Wed. Oct 27th, 2021

အိုင်ယာလန်နိုင်ငံ ဟာ ဥရောပအနောက်မြောက်ပိုင်းက အိုင်ယာလန်ကျွန်းပေါ်မှာတည်ရှိတဲ့နိုင်ငံဖြစ်ပြီး တရားဝင်အမည်က အိုင်ယာလန်သမ္မတနိုင်ငံဖြစ်ပါတယ်။ အိုင်ယာလန်ကျွန်းဧရိယာစုစုပေါင်းရဲ့ ၅ပုံ၄ပုံခန့်ကို ပိုင်ဆိုင်ထားပြီး ကျန် ၁ပုံကတော့ ယူကေထဲမှာပါရှိတဲ့ မြောက်အိုင်ယာလန်နိုင်ငံဖြစ်ပါတယ်။ အနောက်ဘက်မှာ အတ္တလန္တိတ်သမုဒ္ဒရာ ၊ အရှေ့ဘက်မှာ အိုင်းရစ်ပင်လယ် ၊ အရှေ့တောင်ဘက်မှာ ဆဲတစ်ပင်လယ် ၊ မြောက်ဘက်မှာတော့ မြောက်အိုင်ယာလန်နိုင်ငံတို့နဲ့ ထိစပ်နေပါတယ်။




နိုင်ငံရဲ့ အကျယ်အဝန်းကတော့ ဧရိယာစတုရန်းမိုင်ပေါင်း ၂၇,၁၃၃ ဖြစ်ပြီး ၂၀၂၀ ခုနှစ်စာရင်းအရ လူဦးရေ ၄,၉၇၇,၄၀၀ ခန့်ရှိပါတယ်။ ရုံးသုံးဘာသာစကားကတော့ အင်္ဂလိပ် နဲ့ အိုင်းရစ်ဘာသာစကားတွေဖြစ်ပြီး ပိုလန် ၊ ဘော်လ်တစ် နဲ့ စကော့ဘာသာစကားသုံးစွဲသူ အနည်းငယ်ရှိပါတယ်။ အိုင်းရစ်လူမျိုးအများဆုံးဖြစ်ပြီး နိုင်ငံလူဦးရေစုစုပေါင်းရဲ့ ၈၂% ဟာ လူဖြူအိုင်းရစ်တွေဖြစ်ကာ အာရှသား ၊ အာဖရိကန် ၊ လူမည်းအိုင်းရစ်တွေလည်း နေထိုင်ကြပါတယ်။ ကိုးကွယ်ယုံကြည်မှုအနေနဲ့တော့ ခရစ်ယာန်ဘာသာကို လူဦးရေရဲ့ ၈၇% လောက်က ကိုးကွယ်ကြပြီး ခရစ်ယာန်ထဲမှာမှ အများစုက ရိုမန်ကက်သလစ် ဘာသာဝင်တွေဖြစ်ပါတယ်။



နယ်မြေပေါင်း ၂၆ ခုခွဲကာ အုပ်ချုပ်ပြီး မြို့တော် နဲ့ အကြီးဆုံးမြို့က ဒပ်ဘလင် မြို့ဖြစ်ပါတယ်။ ဗိုက်ကင်းတွေဟာ ၉ရာစုကတည်းက ဒီနေရာမှာ ဒပ်ဘလင် ဘုရင့်နိုင်ငံကို ထူထောင်ခဲ့ကြတာဖြစ်ပါတယ်။ ၁၇ ရာစုမှာတော့ ဒပ်ဘလင်ဟာ ဗြိတိသျှအင်ပါယာရဲ့ ဒုတိယအကြီးဆုံးမြို့ကြီးဖြစ်လာခဲ့ပြီး အိုင်းရစ်တွေလွတ်လပ်ရေးရပြီး အိုင်ယာလန်နိုင်ငံထူထောင်ချိန်မှာတော့ မြို့တော်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ဒပ်ဘလင်မြို့တော်မှာ လူဦးရေ ၅သိန်းခွဲခန့်နေထိုင်ကြပြီး အိုင်ယာလန်နိုင်ငံရဲ့ အခြားထင်ရှားတဲ့ မြို့တွေကတော့ Cork ၊ Limerick နဲ့ Galway မြို့တွေဖြစ်ပါတယ်။


