှိသော တောရ ဆရာတော် ဖြစ်သည်။ ဆရာတော်ဘုရားသည် မောင်ထွန်းကြိုင် တရားဟောရာ ဓနုဖြူမြို့သို့ ကြွလာပြီး ပါဠိကျမ်းဂန်လာ စာအချို့ကို မေးမြန်းတော်မူသည်။ မောင်ထွန်းကြိုင်က မကြောက်မရွံ့ပဲ ရဲဝံ့မှန်ကန်စွာ ဖြေဆိုပြခဲ့လေသည်။



ထိုခေတ်က ပိဋကတ် မောင်ထွန်းကြိုင်၏ အမည်သည် မြန်မာတနိုင်ငံလုံး ပျံ့နှံ့ထင်ရှားခဲ့သည်။ သူ့အကြောင်းကို သတင်းစာများကလည်း ရေးသားဖော်ပြကြသည်။ စာအုပ်များ ရေးသား၍လည်း ထုတ်ဝေ ရောင်းချကြသည်။ ထို့ပြင် သူ့အကြောင်းကို ကဗျာများဖွဲ့ဆိုကြသည်။ သီချင်းများ ရေးစပ်၍လည်း သီဆိုကြသည်။ ယင်းတို့အနက် ၁၂-လမ်း ဆရာဖောင် ရေးသား၍ နာမည်ကျော် အဆိုတော် မစိန်မှုန် သီဆိုသော သီချင်းမှာ အောက်ပါအတိုင်း ဖြစ်သည်။



“မြတ်ဗုဒ္ဓာ သာသနာအတွင်းပေမို့၊ လောကုတ္တရာ ဘာသာအရင်းကိုဖြင့်၊ (သြော် )စာဓမ္မခံလင်းခဲ့တာက မောင်ထွန်းကြိုင် . . . . . . . အမည်ထူးပေသည်။ ဆန်းပေသည်။ (မှန်ပါပေအတည်)။ အဘိဓမ္မာဓမ္မေသဘောကိုလ၊ သုတ်ပိနေယာ စာဖြေလို့ ဟောခဲ့တာကြောင့်၊ ပြောဖွယ် အရပ်ရပ်မှာဖြင့် ကမ္ဘာတည်၊ မြန်မာပြည်မှာဖြင့် ဓမ္မကထိက ပုဂ္ဂိုလ်ကျော်တဦး(၂)။ ထူးပေသည်။ ဆန်းပေသည်။ (မှန်ပါပေအတည်)။ တောင်ကျွန်းဇမ္ဗူဒီ၊ လက်ယာမြေမဟီ၊ ဓမ္မာရွှေစီ ရွန်းလို့လာသည်။ ပန်းတနော်မင်းဆယ်နဂရ၊ ခပင်းနယ်အဝဝ၊ စံရမမီ(၂)။ တွေးရစ်ဖို့ စကားအတည်၊ လေးနှစ်သား ဇာမနည်။ (၂)၊ ကိုဘမောင် အမည်၊ မမမယ်ရီ၊ ပတ္တမြားရွှေကြုတ်မှာ၊ အားထုတ်ခါပ အတည်။ (ရှေးဘဝကုသလအညီ၊ ၂) ဓမ္မကထိက မောင်ထွန်းကြိုင်အမည်။ ၂) ပိဋကတ်သုံးပုံ၊ နှုတ်ငုံဆောင်နိုင်ကြည်၊ ဟုတ်ပေသည်။ ဘုရားဆုပန် မင်းယောက်ျားမို့ ထက်မြက်ပေသည်။ အဘိဓမ္မာ သဒ္ဒာသွင်းလို့၊ ရင်းဝဓနတည်ကြည်၊ (၂)။ (ထူးမြတ်ပေသည်)၂။ စာဂီ အာသီ ပါရမီ၊ မြန်မာပြည်အဝှန်းမှာ၊ ထွန်းတောက်ခဲ့သည်။ (ရှေးဘဝကုသလအညီ(၂)၊ ကထိက၊ မောင်ထွန်းကြိုင်အမည်(၂) ပိဋကတ်သုံးပုံ နှုတ်ငုံခေဆာင်နိုင်ကြည်၊ ဟုတ်ပေသည်။



