Daily News

ကမ္ဘာတလွှား ထူးထူးခြားခြား နိုင်ငံမဲ့ လူသား ၁၀ ဦး

ဤကမ္ဘာမြေပေါ်ရှိ လူသားတိုင်းသည် နိုင်ငံတစ်ခုခု၏ နိုင်ငံသားဖြစ်နေမှသာ သူ့အတွက် အာမခံချက်ရှိမည်ဟု ဆိုနိုင် ပေသည်။သို့သော် အချို့သော သူများသည် မည်သည့်နိုင်ငံသားမှ မဟုတ်သည့် နိုင်ငံမဲ့များဖြစ်နေကြသဖြင့် နိုင်ငံကူးလက်မှတ် နှင့် ပြည်ဝင်ခွင့် မရရှိမှုများမှသည် ပညာသင်ယူရေး၊ ဘဏ်ငွေစာရင်းဖွင့်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုရရှိရေး အစရှိသည့် လူနေမှုဘ၀ အခွင့်အလမ်းများ ဆုံးရှုံးကြရသည်။

 

လူတိုင်းသည် နိုင်ငံတစ်ခုခုတွင် မွေးဖွားကြသူများသာ ဖြစ်ကြရာ အဘယ်သို့လျှင် နိုင်ငံမဲ့ ဖြစ်နိုင်မည်နည်းဟု မေးဖွယ် ရှိသည်။နိုင်ငံသား လက်မှတ်မရရှိခြင်းသည် အကြောင်းများစွာရှိနိုင်သဖြင့် ဖြစ်တောင့်ဖြစ်ခဲ အခြေအနေများတွင် နိုင်ငံသား ဖြစ် ခွင့် ရုပ်သိမ်းခံရသူများရှိခဲ့သည်။အချို့နိုင်ငံများတွင် လိုအပ်သည့် အထောက်အထားများ အခိုင်အမာ မပြနိုင်သဖြင့် နိုင်ငံသား အဖြစ် အသိအမှတ်ပြုရန် ပြင်းပယ်ခံကြရခြင်းများလည်းရှိခဲ့သည်။မိမိတို့မွေးဖွားခဲ့သည့် နိုင်ငံမတည်ရှိတော့သဖြင့် နိုင်ငံမဲ့ဖြစ် လာ သူများကိုလည်း ထူးခြားစွာတွေ့မြင်ကြရပြန်သည်။

၁၀။ Vasily Babina

ဆိုဗီယက်ယူနီယမ်ပြိုကွဲခဲ့သည်မှာ ၂၆ နှစ်ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း အသက် ၅၈ နှစ်အရွယ်ရှိ ဗက်စလီ ဘာဘီနာ က မိမိသည် ဆိုဗီယက်ယူနီယမ် နိုင်ငံသားတစ်ဦးဟုပင် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလအထိ မှတ်ယူထားခဲ့သည်။သို့သော် သူ၏ ဆိုဗီယက်ယူနီယမ်နိုင်ငံသားအဖြစ် ရှိနေခြင်းသည် စဉ်းစားရမည့် အချက်ဖြစ်လာခဲ့သည်။ ဆိုဗီယက်ယူနီယမ်ပြိုကွဲချိန်တွင် ဘာဘီနာသည် ဖောက်ထွင်းမှု ၊ လုယက်မှုနှင့် လူသတ်မှုတို့ကြောင့် သေဒဏ်ကျခံရကာ ထောင်အတွင်း သေဒဏ်စီရင်မည့် ရက်ကို စောင့်ဆိုင်းနေခဲ့ရသည်။သူ အကျဉ်းကျနေသည့် ထောင်သည် ဆိုဗီယက်ယူနီယမ်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေ ခဲ့ သဖြင့် ဆိဗီယက်ယူနီယမ် ပြိုကွဲသွားချိန်တွင် သူ၏ သေဒဏ်ကို ခြောက်နှစ် ဆိုင်းငံ့ခဲ့သည်။

 

ဘာဘီနာသည် အကျဉ်းထောင်တွင် ၂၆ နှစ်ကြာ နေခဲ့ရပြီးနောက် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် လွတ်မြောက်ခဲ့ သည်။ ထိုအချိန်တွင် ဆိုဗီယက်ယူနီယမ်နိုင်ငံ မရှိတော့သဖြင့် ဘာဘီနာသည် နိုင်ငံမဲ့တစ်ဦးဖြစ်ကြောင်း ကိုယ်တိုင်သိရှိခဲ့ ရ သည်။ထောင်မှ လွတ်မြောက်လာချိန်တွင် ရုရှား တရားရုံးတစ်ခုက ဘာဘီနာကို တရားမဝင် ရောက်ရှိနေသူဟု ကြေငြာကာ ခိုး ဝင်သူများ ထိန်းသိမ်းရေးစခန်းသို့ ပို့ရန် အမိန့်ထုတ်ခဲ့သည်။ ရုရှားတို့သည် ဘာဘီနာကို သူမွေးရာဇာတိဖြစ်သည့် ခါဇက်စ တန် သို့ နှင် ထုတ်လိုခဲ့ကြသော်လည်း ဘာဘီနာ၏မိသားစုဝင်များမှာမူ ရုရှားနိုင်ငံတွင် နေထိုင်လျက်ရှိနေကြပေသည်။