သမိုင်းကြောင်း

ယခုအိုင်ယာလန်တည်ရှိရာနေရာမှာ လူသားတွေ ပထမဆုံးခြေချခဲ့တာကတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၂၅၀၀ ခန့်လောက်ကတည်းကဖြစ်ပါတယ်။ အိုင်ယာလန်ကျွန်းဟာ မူလက ဂရိတ်ဗြိတိန်ကျွန်းနဲ့ တဆက်တည်းရှိနေခဲ့ပြီး ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှုနဲ့ အတူ ရေခဲတွေအရည်ပျော်ရာကနေ ယနေ့လိုခွဲထွက်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အိုင်ယာလန်ကျွန်းရဲ့ နေရာအားလုံးနီးပါး ဘီစီ ၁၀၀၀၀ ဝန်းကျင်လောက်အထိ ရေခဲပြင်တွေဖြစ်နေတုန်းပါ။



ဘီစီ ၃၅၀ ခန့်မှာတော့ ဒီနေရာကို ဥရောပက Celts လူမျိုးတွေလာရောက်နေထိုင်ကြပြီး ဘီစီ ၅၅ မှာတော့ ရောမစစ်ဗိုလ်ချုပ် ဂျူးလိယက်ဆီဇာက သိမ်းပိုက်လိုက်တဲ့အတွက် အိုင်ယာလန်ဒေသမှာ ရောမအင်ပါယာရဲ့ နယ်မြေတခုဖြစ်လာခဲ့ပါတယ်။

ရောမတွေဟာ ဒီဒေသကို အေဒီ ၅ရာစုတိုင်အောင် အုပ်စိုးခဲ့ပြီး ရောမတွေထွက်ခွာသွားတဲ့နောက်မှာတော့ မျိုးနွယ်စုခေါင်းဆောင်တွေ ၊ ရောမသံတမန်တွေ နဲ့ ခရစ်ယာန်သာသနာပြုတွေက အုပ်ချုပ်ခဲ့ကြပါတယ်။ အိုင်ယာလန်ကို အေဒီ ၅ရာစုအစောပိုင်းကတည်းက ဘုန်းတော်ကြီး Saint Patrick ကနေ တဆင့် ခရစ်ယာန်ဘာသာစတင်ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။


အေဒီ ၈ ရာစုခန့်မှာတော့ ဒီနယ်မြေကို ဗိုက်ကင်းတွေရောက်ရှိလာခဲ့ပြီး ၉ရာစုမှာတော့ အိုင်ယာလန်ဘုရင့်နိုင်ငံကို တည်ထောင်ခဲ့ကြပါတယ်။ အေဒီ ၁၂ရာစုခန့်မှာတော့ အိုင်ယာလန် တကျွန်းလုံးဟာ အင်္ဂလန်ဘုရင်တွေရဲ့ လက်အောက်ကိုကျရောက်ခဲ့ပါတယ်။ အင်္ဂလိပ်တွေရဲ့ နယ်မြေအဖြစ် နှစ်ပေါင်း ၈၀၀ ခန့်နေခဲ့ရပြီး ၁၉၁၆ ခုနှစ်ကစလို့ အင်္ဂလိပ်တွေဆီက ဖြေလျော့မှုတွေရခဲ့ပါတယ်။ ၁၉၂၂ ခုနှစ်မှာတော့ Irish Free State ကို တည်ထောင်ခဲ့ပြီး ၁၉၄၉ ခုနှစ်မှာတော့ လွတ်လပ်တဲ့ သမ္မတနိုင်ငံဖြစ်လာခဲ့ပါတယ်။