ဘဒ္ဒဤကမ္ဘာ မှတ်စရာတွေးကြည်၊ သဗ္ဗဗုဒ္ဓာဆုပတ္ထနာတောင်းသည်။ သတ္တဝါအပေါင်းကို အောင်ကြောင်းမျှော်ရည်၊ ရှိသမျှ တောင်းကျွန်းမဟီ၊ (၂)၊ (ရှေးဘဝကုသလအညီ) (ဓမ္မကထိက မောင်ထွန်းကြိုင်အမည် ၂)၊ ပိဋကတ်သုံးပုံ နှုတ်ငုံခေဆာင်နိုင်ကြည်။ ဟုတ်ပေသည်။ (ပတ်စာပိုး) ပိဋကတ်ရွှေစာ ပြေရွာ အတွင်းမှာလ အသေအချာ လင်းခဲ့တာက၊ ဓမ္မကထိကအခြေညီ၊ သတင်းကြားနှင့်မယုံကြည်၊ အချို့လူက ပြောကြပေသပ၊ နဂိုမူလ သဘောမှာတော့ ကုသလပါရမီ၊ ရှုကြစို့စာသာကီ ရုပ်ပုံဖိုတို ဘလောက်ကိုလ၊ အဟုတ်ပ ကြည်ညိုဖို့ ရောက်ခဲ့တာက မပြတ်မလပ်သပ တကယ် ကြည်၊ မောင်ထွန်းကြိုင်၏ ပါရမီ၊ မြန်မာပြည် ဟံသာဝတီအတွင်းမှာလ၊ ဖက်ပြိုင်လို့မသီ၊ စံတုမမီ၊ ရှေးဘဝက ကုသလပုညအတည်။ (၁၂)လမ်း ဆရာဖောင်၊ စားသွားနဝင်အေးကြည်။ (မစိန်မှုံ) ဆိုရ ပြန်တော့သည်။”



ထိုခေတ်က “ပိဋကတ်မောင်ထွန်းကြိုင်’အကြောင်း ရေးသားထုတ် စာအုပ်များတွင် “ဝိသေသထူးသော၊ ပုဂ္ဂိုလ်ထူး၊ ဓမ္မကထိက။ သုံးဘဝကူး မောင်ထွန်းကြိုင်၏ အတ္ထုပ္ပတ္တိ” အမည်ရှိ စာအုပ်မှာ စုံလင်သည်။ ယင်းကို ရန်ကုန်မြို့၊ ၁ဂ၅ ဒါလဟိုဇီလမ်း၊ မောင်မြကြည် တံဆိပ်ထု စာပုံနှိပ်တိုက်က ထုတ်ဝေသည်။ထိုစာအုပ်တွင် မောင်ထွန်းကြိုင် ၏ အတ္ထုပ္ပတ္တိအကျဉ်းကိုလည်း ဖော်ပြသည်။ ပန်းတနော်မြို့ ယွန်းကျောင်း ဆရာတော် ဘုရားကြီး၏ ထေရုပ္ပတ္တိ အကျဉ်းကိုလည်း ဖော်ပြသည်။ မောင်ထွန်းကြိုင် ဟောပြောသော တရားအချို့ကိုလည်း ပူးတွဲပြသည်။ မောင်ထွန်းကြိုင်အကြောင်း ဖွဲ့ဆိုသော ကဗျာနှင့် သီချင်အချို့ကိုလည်း ဖော်ပြသည်။ ထို့ပြင် မောင်ထွန်းကြိုင်၏ ဓာတ်ပုံ၊ မောင့်ထွန်းကြိုင်ဖခင် ကိုဘမောင်၏ ဓာတ်ပုံ၊ ယွန်းကျောင်း ဆရာတော်ဘုရားကြီး ဦးပဏ္ဍစ္စ၏ ပုံတော်၊ ထိုစဉ်က လက်ရှိကျောင်းတိုက် ဆရာတော် ဦးဇာဂရ၏ ပုံတော်စသည်တို့ကိုပါ ဖော်ပြထားသည်။



