နွေးထွေးမှု မေတ္တာတရားများနှင့် ဂျပန်နိုင်ငံ၏ ဖန်တီးမှု (၁၅) ခု
ဂျပန်နိုင်ငံဟုဆိုလျှင် ဆန်းသစ်သော တီထွင်ဖန်တီးများနှင့်တွဲပြီး လူသိများကြပါတယ်။ စက်ရုပ်ကဲ့သို့သော အကြီးစားတီထွင်မှုများသာမက နေ့စဉ်ဘဝအတွက် လိုအပ်သော အသေးစားတီထွင်မှုများလည်း ပြုလုပ်လျက်ရှိကြပါတယ်။ဥပမာအားဖြင့် စားသောက်ဆိုင်များတွင် ဧည့်သည်များအတွက် အိတ်ထည့်ရန်ခြင်းတောင်းများ ကဲ့သို့သော အသေးစိတ်တီထွင်မှုများကြောင့် လူအများ၏ စိတ်ဝင်စားခြင်းကို ခံရသော နိုင်ငံတစ်နိုင်ငံ ဖြစ်နေရခြင်းပဲ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံသုံး ပစ္စည်းများကို အနီးကပ်လေ့လာကြည့်မည် ဆိုပါက ချစ်ခြင်းမေတ္တာနှင့်နွေးထွေးမှုများစွာကို မြင်တွေ့နိုင်မှာဖြစ်ပါတယ်။
(၁) မသန်စွမ်းသင်္ကေတပြ စတစ်ကာများ
နိုင်ငံတကာမှာတော့ တွန်းလှည်းပေါ် လူတစ်ဦးထိုင်နေပုံဖြင့် ဖော်ပြကြပေမယ့်လည်း ဂျပန်နိုင်ငံ ကတော့ မသန်စွမ်းယာဉ်မောင်းသူ၏ အမှတ်အသားအတွက် သစ်ရွက် ၄ ရွက်ကိုသုံးပါတယ်။အကြောင်းကတော့ မသန်စွမ်းသူများအားလုံးဟာ ဘီးတပ်ကုလားထိုင်ကိုသာ အသုံးပြုသည်ဟူသော အတွေးကိုရှောင်ရှားရန်ဖြစ်ပါတယ်။ ထို သစ်ရွက်၄ရွက်ဟာ ကံကောင်းခြင်း၏ အမှတ်အသားဖြစ်ပြီး စွမ်းရည်ချို့တဲ့ခြင်းအစား ထူးခြားမှုရှိနေခြင်း ဆိုသော အတွေးကို တွေးမိစေပါတယ်။
(၂)သက်ကြီးရွယ်အို ယာဉ်မောင်းများအတွက် စတစ်ကာများ
အသက်(၇၀) နှစ်နှင့်အထက် ယာဉ်မောင်းများ၏ ကားများတွင် အဆိုပါအချက်ပြစတစ်ကာများ အသုံးပြုလေ့ရှိကြပါတယ်။ထို့ကြောင့် အခြားယာဉ်မောင်းများအနေနဲ့လည်း ပိုမိုဂရုပြုမောင်းနှင်သောကြောင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးကို များစွာအထောက်အကူပြုပါတယ်။ထို့အပြင် အဆိုပါအမှတ်အသားပါရှိသော သက်ကြီးရွယ်အိုများအတွက် သီးသန့်ကားပါကင်များလည်း စီစဉ်ပေးလေ့ရှိကြပါတယ်။
(၃) ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက်ကိုယ်ဝန်ဆောင်တံဆိပ်များ
“ရင်သွေးလေးလွယ်ထားပါတယ်” စာတန်းရေးသားထားသော ကိုယ်ဝန်သည်တံဆိပ်လေးများကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများဟာ ရထားပေါ်မှာ ထိုင်ခုံဦးစားပေးခံရကြပါတယ်။
(၄) အပူပေးအိမ်သာထိုင်ခုံနှင့် လက်ဆေးကန်
ဆောင်းရာသီအတွက် အသုံးဝင်မည့် အပူပေးစနစ်ပါဝင်သော အိမ်သာခုံများ ကို လက်ဆေးကန်များနှင့်တွဲ၍ ထုတ်လုပ်လေ့ရှိကြပါတယ်။လက်ဆေးရာတွင်အသုံးပြုလိုက်သောရေများကိုနောက်တစ်ကြိမ်ရေဆွဲချရာတွင် အသုံးပြုစေခြင်းဖြင့် ရေကုန်သက်သာစေမှာလဲ ဖြစ်ပါတယ်။
