Amazing

ခရစ်စီယာနို ရော်နယ်ဒိုရဲ့ ဘဝကို ပြောင်းလဲပေးခဲ့တဲ့ သူ့ဖခင် ဟိုဆေးအဲဗာရိုး

မင်္ဂလာပါ။ ပရိသတ်တို့အနေနဲ့ ရော်နယ်ဒို ဘယ်လောက်ထိ တော်သလဲ၊ သူ ဘယ်လောက်ထိ အောင်မြင်မှုတွေ ရယူထားသလဲဆိုတာ သိကြပြီးဖြစ်မှာပါ။ ရော်နယ်ဒို နဲ့ မက်ဆီတို့ ရဲ့ အားပြိုင်မှုကိုလည်း ဘောလုံးပရိသတ်တိုင်းလိုလို သိပြီးဖြစ်နေတာမို့လို့ ထွေထွေထူးထူးပြောဖို့ လိုမယ်တော့ မထင်ပါဘူး။ ဒါဆို ရော်နယ်ဒို အောင်မြင်မှုမှာ ရော်နယ်ဒို ရဲ့ ဖခင်က ဘယ်လောက်ထိ အရေးပါခဲ့သလဲဆိုတာကော ပရိသတ်တို့ သိကြရဲ့လား။ ဒါကြောင့် ဒီကနေ့မှာတော့ ရော်နယ်ဒို ခုလို အောင်မြင်ရခြင်းရဲ့နောက်ကွယ်မှာ သူ့အဖေက ဘယ်လောက်ထိ အရေးပါခဲ့သလဲဆိုတာကို ပြောပြပေးသွားပါမယ်။

ပေါ်တူကီသား ရော်နယ်ဒိုရဲ့ ဖခင်ကတော့ ဟိုဆေး ဒင်နစ် အဲဗာရိုး ပဲဖြစ်ပြီး သူက သူ့သား ရော်နယ်ဒို အောင်မြင်မှုမှာ အရေးကြီးတဲ့ အခန်း ကဏ္ဍမှာ ပါဝင်နေပါတယ်။  ရော်နယ်ဒိုရဲ့ ငယ်ဘဝက တော်တော်လေး ဆိုးရွားခဲ့ပြီး အရမ်းဆင်းရဲတဲ့ မြို့လေးတစ်မြို့မှာ ဖွားမြင်ခဲ့ပါတယ်။ နောက်ပြီး ရော်နယ်ဒို နဲ့ သူ့အဖေရဲ့ ဆက်ဆံရေးကလည်း တော်တော်လေး ရှုပ်ထွေးခဲ့ပါတယ်။ အာဖရိကမှာ စစ်တိုက်ပြီး ပြန်အလာမှာတော့ ရော်နယ်ဒို့အဖေ အဲဗာရိုး က ကြမ်းတမ်းခက်ထန်ပြီး စိတ်ဒုက္ခပေးတဲ့ လူတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ နောက်ပြီး သူက အရက်သမားတစ်ယောက်ဖြစ်ပြီး အိမ်မှာနေတဲ့အချိန်တိုင်းမှာ အမြဲ အရက်သောက်ပြီး မူးရူးနေတတ်ပါတယ်။ ခရစ်စီယာနို ရော်နယ်ဒို က အဲ့ဒါနဲ့ပတ်သတ်ပြီး အရမ်းစိတ်ထိခိုက်သွားတာကြောင့် သူ့ဘဝမှာ အရက်မသောက်ဖို့ စိတ်ဆုံးဖြတ်ခဲ့ပါတယ်။ ရော်နယ်ဒို အနေနဲ့ သူ့ဆုံးဖြတ်ချက်ကို ခုချိန်ထိ မဖျက်ခဲ့သလို သူ့အသင်းဖော်တွေ ဖလားရလို့ အောင်ပွဲခံချိန်မှာလည်း အရက်သောက်ဖို့ ငြင်းဆိုခဲ့ပါတယ်။

တကယ်တော့ သူ့အဖေက အဲ့လောက်ထိ ဆိုးရွားတဲ့ သူတစ်ယောက်တော့ မဟုတ်ပါဘူး။ အဲဗာရိုး က ထိန်းမနိုင် သိမ်းမနိုင်နဲ့ မူးရူခဲ့တယ်ဆိုပေမယ့်လည်း သူ့သား ရော်နယ်ဒိုအပေါ်မှာတော့ ယုံကြည်မှု အပြည့်ရှိခဲ့ပါတယ်။ အဲ့ဒါနဲ့ပတ်သတ်ပြီး အဲဗာရိုး ရဲ့ သူငယ်ချင်းဖြစ်သူက ခုလိုပဲ ပြောပြသွားခဲ့ပါတယ်။ “သူက သူ့သားကို ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတစ်ယောက်ဖြစ်လာလိမ့်မယ်လို့ အမြဲပြောလေ့ရှိပါတယ်။ ကျွန်တော်တို့ ဘော်ဒါတွေကတော့ သူ အဲ့လိုပြောရင် အမြဲ ဟားတိုက်ရဲမောကြပြီး သူ့ကို အရူးလို့ ပြောကြပါတယ်။ ဒါပေမယ့်လည်း သူကတော့ သူ့သားအပေါ် ယုံကြည်မှု တစ်စက်လေးမှ လျော့မသွားခဲ့ပါဘူး” လို့ ပြောဆိုခဲ့ပါတယ်။