၉။ Mike Gogulski

မိုက်ခ် ဂိုဂူလ်စကီသည် ၂၀၀၈ ခုနှစ်တွင် ဆလိုဗေးကီးယားနိုင်ငံရှိ အမေရိကန်သံရုံးသို့ သွားရောက်၍ အမေရိကန် နိုင်ငံသားအဖြစ်မှ စွန့်လွှတ်ကြောင်းကြေညာခဲ့ကာ သူ၏ နိုင်ငံကူးလက်မှတ်ကို မီးရှို့ခဲ့သည်။သူသည်အမေရိကန်နိုင်ငံသား အဖြစ်မှ စွန့်လွှတ်ခဲ့သော်လည်း အခြားနိုင်ငံတစ်ခုခု၏ နိုင်ငံသားလည်း မဟုတ်ခဲ့ချေ။ထို့ကြောင့် မိုက်ခ် ဂိုဂူလ်စကီသည် မိမိကိုယ်တိုင် နိုင်ငံမဲ့တစ်ဦးဖြစ်အောင်ပြုလုပ်ခဲ့သည့် အသက်ရှင်သန်နေသူတစ်ဦးဟု ယူဆရပေသည်။

 

မိုက်ခ် ဂိုဂူလ်စကီသည် အမေရိကန် အစိုးရ ဆောင်ရွက်နေသည့် လမ်းကြောင်းကို မကြိုက်သဖြင့် နိုင်ငံသား အဖြစ်မှ စွန့်လွှတ်ကြောင်းပြောဆိုခဲ့သည်။နိုင်ငံကူး လက်မှတ်မရှိတော့သဖြင့် မိုက်ခ် ဂိုဂူလ်စကီသည် ဥရောပတိုက်နိုင်ငံတစ်ခုခုမှ ထွက် ခွာသွားရန် မဖြစ်နိုင်တော့ချေ။ကိုယ်ပိုင်နိုင်ငံမရှိသဖြင့် အခြား နိုင်ငံကူး လက်မှတ်တစ်ခုကို ရရှိနိုင်မည်လည်း မဟုတ် တော့ချေ။ ထို့ကြောင့် ဆလိုဗေးကီးယားနိုင်ငံ အစိုးရက မိုက်ခ် ဂိုဂူလ်စကီကို နိုင်ငံမဲ့သက်သေခံလက်မှတ်ကို ထုတ်ပေးခဲ့ သဖြင့် ယင်း လက် မှတ်သည်ပင် သူ၏ မှတ်ပုံတင်ကတ်ပြားဖြစ်လာခဲ့ရပေသည်။

၈။ Mehran Karimi Nasseri

အီရန်နိုင်ငံသားတစ်ဦးဖြစ်ခဲ့သူ မီဟရန်ကာရီမီ နက်စ်စီရီ သည် ၁၉၇၀ ပြည့်နှစ်တွင် အီရန် ရှားဘုရင်ကို ဆန့်ကျင် တော်လှန်ခဲ့သဖြင့် အီရန်နိုင်ငံသား အဖြစ်မှ ရုပ်သိမ်းခြင်းခံခဲ့ရသည်။အီရန်အစိုးရသည် သူ့ကို အီရန်နိုင်ငံသား မဟုတ်တော့ဟု ဆိုကာ နိုင်ငံအတွင်းမှ နှင်ထုတ်ခဲ့သဖြင့် နိုင်ငံအချို့သို့ ခိုလှုံခွင့် တောင်းခံခဲ့ရာ ဘယ်လျဂျီယမ်နိုင်ငံက လက်ခံခဲ့သည်။ ဥရောပသမဂ္ဂ၏ စည်းမျဉ်းများအရ နက်စ်စီရီ ၏ ခိုလှုံခွင့်သည် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအတွင်း ကြိုက်နှစ် သက် ရာနိုင်ငံတွင် နေခွင့်ရှိသဖြင့် နက်စ်စီရီ သည် ဗြိတိန်နိုင်ငံကို ရွေးချယ်ခဲ့သည်။