သက်ကြီးရွယ်အိုများအတွက် လျှပ်စစ်သုံးခုံမြင့်အိမ်သာ
(၅) သီချင်းဆိုရန် အသံတိတ် မိုက်ကရိုဖုန်း
တိုက်ခန်းမှာ နေထိုင်သူများအတွက် မိမိအိမ်၌ပင် ကာရာအိုကေဆိုခြင်းက အိမ်နီးချင်းများကို အနှောင့်အယှက်ဖြစ်စေနိုင်မှာပါ။ ထိုကြောင့် ဂျပန်ကုမ္ပဏီများက သင့်အသံ၏ ၇၀ ရာခိုင်နှုန်းခန့်ကိုပိတ်ဆို့ထားနိုင်သော မိုက်ခရိုဖုန်းများကို ထုတ်လုပ်ခဲ့ပါတယ်။
(၆) နေ့စဉ်သုံးပစ္စည်းများမှ မျက်မမြင်စာ
ဂျပန်နိုင်ငံတွင် မျက်မမြင်စာအသုံးပြုခြင်းများ ကျယ်ပြန့်ပါတယ်။ အရက်နှင့်အခြားအဖျော်ယမကာများကိုခွဲခြားနိုင်ရန် သံဘူးများပေါ်တွင်လည်းကောင်း ၊ အိမ်သာခလုတ်များ၊ မြေပုံများ၊ ကျည်ဆံရထားပေါ်မှ ထိုင်ခုံနံပါတ်များ၊ အကြွေစေ့စက်များနှင့် ကော်ပုလင်းများပေါ်တွင်ပင် မျက်မမြင်စာများ တပ်ထားပါတယ်။
(၇) မျက်မမြင်များအတွက် လမ်းဘေးရှိအဝါရောင်မျဉ်းများ
Seiichi Miyake က ထိတွေ့ရုံဖြင့် သိနိုင်သောအဝါရောင်လိုင်းများကို ဖန်တီးခဲ့ပါတယ်။ အဝါရောင်ကို အသုံးပြုရခြင်းကတော့ မျက်စိအမြင်အားနည်းသူများပင် ထင်ထင်ရှားရှား မြင်သာနိုင်ရန်အတွက်လည်း ဖြစ်ပါတယ်။အစက်လေးများဟာ ရှေ့တွင်အန္တရာယ်ရှိကြောင်းကို သတိပေးရန်ဖြစ်ပြီး မျဉ်းကြောင်းများကတော့ ဦးတည်ရာကို ညွှန်ပြပေးရန်ဖြစ်ပါတယ်။
(၈) သော့ခလောက်များပါသောထီးစင်
ထီးပျောက်ခြင်းကို ကာကွယ်ရန် ထီးစင်အများစုမှာ သော့ခလောက်များပြုလုပ်ထားပါတယ်။ထို့ကြောင့် အဆောက်အအုံများအတွင် သွားလာရာမှာ ထီးဖြင့်ခိုက်မိခြင်းများမရှိတော့သလို ထီးမှရေများကျပြီး ကြမ်းပြင်များစိုစွတ်ခြင်း ၊ ချော်လဲခြင်းများကိုလဲ ကာကွယ်ပြီးသားဖြစ်သွားပါတော့တယ်။
(၉) ငွေပေးချေရာတွင် ဗန်းငယ်များကိုသုံးခြင်း
ယဉ်ကျေးသော အလေ့အထတစ်ခုဖြစ်ရုံသာမက ပေးချေသော ငွေစာရင်းအတိအကျကို အလွယ်တကူမြင်နိုင်ပြီး မတော်တဆ ပြုတ်ကျခြင်းများကိုလည်း လျော့နည်းစေပါတယ်။
(၁၀) အများသုံးတယ်လီဖုန်း
စမတ်ဖုန်းများကိုသာ လူတိုင်း အသုံးပြုနေကြသော်လည်း သဘာဝဘေးအန္တရာယ်များတွင် အသုံးဝင်သော အများသုံး ကြိုးတပ်တယ်လီဖုန်းများကိုလည်း ဆက်လက်ထားရှိ ထားပါတယ်။ထို့အပြင် ဘီးတပ်ကုလားထိုင် အသုံးပြုသူများလည်း အဆင်ပြေစေရန် သင့်တော်သော အနိမ့်အမြင့်များကို စီစဉ်ထားရှိပါတယ်။
