Uncategorized

တာလီဘန်တွေဆိုတာ ဘယ်သူတွေလဲ

အာဖဂန်နစ္စတန်နိုင်ငံကို အုပ်ချုပ်နေတဲ့ တာလီဘန်တွေကို အမေရိကန်ဦးဆောင်တဲ့ တပ်ဖွဲ့တွေက ၂၀၀၁ ခုနှစ်မှာ အာဏာကနေ ဖယ်ရှားခဲ့ပါတယ်။ ဒါပေမဲ့ လတ်တလော လပိုင်းတွေအတွင်း တာလီဘန်တွေက ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ အရှိန်တိုးမြှင် လုပ်လာခဲ့ပြီး အခုအခါ တစ်နိုင်ငံလုံးကို ပြန်ထိန်းချုပ်နိုင်မယ့် အခြေအနေ ရောက်လာခဲ့ပါပြီ။



အာဖဂန်နစ္စတန်နိုင်ငံထဲမှာ နှစ်၂၀ ကြာ တပ်စွဲထားခဲ့တဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေ စက်တင်ဘာလ ၁၁ ရက်နေ့ မတိုင်ခင် အပြီးရုပ်သိမ်းဖို့ ပြင်ဆင်နေကြချိန်မှာပဲ တာလီဘန် လက်နက်ကိုင်တွေက အရေးပါတဲ့ မြို့ကြီးတွေကို တစ်မြို့ပြီး တစ်မြို့ သိမ်းပိုက်လာခဲ့ရာမှာ အခု နောက်ဆုံးကျန်တဲ့ မြို့တော် ကာဘူးလ်ကို သိမ်းပိုက်လာနိုင်ခဲ့တာပါ။

တာလီဘန်အဖွဲ့ဟာ ၂၀၁၈ ခုနှစ်က အမေရိကန်နဲ့ တိုက်ရိုက်ဆွေးနွေးတာတွေ စလုပ်လာခဲ့ပြီး ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလမှာတော့ ဒိုဟာမြို့မှာ ငြိမ်းချမ်း‌ရေး သဘောတူညီချက်တစ်ခု ရလာခဲ့ပါတယ်။ အမေရိကန်ဘက်က တပ်ဖွဲ့တွေ ပြန်လည်ရုပ်သိမ်းပေးဖို့နဲ့ တာလီဘန်တွေဘက်ကလည်း အမေရိကန် တပ်ဖွဲ့တွေအပေါ် တိုက်ခိုက်နေတာတွေ ရပ်ဆိုင်းပေးဖို့ သဘောတူခဲ့ကြပါတယ်။

နှစ်ဘက် သဘောတူခဲ့တဲ့ ကျန်အချက်တွေထဲမှာ အယ်လ်ကိုင်ဒါ ဒါမှမဟုတ် တခြား လက်နက်ကိုင်တွေကို တာလီဘန် ထိန်းချုပ်နယ်မြေမှာ လှုပ်ရှားခွင့် မပြုဖို့နဲ့ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေး ဆွေးနွေးမှုကို ဆက်လုပ်ဖို့တွေ ပါဝင်ပါတယ်။



ဒါပေမဲ့ အဲ့ဒီနှစ်ထဲမှာပဲ တာလီဘန်တွေက အာဖဂန် လုံခြုံရေးတပ်တွေနဲ့ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေ ဆက်လုပ်လာခဲ့ပြီး နိုင်ငံတလွှား ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ အလျင်အမြန် လုပ်လာခဲ့ပါတယ်။

အာဏာရအောင် ဘယ်လိုလုပ်ခဲ့လဲ

ပွတ်ရှ်တူ ဘာသာစကားအရ “ကျောင်းသားတွေ” လို့ အဓိပ္ပာယ်ရတဲ့ တာလီဘန်အဖွဲ့ဟာ အာဖဂန်နစ္စတန်ကနေ ဆိုဗီယက်တပ်တွေ ထွက်သွားခဲ့အပြီး ၁၉၉၀ ပြည့်လွန် အစောပိုင်းနှစ်တွေလောက်မှာ ပါကစ္စတန်နိုင်ငံ မြောက်ပိုင်းမှာ စပေါ်လာခဲ့တာပါ။