ထိုစာအုပ်၌ မောင်ထွန်းကြိုင်၏ အတ္ထုပ္ပတ္တိ အကျဉ်းကို ဖော်ပြထားသည်မှာ အောက်ပါအတိုင်း ဖြစ်သည်။
“ပန်းတနော်အပိုင်၊ မင်းဆယ့်ရွာ၌၊ မကွာတကွ နေထိုင်ကြသော၊ အဘ မောင်ဘမောင်၊ အမိ မမယ်ရီတို့တွင် ၁၂၈၁ခုနှစ် ပြာသိုလဆုတ် ၂ရက်၊ အင်္ဂါနေ့ည ၉နာရီအချိန်၌၊ ဘုန်းကံ ပါရမီနှင့် ယောက်ျားအာဇာနည်ဟု ဆိုအပ်သော သတို့သား မောင်ထွန်းကြိုင်ကို ဖွားမြောက်သန့်စင် အောင်မြင်ခဲ့သည်။ မောင်ထွန်းကြိုင်မှာ အသက် ၄နှစ်နှင့် ၆ လ၊ သေးငယ် နူနယ်သော အရွယ်ကပင်၊ မြတ်စွာဘုရား ဟောကြားတော်မူအပ်သော ငါးဖြာ ဓမ္မခန်၊ ရပ်နာမ်နှစ်ရပ်၊ စွဲကပ်ဒိဋ္ဌိ, ကင်းဘိသက္ကာ။ သစ္စာမလပ်၊ ပဋိစ္စသမုပ္ပါဒ်၊ ရုပ်ဓာတ်စီစဉ်၊ ဌီဘင်သဘောတို့ဖြင့် ကောင်းစွာ ကောင်းစွာ ဟောပြောနိုင်သည့်ပြင်၊ မကြောက်မရွံ့၊ စွန့်စွန့်စားစား၊ ယောက်ျားကောင်းပီပီ၊ တည်ကြည်သော သတ္တိထူး၊ သတ္တိမြတ်၊ ဂုဏ်သကတ်နှင့်လည်း ပြည့်စုံပေ၏။



မောင်ထွန်းကြိုင်မှာ၊ ရှေးပုညပါရမီ စာဂီဘုန်းကံ ။ ရင့်သန်ခဲ့ပေရာ၊ လူသာမန်တို့ ကြံစည်ခြင်းငှာမရရာသော အဘိဓမ္မာ ဒေသနာတော်ကိုလည်း၊ မိမိကိုယ်တိုင်၊ ပိုင်ပိုင် နှိုင်နိုင်၊ ကြံ့ခိုင်သော သဘောထားဖြင့် ဆန်းပြားစွာ ဟောကြားပေသည့် အတွက်၊ လေးနက်လှစွာသော ပရမတ်တရားကို မှတ်သားနာယူဖို့ရာ၊ ကြွရောက်လာကြကုန်သော လူပရိသတ် ရဟန်းပရိသတ် ပုဂ္ဂိုလ်တို့က အထပ်ထပ် ကောင်းချီးဩဘာ ပေးခြင်းကို ခံရပေသတည်း။ ဓမ္မကထိက မောင်ထွန်းကြိုင်မှာ မိမိ တရားဓမ္မ ဟောပြ နေရာတွင် ကြွရောက်သော ပရိသတ် အပေါင်းတို့က၊ ဆုတောင်း မေတ္တာပို့သလျက်၊ ဉာဏ်ပူဇော်ကြသည့် ကြေးငွေ အသပြာတို့ကို မိမိကိုယ်တိုင်၊ တရားဟော၍ ရေစက်ချပြီးနောက်၊ တဖန် ပြန်၍ ငွေကြေး အသပြာတို့ကို စွန့်ကြဲပြန်လေသည်။