အိုင်ယာလန်ကျွန်းတောင်ပိုင်း နဲ့ အလယ်ပိုင်း ဒေသတွေမှာ နေထိုင်သူတွေက အင်္ဂလိပ်တို့လက်အောက်ကနေ ထွက်ကာ နိုင်ငံထူထောင်ချင်ကြပေမယ့် မြောက်ပိုင်းကတော့ အင်္ဂလိပ်လက်အောက်မှာပဲ နေချင်ခဲ့ပါတယ်။ ဒါကြောင့်လည်း အင်္ဂလိပ်တို့က အလယ်ပိုင်း နဲ့ တောင်ပိုင်းကို လွတ်လပ်ရေးပေးပြီး မြောက်ပိုင်းကိုတော့ ယူကေရဲ့တစိတ်တပိုင်း မြောက်အိုင်ယာလန်အဖြစ် ဆက်လက်ရှိစေခဲ့တာဖြစ်ပါတယ်။


မြောက်ပိုင်းမှာ နေထိုင်သူအများစုက ပရိုတက်စတင့်များဖြစ်ပြီး ကျန်ဒေသမှာနေထိုင်သူတွေက ရိုမန်ကက်သလစ်တွေဖြစ်တဲ့အတွက် အချင်းချင်းကြား တိုက်ပွဲတွေလည်း ပြင်းထန်ခဲ့ပါတယ်။ အိုင်ယာလန်က လွတ်လပ်ရေးရပြီးနောက် ဘာသာရေးအထိကရုဏ်းတွေ မရှိတော့ပေမယ့် မြောက်အိုင်ယာလန်မှာတော့ ၁၉၆၀ ခုနှစ်လောက်ကစလို့ ၁၉၈၈ ခုနှစ်တိုင်အောင် နှစ်ပေါင်း ၄၀နီးပါး အထိကရုဏ်းများစွာ ဖြစ်ခဲ့ပြီး ဒီဖြစ်ရပ်ကိုတော့ The Troubles လို့ လူသိများပါတယ်။ ဒီအကျိုးဆက်ကြောင့် ပဋိပက္ခတိုက်ပွဲများအကြား လူပေါင်း ၃၀၀၀ကျော် သေဆုံးခဲ့ရသလို မြောက်အိုင်ယာလန်ရဲ့ စီးပွားရေးကို ယနေ့ထိတိုင် ထိခိုက်နေဆဲဖြစ်ပါတယ်။

အိုင်ယာလန်နိုင်ငံဟာ လွတ်လပ်ရေးရပြီးနောက်မှာတော့ ဥရောပရဲ့ အဆင်းရဲဆုံးနိုင်ငံများထဲမှာ ပါဝင်ခဲ့ပြီး စီးပွားရေးအဆင်မပြေမှုများကြောင့် နိုင်ငံသားပေါင်းများစွာဟာ အိုင်ယာလန်ကို စွန့်ခွာခဲ့ကြပါတယ်။ ၁၉၅၀ ခုနှစ်နောက်ပိုင်းမှာတော့ ပြုပြင်ပြောင်းလဲရေးတွေကို စတင်လုပ်ခဲ့ပြီး တဖြည်းဖြည်းတိုးတက်လာခဲ့ကာ ၁၉၇၃ ခုနှစ်မှာတော့ ဥရောပသမဂ္ဂကိုဝင်ရောက်ခဲ့ပါတယ်။


၁၉၈၀ နောက်ပိုင်းမှာ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို အကြီးအကျယ် ပြုလုပ်ခဲ့ပြီး အခွန်ကောက်ခံခြင်းနှင့် ဥပဒေ စဉ်းမျဉ်းများကို သိသာစွာ လျော့ချပစ်ခဲ့ရာကနေ ၂၀၀၀ ဝန်းကျင်မှာတော့ အလျှင်အမြန်တိုးတက်လာတဲ့ နိုင်ငံစာရင်းထဲ ပါဝင်လာခဲ့ပါတယ်။ တပြည်ထောင် ပါတီစုံ သမ္မတအုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးပြီး သမ္မတက Michael D. Higgins ဖြစ်ကာ ဝန်ကြီးချုပ်ကတော့ Micheál Martin ဖြစ်ပါတယ်။



