Uncategorized

အခြားတိရစ္ဆာန်တွေကို စားသောက်အသက်ရှင်ကြတဲ့ အသားစားအပင် (၈) ပင်

အခုတစ်ခေါက်ပြောပြပေးသွားမယ့်အကြောင်းအရာကတော့ သတ္တဝါတွေကို အစာအဖြစ် စားသုံးနိုင်တဲ့ အပင်တွေအကြောင်းပဲဖြစ်ပါတယ်။ အပင်တွေလို ပြောလိုက်ရင် ရိုးရိုးရှင်းရှင်းပဲ နေထိုင်ကြတဲ့ သက်ရှိတွေလို့ပဲတွေးမိကြမှာပါ။ တကယ်တော့ အပင်တွေမှာလည်း ထူးဆန်းတဲ့ အရာများစွာရှိနေခဲ့ပါတယ်။ အပင်အများစုဟာ နေရောင်ခြည်ကရရှိလာတဲ့ ဓါတ်တွေကို ချက်လုပ်ပြီး အသက်ရှင်နေထိုင်ကြပါတယ်။ အခု ပြောပြပေးသွားမယ့် အပင်တွေကတော့ နေရောင်ခြည်က ရတဲ့ ဓာတ်တွေကို မှီခိုစားသောက်ကြတာမျိုးမဟုတ်ပဲ အသားစားတဲ့ အမျိုးအစားတွေပဲ ဖြစ်ပါတယ်။ ကဲ… ဘယ်အပင်တွေက ဘယ်သတ္တဝါလေးတွေကို စားသုံးတတ်သလဲဆိုတာကို ကြည့်လိုက်ကြရအောင်။

 

ကော်ဘရာလီလီ


အရောင်အသွေးပေါင်းစုံနဲ့ မြင်လိုက်တာနဲ့ စိတ်အေးချမ်းသွားစေမယ့် လီလီပန်းတွေကို မြင်ဖူးကြမှာပါ။ အင်မတန်ကိုမှ လှပတဲ့ ပန်းတွေပဲဖြစ်ပြီး တကူးတက စီးပွားဖြစ် စိုက်ပျိုးကြတဲ့သူတွေလည်းရှိပါတယ်။ အခုပြောပြပေးသွားမယ့် အပင်ကတော့ ကော်ဘရာလီလီဆိုတဲ့ အပင်ပဲဖြစ်ပါတယ်။ လီလီချင်းတူပေမယ့်ကော်ဘရာလီလီကတော့ လီလီပန်းတွေလိုမျိုးလှပတဲ့ အပင်တစ်ပင်တော့မဟုတ်ပါဘူး။ ဒါ့အပြင် ကော်ဘရာလီလီတွေဟာ သတ္တဝါလေးတွေ၊ အင်းဆက်တွေကို ဖမ်းယူစားသောက်တတ်တဲ့အသားစားအပင်တွေလည်း ဖြစ်နေပါတယ်။ သူ့ရဲ့ ပုံစံကတော့ မြွေတစ်ကောင် ပါးပျဉ်းထောင်နေတဲ့ ပုံစံဖြစ်တာကြောင့် သူ့ကို ကော်ဘရာလီလီလို့ခေါ်ကြတာပါ။ ကော်ဘရာလီလီအပင်ရဲ့ အင်းဆက်တွေကို စားပုံကလည်း တော်တော်လေးကို ဆိုးဝါးတဲ့ ပုံစံပဲ ဖြစ်ပါတယ်။ အပင်ရဲ့အခေါင်းပေါက်ထဲက ဝင်လာတဲ့ အင်းဆက်တွေကို အလွတ်မပေးတော့ဘဲ တစ်ခါတည်းကို စားသုံးလိုက်တာပဲ ဖြစ်ပါတယ်။ အင်းဆက်ဟာ အပင်ရဲ့ အပေါက်ဝကနေ ဝင်လာဖို့အတွက်ကိုလည်း ကော်ဘရာလီလီအပင်ဟာ ရနံ့နဲ့ ဆွဲဆောင်မှုတွေ လုပ်ခဲ့ရပါသေးတယ်။ အပင်ရဲ့ ကိုယ်ထဲကို အင်းဆက်တစ်ကောင်ရောက်သွားချိန်မှာလည်း အင်းဆက်ဟာ ထောင်ချောက်မိလိုက်ပြီလို့ သိသိချင်းမှာပဲ သူ့အတွက်လွတ်လမ်းကို ရှာဖွေပါတော့တယ်။ အပင်ရဲ့ အတွင်းနံရံကို တည်ဆောက်ထားပုံကလည်း ပါးလျတဲ့ အကွက်တွေနဲ့မို့ အင်းဆက်တွေအတွက်တော့ မကြာခဏဆိုသလိုပဲ အဆိုပါအကွက်တွေမှာ သွားရောက်ကပ်ငြိတွယ်နေတတ်ကြပါတယ်။ နောက်ဆုံးမှာတော့ အင်းဆက်ဟာ ခြေကုန်လက်ပန်းကျပြီး အရှုံးပေးလိုက်ရချိန်မှာတော့ အင်းဆက်ရဲ့ ခန္ဓာကိုယ်ဟာ အပင်ရဲ့ အောက်ဆုံးအထိကျသွားခဲ့ကာ ကော်ဘရာလီလီအပင်ရဲ့အစာအဖြစ်ပြောင်းလဲသွားခဲ့ပါတော့တယ်။