ဤသူငယ်လေး နှစ်သက်သော အဝတ်မှာ သင်္ကန်းရောင်နှင့် မခြားမနား။ ဝါလဲ့လဲ့ ရှိသော အင်္ကျီရှည်ကလေးကို အမြဲဝတ်လေ့ရှိသည့်အပြင်၊ စိပ်ပုတီးကို မပြမလပ် စိပ်၍ နေလေ့ရှိ၏။ စိပ်ပုတီးကို မိမိ၏လည်တွင် အမြဲလိုပင်ဆွဲဆင်၍ ထားလေ့ရှိပေသည်။ တရား ဟောပြောမည့် နေရာသို့ ရောက်လျင်၊ မိမိဘခင် ဦးခေါင်း၌ ပေါင်းဆင်ထားသော ပဝါကို အချွတ်ခိုင်းလျက်၊ မိမိအပါးတွင် အမြဲနေစေသည်။ ယွန်းကျောင်းတိုက်အုပ် ဘုန်းတော် ကြီး ဦးဇာဂရက အမိန့်ရှိသည်မှာ မောင်ထွန်းကြိုင်မှာ အလွန်တရာမှ သေးငယ်နူနယ်သော အရွယ်ဖြစ်ရကား တရားဟောရာတွင် လွန်စွာရှည်လျားသဖြင့်၊ အသက်၏ အန္တရာယ်ဖြစ်မည် စိုး၍ တောင်းပန်သည်မှာ တနေ့လျှင် အချိန်အားဖြင့် နှစ်ကြိမ်ကျ၊ တကြိမ်လျှင် နံနက်အချိန်တွင် တနာရီခန့်မျှ၊ နေ့လယ်အချိန်၌ တနာရီခန့်မျှ ဟောပါဟု ပြောကြားပါသော်လည်း၊ မောင်ထွန်းကြိုင်က ပြန်ပြောသည်မှာ လေးသင်္ချေနှင့် ကမ္ဘာတသိန်း၊ ရှစ်သင်္ချေနှင့် ကမ္ဘာတသိန်း၊ တဆယ့်ခြောက် သင်္ချေနှင့် ကမ္ဘာတသိန်း၊ ဖြည့်ဆည်းပူးမှ ရသောတရားကို ဟောပြောရပေလိမ့်မည်။ နိဗ္ဗာန်ရွှေပြည် မြတ်သို့ မရောက်သေးသမျှ ကာလပတ်လုံး၊ သံသရာဝဋ်အတွင်း နစ်မျော၍ လောက၌ ပဋိသန္ဓေ နေခြင်းဆင်းရဲ၊ အိုခြင်း ဆင်းရဲ၊ နာခြင်းဆင်းရဲ၊ သေခြင်းဆင်းရဲ တို့သည်ကား အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသည်။ ဒုက္ခအမျိုးမျိုးနှင့် တွေ့ကြုံ သော ဘဝတမျိုးဖြစ်၍ ဟောရမည်ဖြစ်ကြောင်း ပြန်ပြောလေသည်။



မိမိမှာ “ဝတ်ကြောင်ပုဆိုး၊ ကောင်းကျိုးမပေး”ဆိုသော စကားကဲ့သို့ သူတော်သူမြတ်တို့ အရောင်အဝါဖြင့် မှောင်တဏှာ ကင်းရှင်းရန် တောထွက်ခြင်း တည်းဟူသော ရည်သန်ကိစ္စကိုကား ခဏခဏ ပြောဆိုလေ့ရှိကြောင်း။
မောင်ထွန်းကြိုင်မှာ ပါဠိဘာသာမှစ၍ စီကုံးဖွဲ့နွဲ့ထားသော စာမျိုးတို့ကိုပင် မိမိအလိုအလျောက် ဖတ်ပြနိုင်သည့်စွမ်းရည် ရှိသည့်ပြင်၊ အက္ခရာမှားသော စာများကိုပင်ပြင်ဆင်နိုင်သော သတ္တိထူးလည်း ရှိပေသည်။



မိမိ နာမည်ရေးလျက်၊ ၎င်းအောက်တွင် ‘သမ္မာသဗ္ဗုဒ္ဓ မတုလ’ ဟူ၍ အမြဲ ရေးသားလျက် ပါသည်။ အသင်္ခတဓာတ်၊ မြတ်သော နိဗ္ဗာန်ကို မရမီ ကာလပတ်လုံး၊ ဘုံသုံးပါး၌ ကျင်လည် မျောပါရကြကုန်သော သတ္တဝါအပေါင်းတို့အား၊ တရားဓမ္မ ဟောပြနိူင်သော ဘဝမျိုးတွင်သာ အခါမလင့်၊ အသင့်ဖြစ်ရပါ လို၏ဟု တိုတိုပင် ဆုတောင်းလေ့ရှိသည်ပြင်၊ အဆုံးစွန်သောဘဝတွင် သဗ္ဗညုတ ရွှေဉာဏ်ရှင် ဖြစ်ရပါလို၏ဟု ဆုတောင်း၏။ သူတော်ကောင်း၊ သူမြတ်လောင်းတို့၏ ဘုန်းကံ ပါရမီရှိသည့်အလျာက်၊ မိန်းမများကို လွန်စွာ ရှောင်ရှားသည်။ သူ၏ မိခင်မှတပါး အခြားသော မိန်းမများကို မိမိ အပါးသို့ လာမည်ကိုကား များစွာ စိုးရိမ်လေသည်။ လမ်းသွားသောအခါ မိန်းမများကို ဖယ်ကြပါဟု ပြောလေ့ပြောထရှိ၏။