အိုင်ယာလန်နိုင်ငံရဲ့ နေရာအများစုဟာ တောင်ကုန်းတောင်တန်း ကုန်းမြင့်တွေဖြစ်ပြီး ကမ်းရိုးတန်းတွေကလည်း အလွန်မတ်စောက်ပါတယ်။ ရေခဲမြစ်တွေအရည်ပျော်ကျပြီးတဲ့နောက် ရွှံစေးမြေ ၊ သဲမြေတွေနဲ့အတူ ၊ စွတ်စိုတဲ့မြေ နဲ့ ရေကန်တွေ အလွန်ပေါပါတယ်။


အေးမြတဲ့ရာသီဥတုရှိကာ မိုးများပြီး အမြဲတမ်းလိုလို စိမ်းလန်းစိုပြေနေတဲ့အတွက် အိုင်ယာလန်နိုင်ငံကို မြစိမ်းရောင်ကျွန်း Emerald Isle လို့ ခေါ်ဆိုကြတယ်။ အိုင်ယာလန်နိုင်ငံရဲ့အမြင့်ဆုံးတောင်ကတော့ Kerry ဒေသမှာတည်ရှိတဲ့ Carrauntoohil တောင်ဖြစ်ကာ အမြင့်ပေ ၃၄၀၇ပေ မြင့်ပါတယ်။ နေ့စဉ်ပျမ်းမျှအပူချိန်ကတော့ ၁၄ဒီဂရီဆဲစီးယပ်ကနေ ၁၆ဒီဂရီခန့်သာ ရှိတတ်ပါတယ်။



စီးပွားရေးအနေနဲ့တော့ ဆေးဝါးထုတ်လုပ်ရေး ၊ ဓာတုပစ္စည်းများ ၊ ကွန်ပျူတာဆက်စပ်ပစ္စည်းများ ၊ အစားအစာ အဖျော်ယမကာ နဲ့ ကျန်းမာရေးဆိုင်ရာ ကိရိယာထုတ်လုပ်ခြင်း လုပ်ငန်းတွေကို လုပ်ကိုင်ကြပါတယ်။ ၂၀၁၉ ခုနှစ် ကမ္ဘာ့ဘဏ်စာရင်းအရ အိုင်ယာလန်နိုင်ငံသားတဦးချင်းစီရဲ့ နှစ်စဉ်ပျမ်းမျှဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၈၃,၈၁၃ ရှိခဲ့ပြီး ကမ္ဘာပေါ်မှာ ပဉ္စမမြောက်အချမ်းသာဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံထားရပါတယ်။ အိုင်ယာလန်နိုင်ငံဟာ ငွေကြေးစနစ်အနေနဲ့တော့ ယူရို ကိုသုံးစွဲပါတယ်။


အိုင်ယာလန်ဟာ ပညာရေးကို အထူးအားပေးတဲ့နိုင်ငံဖြစ်ပြီး မူလတန်း နဲ့ အလယ်တန်းအဆင့်ကတည်းက သက်ဆိုင်ရာအဖွဲ့အစည်းက အထူးပြဌာန်းထားတဲ့ သင်ရိုးတွေနဲ့သင်ရပါတယ်။ အသက် ၆နှစ်ကနေ ၁၅နှစ်အထိ မသင်မနေရ ပညာရေးစနစ်ကို ကျင့်သုံးပြီး အိုင်ယာလန်မှာ အရွယ်ရောက်ပြီးသူ စာတတ်မြောက်နှုန်းက ၉၉% ရှိပါတယ်။ အခြေခံ ၊ အလယ်တန်း နဲ့ တက္ကသိုလ် ကောလိပ်များအထိ အခမဲ့ပညာရေးစနစ်ဖြစ်ပါတယ်။ အိုင်ယာလန်မှာ တက္ကသိုလ်ကြီး ၈ခုအပြင် အခြားနည်းပညာဆိုင်ရာ ကောလိပ် ၊ သင်တန်းကျောင်းတွေလည်း များစွာရှိပါတယ်။ နိုင်ငံသားအားလုံးရဲ့ ၃၇% ကျော်ဟာ တက္ကသိုလ်ဘွဲ့ရပြီးသူတွေဖြစ်ပါတယ်။