 

သို့သော် နက်စ်စီရီသည် ဗြိတိန်သို့ လာစဉ် မိမိ၏ အထောက်အထားစာရွက်စာတမ်းများယူဆောင်လာသည့် ခရီးဆောင်အိတ်ပျောက်ဆုံးခဲ့သည်။ဗြိတိန်အာဏာပိုင် များသည် အထောက်အထားများမပြနိုင်သည့် နက်စ်စီရီ ကို လက်မခံဘဲ ပြင်သစ်သို့ နှင်ထုတ်ခဲ့သည်။ ပြင်သစ်နိုင်ငံကလည်း မည်သည့် အထောက်အထားမှ မပါရှိသည့် နက်စ်စီရီ ကို ပြည်ဝင်ခွင့်မပြုခဲ့ချေ။ပြင်သစ်တို့သည် နက်စ်စီရီကို အခြားနိုင်ငံ တစ်ခုခုသို့ နှင် လိုသော်လည်း လက်ခံမည့်နိုင်ငံမရှိသဖြင့် ထောင်တစ်ခုခုသို့ပို့ရမည့် အခြေအနေသို့ ဆိုက်ရောက် ခဲ့သည်။

သို့သော် နက်စ်စီရီသည် ပြင်သစ်နိုင်ငံသို့ နိုင်ငံကူးလက်မှတ်ဖြင့် ရောက်ရှိလာခြင်းဖြစ်သဖြင့် အာဏာပိုင်များက လေဆိပ် ထွက်ခွာဆောင်တွင်သာ နေစေခဲ့ရာ ၁၉၈၈ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ လေဆိပ်အတွင်းနေထိုင်ခဲ့ရသည်။ ဘယ်လ်ဂျီ ယမ်နိုင်ငံက နက်စ်စီရီ ကို ပြင်သစ်နိုင်ငံသို့ ဝင်ရောက်နိုင်ရေးအတွက် ဒုက္ခသည် လက်မှတ်ထုတ်ပေးရန် ကြိုး ပမ်းခဲ့သော်လည်း ဘယ်လ်ဂျီယမ် နိုင်ငံဥပဒေအရ ဘယ်လ်ဂျီယမ်နိုင်ငံသို့ လူကိုယ်တိုင် လာရောက်ရန် လိုအပ်သည့်အပြင်ဘယ်လ်ဂျီယမ် နိုင်ငံမှ ထွက်ခွာသွားသည့် ဒုက္ခသည်ကို ပြန်လည် ဝင်ခွင့်မပြုရန်လည်း သတ်မှတ်ထားပေသည်။

 

၁၉၉၅ ခုနှစ်တွင် ဘယ်လ်ဂျီယမ် အစိုးရသည် နက်စ်စီရီကို လူမှု ဝန်ထမ်း လုပ်သားတစ်ဦး၏ ကြီးကြပ်မှုဖြင့် လက်ခံ ရန် ခွင့်ပြုခဲ့သော်လည်း နက်စ်စီရီ က ယူကေမှ လွဲ၍ အခြားနိုင်ငံတွင် မနေလိုဟု ငြင်းပယ်ခဲ့သည်။သူသည် ပြင်သစ်နိုင်ငံ ပါရီ လေဆိပ် ထွက်ခွာ ဆောင်၌ပင် နေထိုင်ခဲ့ရပြီး ကျန်းမာရေး ဆိုးရွားလာခဲ့သဖြင့် ၂၀၀၆ ခုနှစ်တွင် ပြင်သစ်ဆေးရုံတစ်ခုသို့ တင်ပို့ ခဲ့ရသည်။၂၀၀၈ ခုနှစ်တွင် မူ နက်စ်စီရီ သည် ပါရီမြို့တွင် တရားဝင်နေထိုင်ခွင့်ရရှိခဲ့သည်။ (မင်းသားကြီး Tom hanks သရုပ်ဆောင်ထားတဲ့ The Terminal ဇာတ်ကားဟာ Mehran ရဲ့ အကြောင်းကို အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်)

၇။ Sonia Camilise

ဒိုမီနီကန်နိုင်ငံသူ ဆိုနီယာ ကမ်မီလိစ်သည် ၂၀၀၈ ခုနှစ်တွင် ရုတ်တရက် နိုင်ငံမဲ့တစ်ဦးဖြစ်သွားခဲ့သည်။ဆိုနီယာသည် ဒိုမီနီကန်နိုင်ငံသား အဖြစ် လျှောက်ထားရာတွင် ဟေတီနိုင်ငံမှ ဒိုမီနီကန်သို့ ပြောင်းရွှေ့လာခဲ့သည့် ဖခင်ဖြစ်သူသည် သူ့ကို မွေးဖွားချိန်က နိုင်ငံအတွင်းတရားဝင်နေထိုင်ခဲ့ကြောင်း အထောက်အထားများ မပြနိုင်ခဲ့သဖြင့် နိုင်ငံသားဖြစ်ခွင့်ငြင်းပယ်ခြင်း ခံခဲ့ ရသည်။ ဟေတီနိုင်ငံကလည်း ဆိုနီယာကို ဒိုမီနီကန်နိုင်ငံသူ တစ်ဦးဖြစ်သဖြင့် ဟေတီ နိုင်ငံသားဖြစ်ခွင့်ကို ငြင်းပယ်ခဲ့သည်။

 

ဆိုနီယာသည် ဒိုမီနီကန်တွင် တစ်သက်တာနေထိုင်ခဲ့ပြီး ဟေတီနိုင်ငံသို့ ရောက်ပင် မရောက်ဖူးခဲ့ချေ။သူ၏ မိခင်ဖြစ် သူသည် ဒိုမီနီကန်တွင် မွေးဖွားခဲ့သူဖြစ်သော်လည်း ဖခင်ဖြစ်သူသည် ဒိုမီနီကန်သို့ တရားဝင် ဝင်ရောက်နေထိုင်ခဲ့ သူဖြစ် ကြောင်း အထောက်အထားမပြနိုင်ခဲ့သဖြင့် နိုင်ငံသားဖြစ်ခွင့်မရရှိခဲ့ချေ။ထို့ကြောင့် ဆိုနီယာသည် ကောလိပ်တက်ခွင့် မရရှိခဲ့ သကဲ့သို့ ဒိုမီနီကန်နိုင်ငံသားတစ်ဦးဦးနှင့် လက်ထပ်ခွင့်လည်းမရရှိခဲ့ချေ။ ထို့အတူ နိုင်ငံသား မဟုတ်သဖြင့် နိုင်ငံကူးခွင့် လက် မှတ်ထုတ်မပေးသောကြောင့် ဆိုနီယာသည် မည်သည့် နိုင်ငံသို့မှ သွားရောက်ခွင့် မရှိခဲ့ပါချေ။

၆။ Eliana Rubashkyn

ကိုလံဘီယာနိုင်ငံတွင် မွေးဖွားခဲ့သည့် အယ်လ်လီယာနာ ရူဘက်ချ်ကင်သည် ထူးခြားစွာပင် ဒွိလိင် တစ်ဦးဖြစ်ကာ အဖို အမ ခရိုမိုဇုန်း နှစ်ခုလုံးပါရှိနေသော်လည်း အမျိုးသားအမည် လုဝီစ် ရူဘက်ချ်ကင် ဖြင့် နေထိုင်ခဲ့သည်။ သူသည် တိုင်ဝမ် တွင် ကျောင်းတက်နေစဉ် ခွဲစိတ် ကုသမှုကို ခံယူ၍ အမျိုးသမီးဘဝကို ခံယူခဲ့ပြီးနောက် ရင်သားများကြီးထွားလာကာ မိန်းက လေးတစ်ဦးဖြစ်လာခဲ့သည်။ သူသည် တိုင်ပေတက္ကသိုလ်တွင်တက်ရောက်နေသူတစ်ဦးဖြစ်ရာ သူ၏ ပြည်ဝင်ခွင့် လက်မှတ်ကို နောက်ဆုံး အခြေ အနေအတိုင်းရှိစေရမည်ဟု တောင်းဆိုခဲ့ရာ အယ်လ်လီယာနာသည် ဟောင်ကောင်ရှိ ကိုလံဘီယာ ကောင်စစ်ဝန်ရုံးတွင် ဆောင် ရွက်ရန် ဆုံးဖြတ်ခဲ့သည်။

 

ဟောင်ကောင်လေဆိပ်သို့အရောက်တွင် အာဏာပိုင်များက သူ၏ ပြည်ဝင်ခွင့် လက်မှတ်တွင် အမျိုးသား ဟု ဖော်ပြထားသဖြင့် အမျိုးသမီးဖြစ်နေသူ အယ်လ်လီယာနာကို ပြည်ဝင်ခွင့်မပေးခဲ့ချေ။သို့သော် နောက်ဆုံးတွင် ပြည်ဝင်ခွင့်လက်မှတ်ကို သိမ်းဆည်း၍ ဟောင်ကောင်သို့ ဝင်ခွင့်ပြုခဲ့ရာ အယ်လ်လီယာနာသည် ဟောင်ကောင်တွင် လ အတန် ကြာ နေခဲ့ရပြီး ပြည်ဝင်ခွင့် သက်သေခံကတ်မပါရှိသဖြင့် မည်သည့် နေရာတွင်မှ တည်းခို၍ မရဘဲ လမ်းဘေးများနှင့် ကုန် သေတ္တာများတွင်အိပ်စက်ခဲ့ရသည်။

ကုလသမဂ္ဂသည် အယ်လ်လီယာနာကို လိင် ဒုက္ခသည် တစ်ဦးအဖြစ် လက်ခံခဲ့သည့်တိုင် မိခင်ကိုလံဘီယာနိုင်ငံ၏ နိုင်ငံသားအဖြစ်မှလည်း ဆုံးရှုံးခဲ့ရသည်။ထို့ကြောင့် မိခင်နိုင်ငံသို့လည်း ပြန်ခွင့်မရရှိသကဲ့သို့ နိုင်ငံအများကလည်း အယ်လ်လီ ယာနာ ကို လက်ခံရန် ငြင်းပယ်ခဲ့ကြသည်။၂၀၁၄ ခုနှစ်တွင် နယူးဇီလန်နိုင်ငံက လက်ခံခဲ့သည့်တိုင် အယ်လ်လီယာနာ သည် နိုင်ငံမဲ့ တစ်ဦးအဖြစ် ငါးနှစ်ကြာ နေရပေသည်။ နယူးဇီလန်နိုင်ငံ ဥပဒေအရ နယူးဇီလန်နိုင်ငံတွင် ငါးနှစ် နေထိုင်ပြီးမှသာ နိုင်ငံသား လက်မှတ်ရရှိမည်ဖြစ်သည်။

၅။ Muhammad Idrees

မိုဟာမက် အီဒရီးစ်သည် အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံအကြား တင်းမာသော ဆက်ဆံရေးတွင် ကံမကောင်းသော သားကောင်ဖြစ်ခဲ့ရသည်။ သူသည် ဗီဇာသက်တမ်းသုံးရက်ကျော်လွန်သောကြောင့် အိန္ဒိယနိုင်ငံအကျဉ်းထောင်တစ်ခုတွင် ၁၀ နှစ်ကြာနေခဲ့ရသည်။ အီဒရီးစ်သည် အိန္ဒိယနိုင်ငံတွင် မွေးဖွားခဲ့သူဖြစ်သော်လည်း လက်ထပ်ပြီးနောက် ပါကစ္စတန်သို့ ပြောင်း ရွှေ့ ခဲ့ကာ ပါကစ္စတန်နိုင်ငံသားဖြစ်လာခဲ့သည်။၁၉၉၉ ခုနှစ်တွင် နေမကောင်းဖြစ်နေသည့် ဖခင်ဖြစ်သူထံသွားရောက်ရန် အိန္ဒိယ နိုင်ငံသို့ ရောက်ရှိခဲ့သည်။

 

သူရောက်ရှိပြီးနောက် ဖခင်ဖြစ်သူ ကွယ်လွန်ခဲ့ရာ အီဒရီးစ်သည် ဗီဇာသက်တမ်းကျော် လွန် သွားသဖြင့် အိန္ဒိယ အာဏာပိုင်များထံတွင်သက်တမ်းတိုးလျှောက်ထားခဲ့သော်လည်း အာဏာပိုင်များက သူ့ကို ပါကစ္စတန် သူလျှိုဟု သံသယဝင်ကာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ပြီး ၁၀ နှစ်ကြာမှ ပြန်လည် လွတ်မြောက်ခဲ့သည်။ ထောင်မှ လွတ်လာပြီးနောက် အီဒရီးစ်သည် ပါကစ္စတန်နိုင်ငံသို့ ပြန်ရန်ကြိုးစားခဲ့ရာ ပါကစ္စတန်အစိုးရက သူသည် သူ၏ ဇနီးနှင့် ၁၀ နှစ်ကြာ အဆက်အသွယ်ပြတ်နေခဲ့သဖြင့် မိသားစုကိုပိုင်ဆိုင်ခြင်းမရှိတော့ကြောင်းနှင့် နိုင်ငံသား မဟုတ်တော့ ကြောင်း ပြောဆိုခဲ့သည်။ သူ၏ နိုင်ငံကူး လက်မှတ်သည် ၂၀၀၃ ခုနှစ်တွင်သက်တမ်းကုန်ဆုံးခဲ့သဖြင့် အသုံးမဝင်တော့ချေ။ ထို့ကြောင့် အီဒရီးစ်သည် အိန္ဒိယနိုင်ငံ၌ပင် နိုင်ငံမဲ့တစ်ဦးအဖြစ် သောင်တင်နေပေသည်။

၄။ Eun-ju

အွန်ဂျူးအမည်ရှိ မိန်းကလေးသည် မြောက်ကိုရီးယား သို့ မဟုတ် တရုတ် နိုင်ငံသားဟု ဆိုသော်လည်း နှစ်နိုင်ငံ လုံး က အသိအမှတ်ပြုထားခြင်းမရှိချေ။သူ၏ မိခင်နှင့် အဘွားတို့သည် တရုတ်နိုင်ငံသို့ ထွက်ပြေးခဲ့ချိန်အထိ မြောက်ကိုရီး ယား နိုင်ငံသားများဖြစ်ခဲ့ကြသည်။တရုတ်နိုင်ငံတွင်သူ၏ မိခင်သည် ကိုရီးယား တရုတ်ကပြားတစ်ဦးဖြစ်သူ ဖခင်နှင့် လက်ထပ် ခဲ့ ကာ၂၀၀၆ ခုနှစ်တွင် တရုတ်နိုင်ငံမှ တောင်ကိုရီးယားနိုင်ငံသို့ ဝင်ရောက်ရန် ကြိုးပမ်းစဉ်ပျောက်ဆုံးသွားခဲ့သည်။အွန်ဂျူး၏ ဖခင်သည်လည်း ၂၀၀၇ ခုနှစ်တွင် မတော်တဆမှုဖြစ်ကာ ကွယ်လွန်ခဲ့သည်။

 

အွန်ဂျူးနှင့် အဘွားဖြစ်သူတို့သည် တရုတ်နိုင်ငံတွင် ၂၀၁၂ ခုနှစ်အထိနေထိုင်ခဲ့ကြကာ အဘွားဖြစ်သူသည် လာအိုနှင့် ထိုင်းနိုင်ငံမှတစ်ဆင့် တောင်ကိုရီးယားနိုင်ငံသို့သွားရောက်ခဲ့ကာ နိုင်ငံရေး ခိုလှုံခွင့် ရရှိခဲ့သည်။၂၀၁၄ ခုနှစ်တွင် အွန်ဂျူးက တောင်ကိုရီးယားတွင် ခိုလှုံခွင့် တောင်းခံရာတွင်ငြင်းပယ်ခံခဲ့ရသည်။တောင်ကိုရီးယားနိုင်ငံဥပဒေအရ အဘွားဖြစ်သူက အသက် ရှင်သန်နေသည့်တိုင် အွန်ဂျူး၏ မိဘနှစ်ပါးသည် အသက်ရှင်သန်ခြင်းမရှိတော့သဖြင့် ခိုလှုံခွင့် ပေးနိုင်ခြင်းမရှိပါချေ။ထို့ကြောင့် တောင်ကိုရီးယားတွင်ရောက်ရှိနေသည့် အွန်ဂျူးသည် ကျောင်းတက်ခွင့်၊ ဘဏ်ငွေစာရင်းဖွင့်ခွင့်၊ ဆေးကုသမှု ခံယူခွင့်များ မရရှိပါချေ။

၃။ Sze Chung Cheung

ဇီချောင်ချွန်သည် ဟောင်ကောင်သား ဖခင်နှင့် ဘယ်လ်ဂျီယမ်သူ မိခင်တို့မှ မွေးဖွားသူ တစ်ဦးဖြစ်ကာ သူသည် မည် သည့် နိုင်ငံသားမှ မဟုတ်ချေ။သူ့ကို ဟောင်ကောင်တွင် မွေးဖွားခဲ့ပြီး ဘယ်လ်ဂျီယမ် နိုင်ငံသား ကတ်ကို ကိုင်ဆောင်ထား သော်လည်းပျောက်ဆုံးသွားသဖြင့် ပြန်လည်လျှောက်ထားရာတွင် နိုင်ငံသားဖြစ်ခွင့် ဆုံးရှုံးခဲ့ရသည်။ ဘယ်လ်ဂျီယမ်နိုင်ငံ ဥပဒေအရ နိုင်ငံပြင်ပတွင် မွေးဖွားခဲ့သည့် နိုင်ငံသားတစ်ဦးသည် အသက် ၁၈ နှစ် မှ ၂၈ နှစ်အတွင်း ဘယ်လ်ဂျီယမ်နိုင်ငံတွင် နေထိုင်ရန်၊သို့မဟုတ် အသက် ၂၈ နှစ်မတိုင်မီ ဘယ်လ်ဂျီယမ်နိုင်ငံသားအဖြစ် ရပ်တည်ရန် ဆန္ဒရှိကြောင်းကို လက်မှတ် ရေးထိုးထားရန် လိုအပ်သည်။