မောင်ထွန်းကြိုင်မှာ ဘိုကလေးမြို့၊ မော်လမြိုင်ကျွန်းမြို့များတွင် တရားဟောနေခိုက်၊ ဆန်းကြယ်သော စကားတခွန်းကို ပြောဟောထားလေသည်။ ထိုစကားမှာ အခြားမဟုတ်။ ပန်းတနော်မြို့ကျမှ သူ၏ အဖြစ်အပျက်ကို ပြောပြမည်ဟု အနည်းငယ် ပါရှိလေသည်။ ထိုနောက် များမကြာမီ ပန်းတနော်မြို့သို့ ရောက်လာသောအခါ မိမိသည် ဆွမ်းကျွေးသော အိမ်တအိမ်မှာ နေစဉ်၊ ၎င်းဆွမ်းကျွေးသော အိမ်၌ ပန်းတနော် မြို့အရပ်ရှိ ယွန်းကျောင်းတိုက်၌ စာပို့ချလျက် နေသော၊ တိုက်အုပ် ဦးဇာဂရနှင့် အခြားဘုန်းတော်ကြီးများကို မြင်သောအခါ ဦးဇဂရကို သိသည်ဟု၊ သူ့အနီးတွင်ရှိသော လူများကို မောင်ထွန်းကြိုင်က ပြော၍ “မောင်ဇာဂရ’’ ဟု ခေါ်ပြီးလျှင် အားရရွှင်လန်းစွာ ဦးဇာဂရကိုယ်တော်၏ ပေါင်ပေါ်သို့တက်ထိုင်ပြီး အနည်းငယ် စကားများကိုပြော၍ မိမိသည် ၎င်းဦးဇာဂရကိုယ်တော် သီတင်းသုံးသော ယွန်းကျောင်းသို့ တပါတည်း လိုက်ပါလျက်၊ မိမိမွာ ရှေးဘဝက ထိုကျောင်းတွင် ဆရာတော်ကြီးဖြစ်၍ နေထိုင်ခဲ့ဖူးသည်။ မိမိ နေထိုင်ခဲ့ဖူးသော အခန်းကို အထူးတလည် ရှေးဦးစွာပြလေသည်။ မိမိ အမည်တော်မှာ ဆရာတော်ဖြစ်စဉ်က ဦးပဏ္ဍိစ္စဟု အမည် ရှိသည်ဟု ပြောပြလေသည်။



မိမိတရားဟောသွားသော မြို့ရွာဒေသများတွင် ဦးဇာဂရကိုယ်တော်ကို အထူးတလည် မိမိနှင့်တပါတည်း ပါစေလိုသော ဆန္ဒလည်း ရှိပေသည်။ သို့မှသာလျှင် ရွှင်လန်းစွာနှင့် တရားဟော ပြောပေကြောင်း၊ ထို့ပြင် ယွန်းကျောင်း ဆရာတော်ကြီးဖြစ်စဉ် တောနယ်က တပည့်လက်သားများ ပင့်၍ သွားလိုသောအခါ မိမိစီးသွားသော လှေနာမည်ကို မောင်ထွန်းကြိုင်က “ဘေဘကြီး”ဟု ရုတ်တရက်ထုတ်တ်ဖော်ပြောပြလေ၏။ ယွန်းကျောင်းအနီးအနားတွင်ရှိသည့် ကိုပီကျက်ဥယျာဉ်တွင်းရှိသော ညောင်ပင်တပင်တွင် မိမိသည် ပျံလွန်တော်မှုပြီးလျှင်ပြီးချင်း ရုက္ခစိုးနတ် ၃-နှစ်ကျော်ဖြစ်ပြီးမှ ယခုလက်ရှိ မိခင်ဝမ်းမှာ ပဋိသန္ဓေနေရ၍ ဖွားမြင်လာကြောင်း။