အိုင်ယာလန်နိုင်ငံရဲ့ စိတ်ဝင်စားစရာအချက်များ



အိုင်ယာလန် ဆိုတဲ့နာမည်ဟာ အိုင်းရစ်ဒဏ္ဍာရီလာ Ériu နတ်သမီးကနေ ဆင်းသက်လာခဲ့တာဖြစ်ပြီး အိုင်းရစ်ဘာသာစကား နဲ့ အိုင်ယာလန်ကို Ériu လို့ခေါ်ဝေါ်ခဲ့ပြီး အင်္ဂလိပ်ဘာသာနဲ့ တော့ အိုင်ယာလန် Ireland လို့ခေါ်ဝေါ်ခဲ့တာဖြစ်ပါတယ်။

အိုင်ယာလန်နိုင်ငံဟာ လက်ရှိအချိန်မှာ အချမ်းသာဆုံးနိုင်ငံစာရင်းမှာ ပါဝင်နေပေမယ့် တချိန်ကတော့ အလွန်ဆိုးဝါးလွန်းတဲ့ အခြေအနေတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ ဥပမာပြောရရင် ၁၈၄၅ ကနေ ၁၈၅၁ ခုနှစ်အတွင်း အာလူးခင်းတွေ ပျက်စီးသွားလို့ အငတ်ဘေးနဲ့ ရောဂါတွေကြောင့် လူပေါင်း တစ်သန်းနီးပါး သေဆုံးခဲ့ကာ နိုင်ငံလူဦးရေရဲ့ ၅ပုံ၁ပုံ ကျဆင်းတဲ့အထိ ဆိုးဝါးခဲ့ပါတယ်။


Cork နယ်မြေမှာရှိတဲ့ Cork သင်္ဘောဆိပ်ကမ်းဟာ ကမ္ဘာပေါ်မှာ ဒုတိယအကြီးဆုံးသဘာဝဆိပ်ကမ်း အဖြစ်သတ်မှတ်ခံထားရပါတယ်။ ဒီဆိပ်ကမ်းဟာ ၁၉၀၀ ခုနှစ်ကတည်းက နိုင်ငံရဲ့ အဓိက ဆိပ်ကမ်းတခုဖြစ်ခဲ့ပြီး ၂၀ရာစု စက်မှုလုပ်ငန်းတွေအတွက် အလွန်အရေးပါတဲ့ ဆိပ်ကမ်းတခုဖြစ်ခဲ့ပါတယ်။

အိုင်ယာလန်နိုင်ငံမှာ ယူနက်စကို ရဲ့ သဘာ၀ အမွေအနှစ်နေရာ ၂ခုရှိတဲ့အနက် ၁ခုကတော့ Meath ဒေသမှာရှိတဲ့ Boyne valley tombs ဖြစ်ပါတယ်။ ဒီနေရာဟာ Boyne မြစ်ကွေ့ပေါ်မှာတည်ရှိပြီး နိုင်ငံရဲ့သမိုင်းမှာ အရေးပါတဲ့ နေရာတခုဖြစ်ပါတယ်။



ဒီနေရာမှာ လူသားတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀၀၀ လောက်ကတည်းက အခြေချနေထိုင်ခဲ့ကြတာဖြစ်ပြီး အထိမ်းအမှတ်အဆောက်အဦးတွေကိုတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀၀ ခန့်ကတည်းက တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဒီနေရာမှာ အဝိုင်းပုံ ဧရာမ တောင်ပို့အဆောက်အအုံကြီးတခုနဲ့အတူ အခြားသင်္ချိုင်းဂူပေါင်း ၉၀ ခန့်ရှိနေပါတယ်။ အီဂျစ်ပိရမစ်တွေထက်တောင် ရှေးပိုကျခဲ့တဲ့နေရာဖြစ်ပါတယ်။


နောက်ထပ် ယူနက်စကိုနေရာတခုကတော့ Iveragh ကျွန်းဆွယ်မှာတည်ရှိတဲ့ Skellig Michael ကျွန်း ဖြစ်ပါတယ်။ ရေပြင်ထဲကနေ ထိုးထွက်လာတဲ့ဧရာမကျောက်ဆောင်ကြီးရဲ့ ပုံသဏ္ဍာန်ဖြစ်ပါတယ်။ ကျွန်း ၂ကျွန်းထိစပ်နေတာကြောင့် အမွှာပူးကျွန်းလို့လည်းခေါ်ကြပါတယ်။