(၁၁) နားလေးသူယာဉ်မောင်းများအတွက် စတစ်ကာ
ဂျပန်သည် ဤအမှတ်အသားကိုမိတ်ဆက်ခြင်းဖြင့် အကြားအာရုံချို့တဲ့သော ယာဉ်မောင်းများကို အသိအမှတ်ပြုရုံသာမက အခြားယာဉ်မောင်းများကိုလည်း ဤအမှတ်အသားပါသော ယာဉ်မောင်းများနှင့်ဆက်ဆံရာတွင်စိတ်ရှည် သည်းခံစေရန် ရည်ရွယ်ပါတယ်။အဆိုပါစတစ်ကာအား လိပ်ပြာသဏ္ဍာန် ပြုလုပ်ထားရခြင်းကတော့ နားထောင်ခြင်း(Chou) ဟူသောစကားလုံးကို နှစ်ခါအသုံးပြုသည့်အခါ လိပ်ပြာ( ChouChou) ဟု အဓိပ္ပါယ်ရသောကြောင့် ဖြစ်ပါတယ်။
(၁၂) ကလေးများလမ်းကူးရာတွင် အသုံးပြုရန် အဝါရောင်အလံလေးများ
ဂျပန်နိုင်ငံမှ ကလေးငယ်များဟာ အုပ်ထိန်းသူမပါဘဲ ကိုယ်တိုင်သွားလာကြလေ့ရှိသောကြောင့် ကားရှုပ်သောလမ်းမများ ကိုလည်း ကူးဖြတ်ရကြပါတယ်။ထိုအခါများအတွက် ယာဉ်မောင်းများ သတိပြုနိုင်စေရန် လမ်းဘေးတဖက်တချက်တွင် အလံဝါလေးများ ထားပေးလေ့ရှိပြီး လမ်းကူးသူကလေးငယ်လေးများက အလံကိုအသုံးပြုလမ်းကူးပြီးလျှင် အခြားတစ်ဖက်၌ ပြန်လည်ချထားပေးခဲ့ရပါတယ်။
(၁၃) ဆောက်လုပ်ရေးလုပ်ငန်းများမှ ချစ်စရာကောင်းသော ဒေါက်တိုင်လေးများ
ဆောက်လုပ်ရေး လုပ်ငန်းများသည် တိကျသောအချိန်၌ ပြီးစီးရန်လိုအပ်ပြီး အကြောင်းတစ်ခုခုကြောင့် မပြီးစီးနိုင်သည့်အခါ လမ်းသွားလမ်းလာများအား အဆိုပါ မျက်စိအေးချမ်းဖွယ် အရုပ်ဒေါက်တိုင်လေးများကို သုံးလေ့ရှိပါတယ်။
(၁၄) ဖွင့်ဖောက်ရန် လွယ်ကူသော အစားအသောက် ထုပ်ပိုးမှုများ
ဝယ်ယူသူများအတွက် ဖွင့်ဖောက်ရန်လွယ်ကူသော ထုပ်ပိုးမှုဖြင့် အသင့်စား အစားအစာများကို convenience stores များမှာ အလွယ်တကူဝယ်ယူရရှိနိုင်ရန် ဆောင်ရွက်ထားကြပါတယ်။
(၁၅) သမင်လေးများစားနိုင်သော အိတ်များ
ဂျပန်နိုင်ငံ Nara အရပ်ဟာ ခရီးသွားဧည့်သည်များ စွန့်ပစ်သည့် ပလတ်စတစ်အိတ်များကို သမင်လေးများ မစားသောက်မိစေရန် အိတ်များကို နို့ဘူးများနှင့် ဆန်ဖွဲနုများဖြင့်ပြုလုပ်ကြပါတယ်။ မကြာသေးမီက ခရီးသွားလုပ်ငန်းကျဆင်းမှုများ ရှိခဲ့သော်လည်း ၎င်းတို့၏ သဘာဝရတနာများကိုကာကွယ်ရန် ကုမ္ပဏီများစွာက အတူတကွ ပူးပေါင်းလုပ်ဆောင်နေကြပါတယ်။
အထက်ပါ အချက်များထဲမှ ဂျပန်နိုင်ငံနှင့် ကျွန်ုပ်တို့နိုင်ငံအကြား တူညီသောအချက်များရှိရင်လည်း ရေးသားပေးခဲ့ကြပါဦး။
Sources Brightside
Written One Daily Media
One Daily Media Copyright © 2022ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။