ထိုနောက် တဖန်ပြောပြပြန်သည်မှာ မိမိအား ယွန်းကျောင်းတိုက်ကို ပြန်အပ်ရန် ပြောသောအခါ ဦးဇာဂရ ကိုယ်တော်က မောင်ထွန်းကြိုင်သင်္ကန်ဆီး၍ ကိုရင်ကလေးဖြစ်လျှင် ကျောင်းတိုက်ကို အပ်ပါမည်ဟု ပြောထားရပေ၏။ မောင်ထွန်းကြိုင်မှာ ဆရာတော်ဖြစ်စဉ်တွင် ဘုရားဆုကို အမြဲတောင်းလေ့ရှိ၏။ ညောင်တုန်းမြို့၌ ၁၂၈၆-ခု၊ တန်ဆောင်မုန်း လကွယ်နေ့က တရားမဟောမီ ရဟန်းပရိသတ်လူပရိသတ် ၅ဝဝဝ-ကျော်၊ ၆၀ဝဝ ခန့်ရှေ့တွင် မိမိသည် ရှေးဘဝက ယွန်းကျောင်းဆရာတော်ဖြစ်ခဲ့ဖူး၍ အမည်တော်မှာ ဦးပဏ္ဍိစ္စဖြစ်ကြောင်း၊ ဦးပဏ္ဍိစ္စ ပုံသဏ္ဌာန်ကို လည်း အထူးတူအောင် ပြောပြသွားကြောင်း။



ထို့ကြောင့် မြန်မာပြည်အတွင်း မှီတင်းနေထိုင်ကြကုန်သော သူတော်ကောင်းအပေါင်းတို့သည် မိမိတို့နိုင်ငံတော်တွင် အံ့ဖွယ်သရဲထူးကဲသော ဘုန်းပါရမီ ဝသီဓာတ်ခံတို့နှင့် အမှန်ပြည့်စုံသော သူတော်ကောင်းဖြစ်သည့်အံ့တိုင်း မောင်ထွန်းကြီးမှာ လောကီအကျိုးကို စက်ဆုပ်ရွံရှာသော အလိုအာသာလည်း ရှိရကား မေတ္တာ ကရုဏာရှေ့ထားလျက် မောင်ထွန်းကြိုင်အား ရှည်လျားမြင့်ကြာ ခန္ဓာညွန့်လျက်၊ ကုသိုလ်ဆက်ဖို့ အသက်ရှည်ရာ ရှည်ကြောင်း ဆုတောင်းဆုယူ ပြုတော်မူကြပါစေကုန်သတည်း။ ဤကား ထိုစဉ်က မောင်ထွန်းကြိုင်အကြောင်း ရေးသားဖော်ပြသော အတ္ထုပ္ပတ္တိ အကျဉ်းချုပ်များထဲမှ တခုပင်ဖြစ်သည်။



မောင့်ထွန်းကြိုင်သည် သုံးနှစ်ခန့်ကျော်ကြားထင်ရှားပြီနောက် တစတစရိုးသွားကာ နာမည်တဖြည်းဖြည်း မှေးမှန်သွားသည်။ နောက်ပိုင်းတွင်သူ့အမညကို မကြားရတော့ပေ။ ထိုအတွင်း သူသည် အိန္ဒိယပြည်သို့ သွားရောက်ကာ ဘုရားဖူးသည်။ မြန်မာပြည်သို့ တော်တော်နှင့် ပြန်မလာ။ အိန္ဒိယတွင် စာပေပညာနှင့် နက္ခတ်ဗေဒပညာတို့ကို သင်ယူသည်။ ထိုနောက် မြန်မာပြည်သို့ ပြန်လာကာ မိဘများနှင့်အတူ မင်းဆယ်ရွာတွင် နေထိုင်သည်။ ထိုနောက် ရန်ကုန်မြို့သို့ ပြောင်းရွှေ့လာပြီး ဗေဒင်ပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသည်မှာ ယနေ့အထိ ဖြစ်သည်။ ဦးထွန်းကြိုင်သည် ယနေ့ဗေဒင်ဟောရာတွင် ဦးထွန်းကြိုင်အမည်ဖြင့် မဟုတ်။ အခြားနာမည်တခုကို ခံယူ၍ ဟောပြောနေပေသည်။

Leave a Comment