ပညာရှင်တွေကတော့ ဒီကျွန်းတွေဟာ လွန်ခဲ့တဲ့နှစ်သန်းပေါင်း ၃၆၀ လောက်က ရေပြင်ထဲကနေ ထိုးထွက်လာခဲ့တာဖြစ်တယ်လို့ ဆိုကြပါတယ်။ ဒီနေရာဟာ ၅၄ဧကကျယ်ဝန်းပြီး အမြင့်ဆုံးနေရာက ၇၁၅ပေ ရှိပါတယ်။ ခရီးသွားတွေဟာ ဒီကျွန်းပေါ်ကို ခက်ခက်ခဲခဲ သွားရောက်လေ့ရှိကြတဲ့အကြောင်းကတော့ ကျွန်းရဲ့အမြင့်ဆုံးနေရာမှာ အေဒီ ၁၁ရာစုခန့်လောက်ကတည်းက တည်ဆောက်ထားတဲ့ ခရစ်ယာန်ဘုရားကျောင်းတွေ ရှိနေလို့ဖြစ်ပါတယ်။



အိုင်ယာလန်နိုင်ငံရဲ့ အမှတ်အသားသင်္ကေတကတော့ တူရိယာပစ္စည်းတခုဖြစ်တဲ့ စောင်း ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ တူရိယာပစ္စည်းကို နိုင်ငံအမှတ်အသားအဖြစ် ထားတဲ့နိုင်ငံဟာ အိုင်ယာလန်တနိုင်ငံပဲ ရှိပါတယ်။ စောင်းဟာ အလယ်ခေတ်လောက်ကတည်းက အိုင်းရစ်လူ့ယဉ်ကျေးမှု အသိုင်းအဝိုင်းမှာ ထင်ရှားအရေးပါခဲ့တဲ့ တူရိယာပစ္စည်းဖြစ်ပါတယ်။


အိုင်ယာလန်မှာ မြွေမရှိတာဟာ ယခုမှမဟုတ်ပဲ လွန်ခဲ့တဲ့နှစ်ထောင်ချီ ကာလတွေကတည်းက ဖြစ်ပါတယ်။ အေးခဲလွန်းတဲ့ နိုင်ငံရဲ့ရာသီဥတု နဲ့ မြေမျက်နှာပြင်အနေအထားတွေကြောင့် မြွေတွေမနေနိုင်ကြလို့ဖြစ်ပါတယ်။ ဒီနိုင်ငံမှာ တွားသွားတိရစ္ဆာန်ဆိုလို့ viviparous ကစ်လစ်ချော နဲ့ Slowworms တွေပဲ ရှိပါတယ်။

အိုင်ယာလန်နိုင်ငံရဲတိုက်ပေါင်း ထောင်နဲ့ချီပြီးရှိကာ ထင်ရှားတဲ့ရဲတိုက်တွေကတော့ Bunratty ၊ Cahir ၊ Ashford ၊ Malahide နဲ့ The Rock of Cashel ရဲတိုက်တွေဖြစ်ပါတယ်။ အကြီးဆုံးရဲတိုက်ကတော့ ၁၂ရာစုလက်ရာ စတုရန်းပေ ၁သိန်းနီးပါးကျယ်ဝန်းတဲ့ Trim ရဲတိုက်ဖြစ်ပြီး အိုင်ယာလန်နိုင်ငံမြောက်ပိုင်း Trim မြို့မှာ တည်ရှိပါတယ်။