အဲဒီ ပွတ်ရှ်တူ အဖွဲ့ရဲ့ လှုပ်ရှားမှုတွေဟာ ဆော်ဒီအာရေဗျနိုင်ငံက ငွေထုတ် စီစဉ်ပေးတဲ့ ဘာသာရေး အစည်းအဝေးပွဲတွေမှာ ပထမဆုံး ပေါ်လာခဲ့တယ်လို့ ယူဆရပါတယ်။ အဲဒီအစည်းအဝေးပွဲတွေမှာ ဆွန်နီ အစ္စလာမ်ဘာသာဝင်တွေရဲ့ အယူစွဲကြီးမားတဲ့ အဖွဲ့တစ်ဖွဲ့က ဦးဆောင် ဟောပြောလေ့ ရှိခဲ့ပါတယ်။

ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်နိုင်ငံအကြားက ပွတ်ရှ်တူဒေသတွေမှာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ရအောင်လုပ်ပေးမယ်၊ သူတို့ရဲ့ ကိုယ်ပိုင် တင်းကျပ်တဲ့ ရှာရီယာ အစ္စလာမ် ဥပဒေကို ချမှတ် ကျင့်သုံးသွားမယ်လို့ တာလီဘန်တွေက ကတိပေးခဲ့ပါတယ်။


အာဖဂန်နစ္စတန်၊ တာလီဘန်



တာလီဘန်တွေဟာ အာဖဂန်နစ္စတန် အနောက်တောင်ပိုင်းကနေ စလို့ သူတို့ရဲ့ သြဇာအရှိန်အဝါကို အလျင်အမြန် တိုးချဲ့လာခဲ့ပါတယ်။

၁၉၉၅ ခုနှစ် စက်တင်ဘာလမှာ အီရန်နိုင်ငံနဲ့ကပ်ရက် ဟီရက်ပြည်နယ်ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ တစ်နှစ်တိတိ အကြာမှာ ကာဘူးလ်မြို့တော်ကို သိမ်းပိုက်နိုင်ခဲ့ပြီး ဆိုဗီယက် အစိုးရကို ဆန့်ကျင် တော်လှန်ခဲ့တဲ့ အာဖဂန် မူဂျာဟီဒင်အဖွဲ့ကို တည်ထောင်ခဲ့တဲ့ ခေါင်းဆောင်တွေထဲက တစ်ဦးဖြစ်တဲ့ သမ္မတ ဘူရန်နူဒင် ရက်ဘာနီ အစိုးရကို ဖြုတ်ချနိုင်ခဲ့ပါတယ်။

၁၉၉၈ ခုနှစ်မတိုင်ခင်မှာတော့ တာလီဘန်အဖွဲ့က အာဖဂန်နစ္စတန်နိုင်ငံရဲ့ ၉၀ ရာခိုင်နှုန်းနီးပါးကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။

ဆိုဗီယက်တွေကို တိုက်ထုတ်နိုင်ခဲ့အပြီးမှာ မူဂျာဟီဒင်တွေရဲ့ တရားလွန်လာမှုတွေ၊ အချင်းချင်း တိုက်ခိုက်နေမှုတွေကို စိတ်ပျက်လာနေတဲ့ အာဖဂန်ပြည်သူတွေက တာလီဘန်တွေ စပေါ်လာလာချင်းမှာတော့ တာလီဘန်တွေကို ကြိုဆိုခဲ့ကြပါတယ်။

အစပိုင်းမှာ တာလီဘန်တွေကို လူကြိုက်များခဲ့ကြတာက လာဘ်ပေးလာဘ်ယူကိစ္စတွေကို ချေမှုန်းတိုက်ဖျက်တာ၊ဥပ‌ဒေမဲ့ ပြုမူမှုတွေကို ထိန်းချုပ်ဟန့်တားတာ၊ လမ်းတွေဖောက်တာ၊ ကူးသန်းရောင်းဝယ်ရေး အောင်မြင်အောင် သူတို့ ထိန်းချုပ်ထားတဲ့နေရာတွေကို လုံခြုံအောင် လုပ်ပေးနိုင်တာတွေကြောင့် ဖြစ်ပါတယ်။

ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ သူတို့ချမှတ်ထားတဲ့ ရှာရီယာဥပဒေကို စကျင့်သုံးခဲ့ပြီး အဲဒီဥပဒေနဲ့ အလားတူ တင်းကြပ်တဲ့ စည်းမျဉ်းတွေအရ အပြစ်ပေးတာမျိုးကို ထောက်ခံတာတွေ လုပ်လာခဲ့ပါတယ်။ ဥပမာအားဖြင့် လူသတ်မှု ကျူးလွန်သူတွေ၊ အိမ်ထောင်ရေးဖောက်ပြန်သူတွေကို လူထုရှေ့မှောက် ကွပ်မျက်တာမျိုး၊ ခိုးမှုနဲ့ ပြစ်မှုထင်ရှားသူတွေကို လက်ဖြတ်ပစ်တာမျိုးတွေ လုပ်ခဲ့ပါတယ်။



အမျိုး သားတွေလည်း မုတ်ဆိတ်ရှည် မထားမနေရ၊ အမျိုးသမီးတွေ မျက်နှာအပါအဝင် တစ်ကိုယ်လုံး ဖုံးတဲ့ ဝတ်ရုံတွေ မဝတ်မနေရ စတဲ့ ညွှန်ကြားချက်တွေ ထုတ်ပြန်လာခဲ့ပါတယ်။

ဒါ့အပြင် ရုပ်မြင်သံကြား၊ ဂီတ နားထောင်ကြည့်ရှုခွင့်၊ ရုပ်ရှင်ရုံဖွင့်ခွင့်တွေကိုလည်း တာလီဘန်တွေက ပိတ်ပင်ခဲ့ပြီး ၁၀နှစ်နဲ့ အထက် မိန်းကလေးတွေကို ကျောင်းတက်ခွင့် ပိတ်ပင်ခဲ့ပါတယ်။

တာလီဘန်တွေဟာ လူအခွင့်အရေး ချိုးဖောက်တာတွေ၊ယဉ်ကျေးမှုဓလေ့ထုံးစံတွေကို ဖိနှိပ်တာတွေ လုပ်ခဲ့တယ်လို့စွပ်စွဲမှုတွေ ရှိခဲ့ပါတယ်။ အဲဒီထဲက နာမည်ဆိုးနဲ့ ကျော်ကြားတာ တစ်ခုကတော့ နိုင်ငံတကာ အုံးအုံးကျွက်ကျွက် ပြောနေတဲ့ကြားက ၂၀၀၁ ခုနှစ်မှာ အာဖဂန်နစ္စတန်အလယ်ပိုင်းက ရှေးဟောင်း ဗုဒ္ဓရုပ်ထုတွေကို ဖျက်ဆီးပစ်ခဲ့တာ ဖြစ်ပါတယ်။

၂၀၀၁ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့မှာ ကန်ဒါဟာမြို့နားက ကန်ဒါဟာ ဟီရက် အဝေးပြေးလမ်းမကို တာလီဘန် လက်နက်ကိုင်တွေ ထိန်းချုပ်လိုက်နိုင်ခဲ့

တာလီဘန်အဖွဲ့ကို ဖန်တီး တည်ထောင်ပေးခဲ့သူတွေဟာ ပါကစ္စတန် အစိုးရ ဖြစ်တယ် ဆိုတဲ့ စွပ်စွဲချက်ကိုတော့ ပါကစ္စတန်ဘက်က အကြိမ်ကြိမ် ငြင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ တာလီဘန်အဖွဲ့မှာ ကနဦး ပါခဲ့တဲ့ အာဖဂန် အတော်များများဟာ ပါကစ္စတန်နိုင်ငံက ဘာသာရေးကျောင်းထွက်တွေ ဖြစ်တယ်ဆိုတာကတော့ သံသယ ဖြစ်စရာ မလိုပါဘူး။



