Love

ပျော်ရွှင်ကြည်နူးဖွယ်ကောင်းတဲ့ သမီးရည်းစားဆက်ဆံရေးကို ပိုင်ဆိုင်ချင်ကြတဲ့ ယောကျာ်းများအတွက်

ကြီးပြင်းလာပုံချင်းမတူညီတဲ့ လူသားနှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် ကြိုက်နှစ်သက်ပြီး ရွှေလက်တွဲလိုက်တဲ့အခါ တစ်ယောက်အပေါ်တစ်ယောက် နားလည်နိုင်စွမ်း၊ စိတ်ရှည်သည်းခံနိုင်စွမ်းလည်း လိုအပ်ပါတယ်။ ဒါမှသာ သက်ဆုံးတိုင် ပျော်ရွှင်ကြည်နူးစွာ ဖြတ်သန်းနိုင်ကြမှာပါ။

တခါတရံမှာ စိတ်ဖိစီးမှုကြောင့် ကိုယ့်ချစ်သူအပေါ် စိတ်တိုဒေါသထွက် လွယ်တတ်ပါတယ်။ ထိုအချိန်မျိုးမှာ အခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေကို ကျင့်သုံးနိုင်ပါတယ်။

မကျေနပ်ချက်တွေကို စိတ်ထဲမှာ စုမထားပါနဲ့

တစ်ယောက်အပေါ်တစ်ယောက် မကျေနပ်တာတွေ စိတ်ခုတာတွေကတော့ ရှိနိုင်ပါတယ်။ ထိုမကျေနပ်ချက်တွေကို စိတ်ထဲမှာ စုထားပြီး သည်းမခံနိုင်တဲ့အဆုံးမှ ပေါက်ကွဲမယ့်အစား ကိုယ် ဘာတွေ မကြိုက်တတ်ဘူးလဲ။ ဘာ့ကြောင့် စိတ်ဆိုးရသလဲ စတာတွေကို ပွင့်ပွင့်လင်းလင်းပြောထားမယ်ဆိုရင်တော့ တဖြည်းဖြည်းသွေးအေးသွားမယ့်အနေအထားကို ကြိုတင်ကာကွယ်နိုင်ပါတယ်။

ကိုယ့်မှာရှိတဲ့အရာနဲ့ ကျေနပ်ရောင့်ရဲပါ

တခြားသူတွေရဲ့ကောင်မလေးတွေက သူတို့ချစ်သူကောင်လေးတွေကို ဘယ်လိုမျိုး ဂရုစိုက်တာ ဘယ်လို Surprise မျိုးတွေ လုပ်ပေးတာ စသည်ဖြင့် နှိုင်းယှဉ်နေမယ့်အစား ကိုယ့်ကောင်မလေးက ကိုယ့်အတွက် လုပ်ပေးနိုင်တာလေးတွေနဲ့ ကျေနပ်ပေးဖို့ လိုပါလိမ့်မယ်။ ကိုယ့်ကောင်မလေးကို တခြားသူတွေနဲ့ မနှိုင်းယှဉ်ခင်မှာ သင်ကိုယ်တိုင်ကရော တခြားကောင်လေးတွေလိုမျိုး ချစ်ပြတတ်ရဲ့လားဆိုတာကို ပြန်လည်ဆန်းစစ်ဖို့ လိုပါလိမ့်မယ်။

ကိုယ်ပိုင်အချိန် ဖန်တီးခွင့်ပေးလိုက်ပါ

နှစ်ယောက်အတူတူ ရှိနေတဲ့အချိန်တွေက သာယာကြည်နူးဖွယ်ကောင်းပေမယ့် ကိုယ့်ကောင်မလေးရဲ့ ဝါသနာတွေအတွက် ကိုယ်ပိုင်အချိန်ပေးဖို့ လိုအပ်ပါတယ်။ တစ်ယောက်ရဲ့ဝါသနာကို အခြားတစ်ယောက်က စိတ်မဝင်စားပါဘဲနဲ့ လိုက်ပြီး အဖော်ပြုပေးနေရမယ်ဆိုရင် ကြာလာတဲ့အခါ စိတ်ကျဉ်းကြပ်ပြီး မပျော်မရွှင်ဖြစ်လာတတ်ပါတယ်။

ယုံကြည်မှု တည်ဆောက်ပါ

မနာလိုဝန်တိုမှုတွေသည် သင်တို့ရဲ့ဆက်ဆံရေးကို ပျက်စီးစေနိုင်ပါတယ်။ ကိုယ့်ရဲ့ကောင်မလေးကို မျက်လုံးစိမ်းတွေနဲ့ တစ်ချိန်လုံး သံသယဝင်နေမယ့်အစား သူ(မ)ရဲ့ကိုယ်ကျင့်တရားကို ယုံကြည်ပါ။ ယုံကြည်မှုတည်ဆောက်ဖို့ရန်အတွက်တော့ အချိန်အတိုင်းအတာတစ်ခု လိုအပ်ပါတယ်။ ထိုအချိန်ကာလ ကျော်လွန်သွားပြီဆိုရင်တော့ သင်တို့ဆက်ဆံရေးသည် ကမ္ဘာပေါ်မှာ အပျော်ရွှင်ရဆုံးဆက်ဆံရေးတစ်ခုဖြစ်သွားပါပြီ။

တစ်ယောက်ကို တစ်ယောက် နားထောင်ပေးရပါမယ်

ချစ်သူစုံတွဲဆက်ဆံရေးမှာ နားထောင်ပေးခြင်းသည် အရေးကြီးဆုံးအရာတစ်ခုဖြစ်ပါတယ်။ တခါတရံမှာ ကျွန်တော်တို့တွေက ကိုယ့်ခံစားချက်နဲ့ကိုယ် လုံးလည်ပတ်ချာလိုက်နေတာကြောင့် အခြားသူရဲ့စိတ်ခံစားချက်ကို သေချာနားစိုက်မထောင်ပေးနိုင်ကြပါတယ်။

မိန်းကလေးတွေရဲ့သဘာဝကတော့ စကားများတတ်ကြခြင်းပဲဖြစ်ပါတယ်။ ယောကျာ်းလေးတွေကတော့ ကြာတော့ နားမခံသာတော့ဘဲ သာမန်ကာလျှံကာ အပေါ်ယံလောက်သာ နားထောင်ပြီး စိတ်ထဲ မထားကြတော့ပါဘူး။ သင်ကိုယ်တိုင်လည်း ထိုကဲ့သို့ ပြုမူနေမိမယ်ဆိုရင်တော့ သင့်ကောင်မလေးက ကြာလာရင် သင့်ကို ဘာမှ ဖွင့်ဟတိုင်ပင်မှာ မဟုတ်တော့ပါဘူး။

Source: Relate.org.uk

Leave a Comment