ခရစ်စီယာနို ရော်နယ်ဒို က မန်ယူကို ၂၀၀၃ ခုနှစ်မှာ ပြောင်းရွေ့သွားခဲ့စဉ်က သူ့အသက် ၁၈ နှစ်တောင် မပြည့်သေးပါဘူး။ အဲ့ချိန်ခါတုန်းက သူ့အဖေက “သားရေ.. မင့်အနေနဲ့ ကမ္ဘာ့အကောင်းဆုံး ဂိုးသွင်းရှင်တစ်ယောက် ဖြစ်လာပါလိမ့်မယ်။ အကောင်းဆုံး ဂိုးသွင်းရှင်တစ်ယောက်မဖြစ်ဘူးဆိုရင်တောင် အကောင်းဆုံး ကစားသမားတော့ ဖြစ်လာမှာ သေချာပါတယ်။ လောင်းမလား” ဆိုပြီးတော့ သူ့သားကို စိန်ခေါ်ခဲ့ပါတယ်။ ခုလို သူ့အဖေရဲ့ မျက်လုံးမိတ်ယုံကြည်မှုက သူ့သားကို တောင်ပံ တစ်စုံတပ်ပေးလိုက်ပြီး ရော်နယ်ဒိုကလည်း ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်ဖို့ ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ပါတယ်။
ဒါပေမယ့်လည်း စိတ်မကောင်းစရာက ရော်နယ်ဒို ရဲ့ ဖခင်က ၂၀၀၅ ခုနှစ်မှာတော့ အရက်ကြောင့် ကွယ်လွန်သွားခဲ့ပြီး ရော်နယ်ဒိုရဲ့ အောင်မြင်မှုကို မျက်မြင်ကိုယ်တွေ့ မကြုံလိုက်ရပါဘူး။ အဲ့ချိန်ခါတုန်းက ရော်နယ်ဒိုအနေနဲ့ အသက် ၂၁ နှစ်ပဲ ရှိပါသေးတယ်။ ၂၀၀၆ ကမ္ဘာ့ဖလား ပွဲစဉ်အဖြစ် ကစားခဲ့ကြတဲ့ ပေါ်တူကီအသင်းနဲ့ ရုရှားအသင်းတို့ ပွဲမှာ သူ့အဖေ ကွယ်လွန်သွားခဲ့တာပဲဖြစ်ပြီး အဲ့ဒီသတင်းကို ပေါ်တူကီနည်းပြ စကိုလာရီ က ပွဲမစခင် နာရီပိုင်းအလိုမှာ ဖွင့်ပြောပြသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ရော်နယ်ဒိုက ပွဲအပြည့်လာရောက်ကစားပေးခဲ့ပြီးတော့ အကောင်းဆုံး ခြေစွမ်းကိုပါ ပြသသွားခဲ့ပါတယ်။
ရော်နယ်ဒိုကလည်း ကွယ်လွန်သွားတဲ့ သူ့ဖခင်ကို သူလုပ်နိုင်ကြောင်းကို ပြသချင်နေခဲ့ပါတယ်။ အရက်သမားတစ်ယောက်ဖြစ်ပေမယ့်လည်း ရော်နယ်ဒိုကို ကြိုးစားမှုတွေ နဲ့ အားထုတ်မှုတွေ သင်ကြားပြသပေးခဲ့သူကတော့ သူ့အဖေပဲဖြစ်ပါတယ်။ ဒါကြောင့် ဒီကနေ့မှာတော့ ရော်နယ်ဒိုက သူ့အဖေ မျှောင်မှန်းထားသလို ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ယောက်ဖြစ်လာပြီး ဘော်လွန်ဒေါဆုကို ၅ ကြိမ်တိုင် ဆွတ်ခူးထားသူလည်းဖြစ်ပါတယ်။

ဒါကြောင့် ၁၅ နှစ်အကြာမှာတော့ ရော်နယ်ဒိုအနေနဲ့ သူ့အဖေ စိန်ခေါ်မှုကို လုပ်ပြသွားနိုင်ခဲ့တာကြောင့် သူ့အဖေက လောင်းကြေးနိုင်သွားတယ်လို့ ဆိုလို့ရပါတယ်။

Leave a Comment