 

ရိုရစ်ဂျုလာ


အသားစားအပင်တွေထဲမှာ ဆရာအကျဆုံးနဲ့ ပညာအရှိဆုံးအပင်တစ်ပင်ကတော့ ယခုပြောပြပေးသွားမယ့် ရိုရစ်ဂျုလာဆိုတဲ့ အပင်ပဲဖြစ်ပါတယ်။ ရိုရစ်ဂျုလာအပင်တွေဟာ တောင်အာဖရိကနိုင်ငံမှာပဲ အတွေ့များတဲ့ အပင်တစ်ပင်ပဲဖြစ်ပါတယ်။ အပင်ရဲ့ လက်တံတွေမှာ အမွှေးအမျှင်တွေပါရှိပြီး ထိုအမွှေးအမျှင်တွေကို တခြားအသားစားအပင်တွေလိုမျိုး သားကောင်တွေကို ဖမ်းဆီးရာမှာ အသုံးချလေ့ရှိပါတယ်။ ရိုရစ်ဂျုလာအပင်ရဲ့ လက်တံတွေဟာ စေးကပ်တဲ့အရာတွေပါဝင်ပြီး ယင်ကောင်လိုအင်းဆက်တွေ ဝင်ရောက်လာချိန်မှာတော့ ယင်ကောင်ဟာ ပြန်ထွက်နိုင်စွမ်းမရှိတော့ဘဲ တစ်ခါတည်းကို ဘဝနိဂုံးအဆုံးသတ်ကို ရောက်ရှိသွားပါတော့တယ်။ ရိုရစ်ဂျုလာအပင်ရဲ့ထူးခြားချက်ကတော့ သူ့ရဲ့ စေးကပ်တဲ့ လက်တံတွေကနေ ဖမ်းယူရရှိထားတဲ့ အင်းဆက်တွေကို သူ ကိုယ်တိုင် အစာမချက်တာခြင်းပဲ ဖြစ်ပါတယ်။ တခြားအသားစားအပင်တွေကတော့ အင်းဆက်တွေကို ဖမ်းယူရရှိပြီးနောက်မှာ သူတို့ကိုယ်တိုင်ပဲ အစာချက်ပြီး အသက်ရှင်ကြပါတယ်။ရိုရစ်ဂျုလာ အပင်တွေကတော့ ဒီလိုမျိုးနည်းလမ်းမဟုတ်ပါဘူး။ အင်းဆက်တွေကို အသေအတိုင်းပဲ ထားထားခဲ့ကြပါတယ်။ သိပ်မကြာခင်မှာပဲ အဆိုပါအင်းဆက်အသေတွေကို စားမယ့် – ပိုးမွှားတွေဟာ ချက်ချင်းပဲ ရောက်ရှိလာပြီး သေဆုံးနေပြီးသားဖြစ်တဲ့ အင်းဆက်အသေကောင်ကို စားသောက်ပါတော့တယ်။ အဆိုပါ ပိုးကောင်မွှားကောင်တွေဟာ ရိုရစ်ဂျုလာအပင်က ဖမ်းဆီးပေးထားတဲ့ အင်းဆက်အကောင်တွေကို စားသုံးပြီးချိန်မှာတော့ စွန့်ပစ်အညစ်အကြေးတွေကို စတင်ထုတ်လုပ်ခဲ့ပါတယ်။ ရိုရစ်ဂျုလာအပင်အတွက်တော့ အဆိုပါ ပိုးမွှားကောင်တွေရဲ့ စွန့်ပစ်အညစ်အကြေးဟာ အစာဖြစ်ပြီး သူတို့အတွက် လုံလောက်တဲ့ အာဟာရဓါတ်ကို အဆိုပါ အညစ်အကြေးတွေကနေပဲ ရရှိခဲ့တာပါ။ ဆိုရရင် ရိုရစ်ဂျုလာအပင်တွေဟာ ပိုးကောင်မွှားကောင်တွေ စားဖို့ အစားအစာတွေကို မာယာနဲ့ သတ်ဖြတ်ဖန်တီးပေးခဲ့ပြီး ထိုပိုးမွှားတွေကျန်ရှိနေခဲ့တဲ့ အညစ်အကြေးကိုမှ အစာအဖြစ် စားတယ်ဆိုတော့ အစာကွင်းဆက်သဘောတရားနဲ့ကြည့်ရင် မျိုးစိတ် ၂-ခု အတွက်အလုပ်လုပ် ပေးသွားခဲ့တဲ့ အသားစားအပင်လို့ပဲ သတ်မှတ်ပေးရမှာဖြစ်ပါတယ်။

 

 ဝါးတားဝှီးအပင်များ


ဒီအသားစားအပင်တွေဟာ ရေထဲမှာပဲ ရှင်သန်နိုင်တဲ့ အပင်တွေဖြစ်ပြီး ထူးခြားတဲ့ ဖွဲစည်းမှုပုံစံနဲ့ တည်ရှိနေတဲ့ အပင်တွေပါ။ အဆိုပါ အပင်တွေဟာ ရေထဲမှာ စက်ဝိုင်းပုံစံနဲ့ တည်ရှိနေတဲ့ အပင်တွေဖြစ်ပြီး အပင်ရဲ့ လက်တံထိပ်မှာ အင်းဆက်တွေကိုဖမ်းဆီးဖို့အတွက် အခွံတစ်ခုပါဝင်ပါတယ်။ ဝါးတားဝှီးအပင်တွေဟာ ရေနေအသားစားအပင်တွေသာဖြစ်ပြီး အပင်ရဲ့ ထူးခြားချက်ကတော့ အမြစ်လုံးဝမရှိဘဲ ရှင်သန်နိုင်တာပါ။ဝါးတားဝှီးအပင်တွေဟာ ကန်ရေပြင်ရဲ့ မျက်နှာပြင်ပေါ်မှာပဲမျောပါနေတဲ့ အပင်တွေ ဖြစ်ပြီး ရေထဲမှာ ရှိနေတဲ့ အင်းဆက်တွေ၊ ရေလာသောက်တဲ့ အင်းဆက်တွေကို ဖမ်းယူစားသောက်တတ်တဲ့အပင်တွေပဲဖြစ်ပါတယ်။ အင်းဆက်တွေကို စားဖို့ ခွက်လို ပုံသဏ္ဌာန်အဆင်းရှိတဲ့အရာပေါင်း ငါးခုကနေ ကိုးခုအထိ ရှိတတ်ပါတယ်။ အင်းဆက်တွေကို ဖမ်းယူတဲ့နေရာမှာလည်း အလွန်မြန်ဆန်တဲ့ အသားစားအပင်လို့လည်း နာမည်ကြီးတဲ့ အပင်တစ်ပင်လည်းဖြစ်ပါတယ်။

 