အာဖဂန်နစ္စတန်မှာ အာဏာလက်ဝယ် စွဲကိုင်ထားခဲ့ချိန်မှာ တာလီဘန်တွေ အသိအမှတ်ပြုခဲ့တဲ့ နိုင်ငံ၃နိုင်ငံထဲမှာ ဆော် ဒီအာရေဗျနဲ့ ယူအေအီးတို့နဲ့ အတူ ပါကစ္စတန်နိုင်ငံ လည်း အပါအဝင် ဖြစ်ပါတယ်။

ဒါ့အပြင် ပါကစ္စတန်ဟာ တာလီဘန်တွေနဲ့ သံတမန်အဆက်အသွယ် ဖြတ်ခဲ့တဲ့ နောက်ဆုံးနိုင်ငံ လည်း ဖြစ်ပါတယ်။

တစ်ခါမှာတော့ တာလီဘန်တွေက သူတို့ထိန်းချုပ်ထားတဲ့ နိုင်ငံ အနောက်မြောက်ဒေသကနေ ပါကစ္စတန်နိုင်ငံကို မတည်မငြိမ် ဖြစ်အောင် ခြိမ်းခြောက် အန္တရာယ်ပေးတာမျိုး လုပ်ခဲ့ပါတယ်။

ပါကစ္စတန်က တာလီဘန်တွေ လုပ်ခဲ့တဲ့ တိုက်ခိုက်မှုတွေထဲမှာ အထင်ရှားဆုံးနဲ့ နိုင်ငံတကာက အကြီးအကျယ် ရှုတ်ချခဲ့တဲ့ ဖြစ်ရပ်တစ်ခုကတော့ ၂၀၁၂ခုနှစ် အောက်တိုဘာလတုန်းက မင်ဂိုရာမြို့မှာ မာလာလာ ဆိုတဲ့ ကျောင်းသူလေးကို ကျောင်းကနေအိမ်အပြန် လမ်းမှာ ပါကစ္စတန် တာလီဘန်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ် ဖြစ်ပါတယ်။

အဲဒီနောက် နှစ်နှစ်အကြာမှာ ပက်ရှာဝါမြို့က စာသင်ကျောင်းတစ်ခုမှာ တာလီဘန်တွေရဲ့ တိုက်ခိုက်မှုအတွင်း အစုလိုက်အပြုံလိုက် သေဆုံးမှု ဖြစ်ခဲ့အပြီးမှာတော့ ပါကစ္စတန်အစိုးရက စစ်ရေးအရ ထိုးစစ်ဆင် တိုက်ခိုက်မှုကြီးတစ်ခု လုပ်ခဲ့ရာမှာ ပါကစ္စတန်နိုင်ငံမှာ တာလီဘန်တွေရဲ့သြဇာလွှမ်းမိုးမှုတွေ လျော့ကျလာခဲ့ပါတယ်။



၂၀၁၃ ခုနှစ်မှာ အမေရိကန်ရဲ့ ဒရုန်း တိုက်ခိုက်မှုတွေအတွင်း ပါကစ္စတန်မှာရှိတဲ့ တာလီဘန် ခေါင်းဆောင် ဟာကီမူလာ မဆုဒ် အပါအဝင် အရေးပါတဲ့ ခေါင်းဆောင် အနည်းဆုံး ၃ ဦး သေဆုံးခဲ့ပါတယ်။

၂၀၁၂ ခုနှစ် အောက်တိုဘာလမှာ လူ့အခွင့်အရေး လှုပ်ရှားသူ ကျောင်းသူ မာလာလာ ယူဆက်ဇိုင်ကို တာလီဘန် လက်နက်ကိုင်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့

အယ်လ်ကိုင်ဒါးအဖွဲ့ ခိုလှုံရာ

၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်မှာ နယူးယောက်မြို့က ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အအုံ တိုက်ခိုက်ခံခဲ့ရအပြီးအာဖဂန်နစ္စတန်မှာ ရှိတဲ့ တာလီဘန်တွေကို ကမ္ဘာက အာရုံစိုက်လာခဲ့ပါတယ်။



အဲဒီတိုက်ခိုက်မှုတွေရဲ့ အဓိက မသင်္ကာဖွယ် လက်သည် အိုစမာဘင်လာဒင်နဲ့ သူ့ရဲ့ အယ်လ်ကိုင်ဒါး အဖွဲ့ကို တာလီဘန်တွေက ခိုလှုံခွင့်ပေးထားတယ်လို့ အများက စွပ်စွဲခဲ့ကြပါတယ်။