ကမ္ဘာပေါ်မှာ အလှဆုံးစာကြည့်တိုက်တခုအဖြစ် သတ်မှတ်ခံထားရတဲ့ Trinity ကောလိပ်စာကြည့်တိုက်ဟာ အိုင်ယာလန်နိုင်ငံ မြို့တော်ဒပ်ဘလင်မှာ တည်ရှိပါတယ်။ The Long Room လို့ခေါ်တဲ့ စာကြည့်တိုက်ဟာ အလျား ၂၁၃ပေ ရှိတဲ့ ခန်းမကြီးတစ်ခုဖြစ်ပြီး ၁၇၁၂ခုနှစ် နဲ့ ၁၇၃၂ခုနှစ်ကြားမှာ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဗိသုကာလက်ရာမြောက်ဆောက်လုပ်ထားတဲ့ ဒီအခန်းထဲမှာ စာအုပ်ပေါင်း ၂သိန်းကျော်ကို စာအုပ်စင် အဆင့်ဆင့်နဲ့ သိမ်းဆည်းထားပါတယ်။


အိုင်ယာလန်နိုင်ငံရဲ့ အလံတော်ကို အစိမ်း ၊ အဖြူ ၊ လိမ္မော်ရောင်တွေနဲ့ ဖွဲ့စည်းထားပြီး ဒီအလံကို ၁၈၄၈ ခုနှစ်ကတည်းက သုံးခဲ့ကြတာဖြစ်ပါတယ်။ အစိမ်းရောင်ဟာ ယခုအိုင်ယာလန်နိုင်ငံမှာနေထိုင်တဲ့ အိုင်းရစ်လူမျိုးတွေကို ကိုယ်စားပြုပြီး လိမ္မော်ရောင်ကတော့ မြောက်ပိုင်းက အင်္ဂလန်ဘုရင် William III (William of Orange) ထောက်ခံသူတွေကို ကိုယ်စားပြုပါတယ်။ ဒီအရောင် နှစ်ခု အလယ်က အဖြူရောင်ကတော့ ဒီမတူညီတဲ့ လူထုကြီး ၂ခုအကြား ငြိမ်းချမ်းရေး ကို ကိုယ်စားပြုပါတယ်။




ထင်ရှားတဲ့ အိုင်ယာလန်နိုင်ငံသားတွေကတော့ U2 အဆိုတော် Bono ၊ နာမည်အကြီးဆုံး MMA ဖိုက်တာတယောက်ဖြစ်တဲ့ Conor McGregor ၊ SCHINDLER’S LIST ဇာတ်ကားနဲ့ နာမည်ကြီးခဲ့တဲ့ မင်းသားကြီး Liam Neeson ၊ ဟောလိဝုဒ်ရွှေခေတ်မှာ နှစ်အကြာဆုံး အအောင်မြင်ဆုံးမင်းသမီးတလက်ဖြစ်ခဲ့တဲ့ Maureen O’Hara ၊ ပထမဆုံးအိုင်ယာလန်အမျိုးသမီးသမ္မတ Mary Robinson နဲ့ ကမ္ဘာ့အကျော်ကြားဆုံး ကဗျာဆရာ ပြဇာတ်ဆရာတယောက်ဖြစ်တဲ့ အော်စကာဝိုင်းလ် တို့အပြင် အခြားလူပုဂ္ဂိုလ်ပေါင်းများစွာ ရှိနေပါသေးတယ်။


အိုင်ယာလန်အမျိုးသားဘောလုံးအသင်းကိုတော့ ၁၈၈၂ ခုနှစ်ကတည်းက တကျွန်းလုံးကိုယ်စားပြုအဖြစ် စတင်တည်ထောင်ခဲ့ပါတယ်။ ၁၉၂၁ ခုနှစ်မှာတော့ မြောက်အိုင်ယာလန်အသင်း နဲ့ အိုင်ယာလန်အသင်းဆိုပြီး ၂သင်းကွဲသွားခဲ့ပါတယ်။ အိုင်ယာလန်ဘောလုံးအသင်းဟာ ကမ္ဘာ့ဖလားကို ၃ကြိမ်ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အကောင်းဆုံးရလာဒ်အနေနဲ့ ကွာတားဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့ပါတယ်။ ထင်ရှားတဲ့ အိုင်းရစ်ဘောလုံးသမားတွေကတော့ ရွှိုင်ကိန်း ၊ ရော်ဘီကိန်း ၊ ဒါမီယန်ဒပ်ဖ် ၊ ဂျွန်အိုရှေး နဲ့ ရှေးဂစ်ဗင် တို့ဖြစ်ပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *