success

လုပ်ငန်းခွင် စွမ်းရည်ဆောင်မြှင့်တင်နိုင်မယ့် နည်းလမ်းများ

ယနေ့ ၂၁ ရာစုမှာ နည်းပညာတွေ တိုးတက်ပြောင်းလဲလာတာနဲ့အမျှ ပြိုင်ဆိုင်မှုတွေလည်း များပြားလာပါတယ်။ အရာရာမှာ သူတစ်ပါးထက် နှာတစ်ဖျားသာနေမှသာ အောင်မြင်မှုဆိုတာရရှိနိုင်မှာပါ။ ဒါပေမယ့်ကိုယ့်ရဲ့အလုပ်မှာ တက်ကြွမှုအပြည့်မရှိဘဲ အောင်မြင်နိုင်ပါ့မလား။ ကျောင်းနေပျော်မှ စာတော်မည်ဆိုသလိုပဲ လုပ်ငန်းခွင်မှာလည်း နေပျော်မှ ကိုယ့်အတွက်အလားလာကောင်းတွေ ရရှိနိုင်မှာဖြစ်ပါတယ်။

ဒါကြောင့်လုပ်ငန်းခွင်မှာ အများနဲ့မတူဘဲ နေ့စဉ်လန်းဆန်းတက်ကြွနေစေဖို့ အောင်မြင်သူတို့ရဲ့ လျှို့ဝှက်ချက်များကို ဖော်ပြပေးလိုက်ပါတယ်။

(၁) လုပ်ငန်းပိုင်းဆိုင်ရာ အောင်မြင်မှုများကို Diary ရေးပါ

Source : ThoughtCo

တနေ့တာခံစားချက်တွေကို Diary ရေးထားခြင်းဟာ နောင်တချိန်မှာ ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်နိုင်စေဖို့ အထောက်အကူပြုပါတယ်။ ထိုနည်းတူပဲ လုပ်ငန်းခွင်မှာလဲ ကိုယ်စွမ်းဆောင်နိုင်ခဲ့သမျှကို Diary အဖြစ် ချရေးပြီးပြန်ပြန်ဖတ်ပါ။ ဒီလိုလုပ်ခြင်းဟာ သင့်ရဲ့စွမ်းဆောင်ရည်ကို သင်ကိုယ်တိုင်သတိပြုမိစေလို့ Self-Confidence လည်း တိုးပွားလာစေနိုင်မှာဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိလာတာနဲ့အမျှ Motivation တွေလည်း တိုးပွားစေမှာပါ။

(၂) ကိုယ့်ရဲ့ဦးတည်ချက်ကို မမေ့လိုက်ပါနဲ့

Source : 123rf.com

တစ်ခါတစ်ရံမှာ လုပ်ငန်းဆောင်တာတွေများပြီး ကိုယ်လုပ်နေရတဲ့ ဦးတည်ချက်ကိုမေ့လျော့သွားနိုင်ပါတယ်။ ကိုယ် ဘယ်အရာကို ဘာအတွက်လုပ်နေရလည်းဆိုတာ အမြဲသတိနဲ့ ပြန်လည်သုံးသပ်ပါ။ ယနေ့ခေတ်အခါမှာ Work Hard ထက် Work Smart က သင့်ကိုအောင်မြင်မှုဆီ ပို့ဆောင်ပေးမှာဖြစ်လို့ အရာရာကိုဦးတည်ချက်ရှိရှိနဲ့ ပါးနပ်စွာလုပ်ဆောင်ပါ။

(၃) Comfort Zone ထဲက ဖောက်ထွက်ပါ

Source : Top Echelon

လုပ်ငန်းခွင်မှာ ကျွမ်းကျင်ရာတာဝန်တစ်ခုထဲကိုပဲ လုပ်ဆောင်နေရလို့ ငြီးငွေ့လာပြီလား။ ဒါဆိုရင်တော့ သင့်ရဲ့ကိုယ်ရည်ကိုယ်သွေးကို တိုးတက်စေမယ့် ပညာရပ်အသစ်တွေကို အဆက်မပြတ် လေ့လာဆည်းပူးပါ။ ပညာရဲရင့် ပွဲလယ်တင့်ဆိုသလိုပဲ ဝမ်းစာပြည့်နေမယ်ဆိုရင် ဘယ်နေရာမှာမဆို သင့်ကိုယ်သင်ယုံကြည်မှုအပြည့်နဲ့ တက်တက်ကြွကြွလုပ်ဆောင်နိုင်မှာပါ။

(၄) သင့်ရဲ့လုပ်ဖော်ကိုင်ဖက်များထံမှ Feedback တောင်းပါ

Source : 123rf.com

လုပ်ငန်းခွင်မှာ ကိုယ့်စွမ်းဆောင်နိုင်စွမ်းကို အပြည့်အဝသိထားမှသာ ယုံကြည်မှုရှိရှိ ဆက်လက်လုပ်ဆောင်နိုင်မှာပါ။ ကိုယ့်ရဲ့လုပ်ဆောင်နိုင်စွမ်းကို သိနိုင်ဖို့ဆိုရင်တော့ ကိုယ်နဲ့အနီးစပ်ဆုံးမှာရှိနေတဲ့ လုပ်ဖော်ကိုင်ဖက်တွေထံက အကြံဉာဏ်တောင်းတာ အကောင်းဆုံးပါ။ အကယ်၍ သင်သာကောင်းတဲ့ Feedback မျိုးရခဲ့မယ်ဆိုရင် ဒါဟာသင့်အတွက် အားတက်စရာတစ်ခု ဖြစ်စေမှာပါ။ အရေးကြီးတာတစ်ခုကတော့ သင့်ရဲ့လုပ်ဖော်ကိုင်ဖက်ဟာ သင်ယုံကြည်ရတဲ့လူဖြစ်နေဖို့ လိုပါတယ်။

(၅) ကိုယ့်ကိုယ်ကိုသာ ပြိုင်ဘက်လို့သဘောထားပါ

Source : Pricilla Abrantes

ဘယ်နေရာမှာမဆို သူတစ်ပါးကို လိုက်ယှဉ်ပြိုင်ခြင်းဟာ သင့်ကိုကောင်းကျိုးမပေးနိုင်ပါဘူး။ ဒါပေမဲ့ ကိုယ့်ကိုယ်သာ ပြိုင်ဘက်လို့သဘောထားပြီး တနေ့ထက်တနေ့ တိုးတက်အောင်ကြိုးစားနေမယ်ဆိုရင်တော့ သင်ဟာရလဒ်ကောင်းတွေ ပိုင်ဆိုင်နိုင်မှာပါ။ ဒါ့အပြင် သင့်ကိုယ်သင် အချိန်နဲ့တပြေးညီ ပြုပြင်ပြောင်းလဲနေရလို့ ပျင်းရိငြီးငွေ့နေဖို့တောင် အချိန်ရတော့မှာ မဟုတ်ပါဘူး။

Leave a Comment