၂၀၀၁ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့မှာတော့ အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့က အာဖဂန်နစ္စတန်နိုင်ငံကို တိုက်ခိုက်မှုတွေ စတင်ခဲ့ပြီး ဒီဇင်ဘာလ ပထမပတ်မတိုင်ခင်မှာပဲ တာလီဘန်အစိုးရ ပြုတ်ကျသွားခဲ့ပါတယ်။

ပြီးတော့ ဘင်လာဒင်အပါအဝင် တာလီဘန်ခေါင်းဆောင် မူလာ မိုဟာမက် အိုမာနဲ့ အခြား အဓိကခေါင်းဆောင်တွေကိုလည်း ကမ္ဘာအနှံ့ လိုက်လံ ဖမ်းဆီးတာတွေ အကြီး အကျယ် လုပ်ခဲ့ပါတယ်။

တာလီဘန် ထိပ်တန်းခေါင်းဆောင်အများစုဟာ ပါကစ္စတန်နိုင်ငံ ကက်တာမှာ ပုန်းခိုနေကြပြီး အဲဒီကနေ တာလီဘန်အဖွဲ့ကို အမိန့်ပေး လမ်းညွှန်ခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။ ဒါပေမဲ့ “Quetta Shura”လို့ ခေါ်တဲ့ အဲဒီအဖွဲ့ ရှိနေတယ်ဆိုတာကို ပါကစ္စတန်အစိုးရဘက်က ငြင်းဆိုခဲ့ပါတယ်။

နိုင်ငံခြားတပ်ဖွဲ့တွေ အများကြီး တပ်စွဲထားတဲ့ကြားကပဲ တာလီဘန်တွေဟာ အာဖဂန်နိုင်ငံထဲမှာ တဖြည်းဖြည်းနဲ့ ပြန်နေရာယူလာခဲ့ပါတယ်။ အဲဒီနောက်မှာ ၂၀၀၁ ခုနှစ်ကတည်းက မတွေ့ရတော့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုမျိုးတွေနဲ့ နိုင်ငံတွင်းက နေရာအတော်များများမှာ မတည်မငြိမ်ဖြစ်အောင် ပြန်လုပ်လာခဲ့ရင်း သူတို့ရဲ့ သြဇာလွှမ်းမိုးမှုတွေကို တိုးချဲ့လာခဲ့ပါတယ်။



တာလီဘန်တွေဟာ ကာဘူးလ်မြို့ကို အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ပြီး ၂၀၁၂ ခုနှစ် စက်တင်ဘာလမှာတော့ နေတိုးအဖွဲ့ ရဲ့ ဘာစတီရန် စခန်းကို တိုက်ခိုက်ခဲ့တာကြောင့် ဟိုးလေးတကျော် ဖြစ်ခဲ့ပါတယ်။

၂၀၁၃ ခုနှစ်မှာ အမေရိကန် ဒရုန်း တိုက်ခိုက်မှုတစ်ခုအတွင်း ပါကစ္စတန်မှာရှိတဲ့ တာလီဘန်ခေါင်းဆောင် ဟာကီမူလာ မဆုဒ် သေဆုံးခဲ့

၂၀၁၃ ခုနှစ်မှာတော့ ကာတာမှာ ရုံးခန်းတစ်ခန်း ဖွင့်မယ်လို့ တာလီဘန်တွေက ကြေညာလိုက်တဲ့ အတွက် ငြိမ်းချမ်းရေးဆွေးနွေးဖို့ မျှော်လင့်ချက်လမ်းစတွေ ပေါ်လာခဲ့ပါတယ်။ဒါပေမဲ့ နှစ်ဖက်အကြား သံသယတွေ ဆက်ရှိနေဆဲဖြစ်တာမို့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေခဲ့ပါတယ်။