 

ဇီချောင်ချွန်သည် ယင်းလိုအပ်ချက်များကို လက်မှတ်ရေးထိုးခဲ့ခြင်းမရှိသည့်အတွက် နိုင်ငံသား အဖြစ်မှ ဆုံးရှုံးသွားခဲ့ သည်။ ဇီချောင်ချွန်ကဲ့သို့ပင် ဟောင်ကောင်တွင် နေထိုင်သည့် ဘယ်လ်ဂျီယမ်ဖွား ညီအစ်ကို နှစ်ဦးသည် ၂၀၀၆ ခုနှစ်တွင် နိုင်ငံသားဖြစ်ခွင့် ဆုံးရှုံးခဲ့သည်။သူတို့နှစ်ဦး၏ ဖခင်သည် ဘယ်လ်ဂျီယမ် သြစတြေလျ ကပြားဖြစ်၍ မိခင်က တရုတ်နိုင်ငံသူ ဖြစ်သည်။ဘယ်လ်ဂျီယမ်၊ သြစတြေလျနှင့် ဟောင်ကောင်တို့သည် နှစ်နိုင်ငံ နိုင်ငံသားဖြစ်ခွင့် မပြုကြသဖြင့် သြစတြေလျက သူတို့ ညီအစ်ကိုသည် တရုတ်နိုင်ငံသားများဖြစ်ကြောင်းပြောဆိုခဲ့ပြီး နာက်ပိုင်းတွင် ဟောင်ကောင်သည် ဗြိတိသျှ လက် အောက်တွင်ရှိခဲ့သဖြင့် ဗြိတိသျှ နိုင်ငံသားများဖြစ်ကြောင်း ပြောကြားခဲ့သည်။(ယင်းညီနောင် နှစ်ဦးသည် တရားရုံးကြားဝင်မှုဖြင့် ၂၁၀၃ ခုနှစ်တွင် ဘယ်လ်ဂျီယမ်နိုင်ငံသားများ ပြန်လည် ဖြစ်လာခဲ့ကြသည်။)

၂။ Frederick Ngubane

အာဖရိကလူငယ် ဖရက်ဒရစ် ငူဘိန်း ၏ အဖြစ်အပျက်သည် စိတ်ဝင်စားဖွယ်ကောင်းခဲ့ကာ သူသည် မည်သည့် အကြောင်းအရာကြောင့် ဟု မသိရှိခဲ့ဘဲ နိုင်ငံမဲ့တစ်ဦးဖြစ်သွားခဲ့သည်။သူက မိမိသည် တောင်အာဖရိကနိုင်ငံသားဟု ပြော ဆိုခဲ့သော်လည်း တောင်အာဖရိက နိုင်ငံက ငြင်းဆိုခဲ့သည်။သူ၏ ကွယ်လွန်သွားသော မိဘများသည် တောင်အာဖရိက နိုင်ငံ သားများဖြစ်ကြသော်လည်း ငူဘိန်းသည် မွေးစာရင်းပျောက်ဆုံးနေခဲ့ကာ နိုင်ငံသားဖြစ်ကြောင်း အထောက်အထား မပြနိုင်ခဲ့ချေ။

 

ငူဘိန်းက သူ၏ ဖခင်ကွယ်လွန်ပြီးနောက် သူ သုံးနှစ်သားအရွယ်တွင် မိခင်ဖြစ်သူနှင့် အတူ ကင်ညာနိုင်ငံသို့ ထွက် ခွာခဲ့ကာ သူ၏ မိခင်သည် ၂၀၀၂ ခုနှစ်တွင်ကွယ်လွန်ခဲ့ပြီးနောက် မိခင်ဖြစ်သူ၏သူငယ်ချင်းတစ်ယောက်နှင့်အတူ ယူဂန္ဓာသို့ ပြောင်း ရွှေ့ခဲ့သည်။ထိုသူသည် ၂၀၀၈ ခုနှစ်တွင်ကွယ်လွန်ခဲ့ရာ ငူဘိန်းသည် တောင်အာဖရိကနိုင်ငံသို့ ပြန်ရန် ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့် ကင်ညာနိုင်ငံရှိ တောင်အာဖရိက ကောင်စစ်ဝန်ရုံးသို့သွားကာ ပြည်ဝင်ခွင့် တောင်းခံခဲ့ရာ ကောင်စစ်ဝန်က ပယ်ချခဲ့ ကာ တောင်အာဖရိကနိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာနသို့သွားရန် ညွှန်ကြားခဲ့သည်။

