Daily News

အာဖကန်မှာ လေယာဉ်ပေါ်တက်ပြေးရင်း ဘီးကြားညှပ်ခဲ့ရသူဟာ နိုင်ငံ့လက်ရွေးစင်ဘောလုံးသမားဖြစ်နေ

အာဖကန်နစ္စတန်ကို တာလီဘန်တွေပြန်သိမ်းပိုက်လိုက်ချိန်မှာ နိုင်ငံတွင်းပြည်သူတွေဟာ ဆောက်တည်ရာမရဖြစ်ခဲ့ပါတယ်။ တိုးတက်နေတဲ့တိုင်းပြည်ကနေ အဖိနှိပ်ခံဘဝကိုပြန်ရောက်တော့မယ့်အရေးကို တွေးမြင်သူတွေက လေဆိပ်ကနေ အသည်းအသန်ထွက်ပြေးခဲ့ကြပါတယ်။

အဲဒီအချိန်မှာ လေယာဉ်ထိုင်ခုံတွေကိုဖြုတ်၊ လူတွေအများကြီးသယ်ဆောင်ကာ အမေရိကန်က လေဆိပ်ကနေ ထွက်ခွင့်ပေးခဲ့ပေမဲ့ လူထုကြီးကပိုများခဲ့ပါတယ်။ ဘီးရဘီးဖက်လိုက်၊ ခြေနင်းခုံရခြေနင်းခုံဖက်လိုက်ရင်းနဲ့ လေယာဉ်ရှေ့ဘီး (landing gear)မှာလည်း လူတွေညှပ်ခဲ့ပါတယ်။

စိတ်မကောင်းစွာနဲ့ပဲညှပ်ခဲ့သူဟာ နိုင်ငံ့လက်ရွေးစင်ဘောလုံးသမားဖြစ်နေပြီး၊ အသက် ၁၉နှစ်ပဲရှိသေးတယ်လို့ သိရပါတယ်။ Fifpro ကအတည်ပြုထားချက်အရ အဆိုပါကစားသမားဟာ ဇာကီ အန်ဝါရီ (Zaki Anwari)၊ လူငယ်နံပါတ် ၁၀ ကစားသမားဖြစ်ပါတယ်။

ဩဂုတ်လ ၁၆ရက်နေ့မှာ အမေရိကန် စီ၁၇လေယာဉ်၊ ကာတာလေဆိပ်ကိုဆင်းအပြီး၊ ခန္ဓာကိုယ်တွေအားလုံးကို ဆက်စပ်လို့ရခဲ့ပါတယ်။ ဘယ်သူဘယ်ဝါမှန်းမသိလိုက်ခင်မှာ ဂျာနယ်လစ် ဘာဘက်တက်ဂ်ဗေးဆိုသူက ဒီကလေးဟာ အာဖဂန်လူငယ်လက်ရွေးစင် နံပါတ်၁၀ဆိုတာကို အတည်ပြုရာကနေ တကယ်မှန်နေခဲ့ပါတယ်။

ဒါ့အပြင် အန်ဝါရီဟာ သူအခုလို လေယာဉ်ပေါ်ပြေးမတက်ခင် ဖေ့ဘုတ်မှာ စတေးတပ်တင်ထားခဲ့ပါသေးတယ်။ ” မင်းဘဝကို ဆေးခြယ်တာက မင်းကိုယ်တိုင်ပဲ၊ ဘယ်တယောက်ကိုမှ ဆေးစုတ်တံကို ပေးမကိုင်ပါစေနဲ့’ လို့ရေးသားထားခဲ့ပါတယ်။

အန်ဝါရီရဲ့စကားဟာ အတော်လေးကို တာသွားပြီး၊ အာဏာရှင်ထက်ရက်စက်တဲ့ အစွန်းရောက်တွေအောက်တော့ မနေဘူးလို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ လူငယ်ခြေတက်၊ နိုင်ငံရဲ့နံပါတ် ၁၀လို ကလေးမျိုးဟာ ဘီးဖက်လိုက်ရလိုက်ရဆိုတဲ့ လမ်းကြောင်းကိုပဲရွေးသွားခဲ့ပါတယ်။

လက်ရှိမှာ ဘောလုံးလောကအတွင်းလည်း အန်ဝါရီရဲ့ကိစ္စအတွက် ဝမ်းနည်းနေကြပါတယ်။ ကစားသမားဟာ သူနဲ့အပေါင်းအသင်းတွေကြား အလားအလာရှိလူငယ်လေးအဖြစ်သတ်မှတ်ခံထားရပြီး၊ အန်ဝါရီအခုလိုမျိုးဖြစ်တဲ့အပေါ် မယုံကြည်နိုင်ဆဲဖြစ်နေကြတယ်လို့ သိရပါတယ်။

Source:Fifpro

Leave a Comment