၂၀၁၅ ခုနှစ် သြဂုတ်လမှာတော့ တာလီဘန်တွေက သူတို့ ခေါင်းဆောင် မူလာအိုမာ သေဆုံးသွားတာကို နှစ်နှစ်ကျော်လောက် ဖုံးထားခဲ့တာကို ထုတ်ဖော် ဝန်ခံခဲ့ပါတယ်။ သူဟာ ပါကစ္စတန်က ဆေးရုံတစ်ရုံမှာ ရောဂါအခံနဲ့ သေဆုံးခဲ့တာလို့ ဆိုပါတယ်။



အဲဒီ့နောက် တစ်လအကြာမှာ တာလီဘန်အဖွဲ့က တိုက်ပွဲတွေကို သီတင်းပတ်နဲ့ချီ နားထားခဲ့ပြီး မူလာအိုမာရဲ့ လက်ထောက်ဖြစ်ခဲ့တဲ့ ခေါင်းဆောင်သစ် မူလာမန်ဆူရဲ့ ဦးဆောင်မှုအောက်မှာ အင်အားပြန်စုခဲ့တယ်လို့ ပြောပါတယ်။

တာလီဘန်တွေရဲ့ တိုက်ခိုက်မှုကို ကာဘူးလ်မြို့ အကြိမ်ကြိမ် ခံခဲ့ရပြီး သေဆုံးထိခိုက်မှုတွေ ရှိခဲ့

အဲဒီအချိန်တဝိုက်မှာ တာလီဘန်တွေက ၂၀၀၁ ခုနှစ် သူတို့ အာဏာလက်လွှတ်ခဲ့ရပြီး နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြည်နယ်မြို့တော်တစ်ခုကို သိမ်းပိုက်လိုက်နိုင်ခဲ့ပြီး မဟာဗျူဟာအရ အရေးပါတဲ့ ခွန်ဒုစ်မြို့တော် ကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။

၂၀၁၆ ခုနှစ်မေလမှာ အမေရိကန်ရဲ့ ဒရုန်း တိုက်ခိုက်မှုအတွင်း တာလီဘန်ခေါင်းဆောင် မူလာမန်ဆူး သေဆုံးခဲ့ပြီး သူ့နေရာကို သူ့ရဲ့လက်ထောက် မော်လဝီ ဟီဘာတူလာ အက်ခွန်ဇားဒါ ကို အစားထိုး ခန့်ခဲ့ပါတယ်။ အက်ခွန်ဇားဒါ ဟာ တာလီဘန်အဖွဲ့ကို ခုချိန်ထိ ဦးဆောင်နေပါတယ်။

မဟာမိတ်တပ်တွေ ရုပ်သိမ်းဖို့ စပြင်ဆင်

အမေရိကန် တာလီဘန်အကြား တိုက်ရိုက် တွေ့ဆုံ ဆွေးနွေးမှုတွေ ကာလတာရှည် လုပ်ခဲ့ကြရာ ကနေ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလမှာ ငြိမ်းချမ်းရေးသဘောတူချက် ရခဲ့ပါတယ်။ မြို့တွေကို တိုက်ခိုက်၊ စစ်စခန်းတွေ၊ အာဖဂန်အရပ်သားတွေကို ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်မှုတွေ လုပ်နေတဲ့ တာလီဘန်တွေဟာ အဲဒီနောက်ပိုင်းနှစ်မှာ သူတို့ရဲ့ နည်းဗျုဟာကို ပြောင်းလာတဲ့ပုံ တွေ့ရပါတယ်။

ဒါပေမဲ့ သတင်းသမားတွေ၊ တရားသူကြီးတွေ၊ ငြိမ်းချမ်းရေးလှုပ်ရှားသူတွေနဲ့ အစိုးရအဖွဲ့ထဲက အမျိုးသမီးတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေကို ကြည့်ခြင်းအားဖြင့် တာလီဘန်တွေဟာ သူတို့ရဲ့ အစွန်းရောက် အယူအဆပြောင်းသွားတာမျိုး မဟုတ်ဘဲ သူတို့ရဲ့ စစ်ရေး မဟာဗျုဟာကိုသာ ပြောင်းလဲခဲ့ပုံရတာကို တွေ့ရပါတယ်။