ငူဘိန်းသည် တောင်အာဖရိကနိုင်ငံသို့ မွေးစာရင်းပြသကာ ဝင်ရောက်ခွင့်ရရှိခဲ့သော်လည်း သူ၏ မွေးစာရင်းသည် အငှားယာဉ်ပေါ်တွင်ပျောက်ဆုံးသွားခဲ့သည်။ပြည်ထဲရေးဝန်ကြီးဌာနက တောင်အာဖရိကတွင် ဖွားမြင်ခဲ့ကြောင်း အထောက် အထားမပြနိုင်သဖြင့် ငူဘိန်းကို မွေးစာရင်းမိတ္တူလည်း မထုတ်ပေးနိုင်ခဲ့ဘဲ နိုင်ငံမဲ့တစ်ဦး ဖြစ်လာခဲ့ရပေသည်။

၁။ Maha Mamo

မဟာမာမိုအမည်ရှိ အမျိုးသမီးကို ဆီရီးယား မိဘများက လက်ဘနွန်နိုင်ငံတွင် မွေးဖွားခဲ့သည်။သို့သော် သူနှင့်သူ၏ မွေးချင်းနှစ်ယောက်သည် နိုင်ငံမဲ့များဖြစ်နေကြသည်။လက်ဘနွန်နိုင်ငံက သူတို့၏ဖခင်သည် လက်ဘနွန်နိုင်ငံဥပဒေအရ လက် ဘနွန်နိုင်ငံသား မဟုတ်သဖြင့် သူတို့သည် နိုင်ငံသား မဟုတ်ဟု ဆိုခဲ့သည်။ဆီရီးယားနိုင်ငံကလည်း ခရစ်ယာန် ဘာ သာဝင် ဖခင်နှင့် အစ္စလာမ်ဘာသာဝင် မိခင်တို့က ဖွားမြင်ခဲ့သူများကို နိုင်ငံသား ဖြစ်ခွင့်မရှိဟု ငြင်းပယ်ခဲ့သည်။

 

နိုင်ငံသားများ မဟုတ်ကြသဖြင့် မဟာမာမို နှင့် မောင်နှမများသည်အလုပ်လုပ်ခွင့်နှင့်ခရီးသွားခွင့်မရရှိကြချေ။ သူတို့ သည် ဖုန်းကတ်တစ်ခုပင် ဝယ်ယူခွင့်မရရှိခဲ့ကြချေ။သို့သော် ၂၀၁၄ ခုနှစ်တွင်ကံကောင်းထောက်မစွာပင် လက်ဘနွန်ရှိ ဘရာဇီး လ်သံရုံးက သူတို့အား လူသားချင်းစာနာသည့် ဗီဇာနှင့် ခရီး သွားလာခွင့် စာရွက်စာတမ်းများကို ထုတ်ပေးခဲ့သည်။

သူတို့သည် ဘရာဇီးလ်နိုင်ငံတွင် အသိမိတ်ဆွေမရှိသဖြင့် အခက်အခဲများ နှင့် ရင်ဆိုင်ခဲ့ကြရပြန်ရာ မိတ်ဆွေတစ်ဦးက ဘရာဇီးလ် မိသားစု တစ်ခု နှင့် မိတ်ဆက်ပေးခဲ့သည်။ယင်းမိသားစုက တစ်ခါမှ မမြင်ဖူးသော မဟာမာမိုတို့အား သူ့အိမ်တွင် နေထိုင်ခွင့်ပြုခဲ့သည်။ ဘရာဇီးလ်နိုင်ငံသည် ဆီရီးယားနိုင်ငံမှ လူသားချင်းစာနာသည့်ဗီဇာများကို ၂၀၁၃ ခုနှစ်မှ စတင်၍ ထုတ်ပေးခဲ့ရာ ဦၤးရေ ၈၀၀၀ ကျော်ရှိခဲ့ပြီး မဟာမာမိုတို့သည်လည်း အပါအဝင်ဖြစ်သည်။

 

ဤ ကမ္ဘာပေါ်ရှိ နိုင်ငံတစ်ခုတွင် မွေးဖွားလာကြသည့်တိုင် အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံမဲ့ဖြစ်နေကြသူများသည် လူမှု အခွင့်အရေးများဆုံးရှုံးကာ များစွာ ဒုက္ခရောက်ရှိနေကြသည့် အနက် ဖော်ပြခဲ့သည့် နိုင်ငံမဲ့၁၀ ဦးတို့သည် အထင်ရှားဆုံး ဖြစ် ခဲ့ကြ ပေသည်။ ရေးသားသူ – ကောင်းစည်သူ(သုတစွယ်စုံ) ,

Leave a Comment