နိုင်ငံတကာရဲ့ အကူအညီမရရင် အာဖဂန်အစိုးရအနေနဲ့တာလီဘန်တွေကို ခုခံနိုင်စွမ်း ရှိမှာမဟုတ်ဘူးလို့ အာဖဂန်အာဏာပိုင်တွေက အကြီးအကျယ် စိုးရိမ်နေတဲ့ကြားက ၂၀၂၁ ခုနှစ်ဧပြီလမှာ အမေရိကန်သမ္မတသစ် ဂျိုးဘန်ဒန်က ကမ္ဘာ့ကုန်သွယ်ရေးစင်တာ အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရတဲ့ နှစ်၂၀ ပြည့်တဲ့နေ့ စက်တင်ဘာ ၁၁ ရက်နေ့ နောက်ဆုံးထားပြီး အမေရိကန်တပ်တွေ အားလုံး အာဖဂန်နစ္စတန်နိုင်ငံထဲကနေ ရုပ်သိမ်းမယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

မဟာအင်အားကြီးနိုင်ငံ အမေရိကန်နဲ့ နှစ် ၂၀ ကြာတိုက်ခိုက်နေတဲ့ကြားက တာလီဘန်တွေဟာ နယ်မြေ အတော်များများကို ပြန်သိမ်းပိုက်လာနိုင်ခဲ့ပြီး နိုင်ငံခြားတပ်ဖွဲ့တွေ ပြန်ရုပ်သိမ်း သွားပြီးတဲ့အချိန်မှာ ကာဘူးလ်မြို့မှာရှိတဲ့ အစိုးရကို ဖြုတ်ချပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။



အခုအခါ တာလီဘန်အဖွဲ့ဟာ ၂၀၀၁ ခုနှစ် သူတို့အစိုးရ ပြုတ်ကျခဲ့ပြီးချိန်ကတည်းက အခြေအနေထက် တပ်ဖွဲ့ဝင် အင်အား ပိုများလာခဲ့ပြီး အမြဲတမ်းတပ်ဖွဲ့ဝင် ရှစ်သောင်းခွဲ လောက်အထိ ရှိလာတယ်လို့ မကြာသေးခင်က နေတိုးအဖွဲ့ရဲ့ ခန့်မှန်းချက်တွေအရ သိရပါတယ်။

တာလီဘန်တွေရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကလည်း အများ စိုးရိမ်ခဲ့တာထက်တောင် ပိုမြန်နေခဲ့ပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံဟာ ပြည်တွင်းစစ်ကြီးတစ်ခုကို ဦးတည်နေပြီး ကမ္ဘာ့နိုင်ငံတွေအတွက် စိုးရိမ်စရာ ဖြစ်နိုင်တယ်လို့ အာဖဂန်နစ္စတန်အခြေစိုက် အမေရိကန် ဦးဆောင်တဲ့ တပ်ဖွဲ့တွေရဲ့ အကြီးအကဲ ဗိုလ်ချုပ် အော်စတင် မေလာက ဇွန်လတုန်းက သတိပေးခဲ့ပါတယ်။



ဒါပေမဲ့လည်း အရပ်သားတွေ သေကြေ ဒဏ်ရာရမှာကို ရှောင်ရှားတဲ့အနေနဲ့ အစိုးရတပ်ဖွဲ့တွေက ပြန်မတိုက်ဘဲ အရှုံးပေး အညံ့ခံခဲ့ကြတာတွေ အတော်များများ ရှိခဲ့တဲ့အတွက် အရေးပါတဲ့ မြို့ကြီးအတော်များများကို တိုက်ခိုက်တာမျိုးတွေ မလုပ်လိုက်ရဘဲ တာလီဘန်တွေက သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အမေရိကန်တပ်ဖွဲ့တွေ ထွက်သွားခဲ့ပြီးရင် ၆ လအတွင်းမှာ အာဖဂန်အစိုးရ ပြုတ်ကျနိုင်တယ်လို့ အမေရိကန်ထောက်လှမ်းရေးကလည်း ကောက်ချက်ချ ခန့်မှန်းထားခဲ့ပါတယ်။

Leave a Comment