မော့ကစင်အပင်


ရုတ်တရက်ကြည့်လိုက်ရင် ပန်းအိုးငယ်လေးတစ်အိုး အပင်တစ်ပင်ပေါ်မှာတွယ်ကပ်ညှိနေတယ်လို့ ထင်ရတဲ့ အပင်တစ်မျိုးပဲဖြစ်ပါတယ်။ ပန်းရောင်အဆင်းရှိတဲ့အဆိုပါ အပင်တွေဟာ တကယ်တော့ အပြစ်ကင်းစင်လှတဲ့ အပင်တွေမဟုတ်ပဲ မာယာတွေ- လှည့်စားမှုတွေနဲ့ ပြည့်နှက်နေတဲ့ အပင်တစ်ပင်ပဲ ဖြစ်ပါတယ်။ သူတို့ဟာလည်း အသားစားအပင်မျိုးနွယ်တစ်ခုဖြစ်ပြီး အင်းဆက်တွေကို စားရာမှာ နာမည်ကြီးတဲ့ အပင်တွေပါ။ အင်းဆက်တွေရဲ့ အဓိကအားနည်းချက်လို့ဆိုရမယ့်အချက်တစ်ချက်ကတော့ သူတို့ရဲ့ အစာကို မြင်လိုက်တာ၊ ဒါမှမဟုတ် အနံ့ရလိုက်တာနဲ့ ဒီအစာဟာ အန္တရာယ်ရှိသလား၊ အန္တရာယ်မရှိဘူးလားဆိုတာကို ဝေဖန်ဆန်းစစ်နိုင်တဲ့ ဉာဏ်မရှိတာပါပဲ။ ဒါကြောင့်မို့လို့လည်း အသားစားအပင်တွေရဲ့ မာယာကျော့ကွင်းမှာ ဆင်းသက်ရတဲ့ သားကောင်တွေဖြစ်ပြီး မုဆိုးတစ်ပိုင်းအပင်တွေရှေ့မှာ အသက်ဇီဝိန်ချုပ်ငြိမ်းရတာပဲဖြစ်ပါတယ်။ အခု မော့ကစင်အပင်တွေဟာလည်း အင်းဆက်တွေကိုဖျားယောင်းသွေးဆောင်းဖို့အတွက် အလွန်အရသာရှိတဲ့ အနံ့တစ်မျိုးကို ထုတ်လုပ်ပါတယ်။ အင်းဆက်တွေရောက်ရှိလာချိန်မှာတော့ သူတို့ရဲ့ အဖုံးတွေကို အုပ်ဖုံးလိုက်ကာ တစ်ခါတည်း ဖမ်းယူထားလိုက်ပါတော့တယ်။ ဖမ်းယူရရှိထားတဲ့အင်းဆက်တွေကို အစာအဖြစ်ချက်လုပ်ပြီးလိုအပ်တဲ့ အာဟာရဓါတ်တွေကို ထုတ်ယူစားသောက်ကြပါတယ်။

 

ဘရော်နီယာ ရီဒက်ချ်တာ


ဒီအပင်ကတော့ သူ့ရဲ့ လျှို့ဝှက်ချက်ကို အချိန်အကြာကြီးအထိဖုံးကွယ်ထားခဲ့တဲ့ အပင်တစ်ပင်ပဲဖြစ်ပါတယ်။ သက်တမ်းတစ်လျှောက်လုံး ရိုးရိုးသစ်ပင်တစ်ပင်အဖြစ် ရှင်သန်ခဲ့ရာမှ ၂၀၀၅ ခုနှစ်မှာတော့ ဘရော်နီယာ ရီဒက်ချ်တာအပင်ဟာ အသားစားအပင်တစ်ပင်ဖြစ်ကြောင်းကို ရှာဖွေတွေ့ရှိသွားခဲ့ကြပါတယ်။ ဒီအပင် ဟာ နာနတ်သီးပင်နဲ့ မျိုုးရင်းတူတဲ့ အပင်အမျိုးအစားတစ်ခုဖြစ်ပြီး အလွန်ထူထဲတဲ့ အရွက်တွေရှိတဲ့ အပင်ပါ။ ဗင်နီဇွဲလားနိုင်ငံရဲ့ တောင်ဘက်ဒေသတွေ၊ ဘရာဇီးကုန်းမြေပြင်ဒေသတွေမှာပေါက်ရောက်လေ့ရှိတဲ့ အပင်တွေ ဖြစ်ပါတယ်။ ဒီအပင်ဟာလည်း အခြားအသားစားအပင်တွေလိုမျိုး အင်းဆက်တွေရဲ့ အသည်းစွဲရနံ့တစ်မျိုးကို ထုတ်လုပ်ပြီး အင်းဆက်ကောင်တွေကို ဆွဲဆောင်နိုင်တဲ့ အပင်တွေပဲဖြစ်ပါတယ်။ အင်းဆက်တွေဟာ အဲဒီ ရနံ့ကို ရရှိလိုက်တာနဲ့ အပင်ရဲ့ အခေါင်းထဲကို ရောက်ရှိသွားပြီး အပင်ဟာ အင်းဆက်တွေကို သတ်ဖြတ်လိုက်တာကာ တစ်ခါတည်းအစာအဖြစ် စားသုံးလိုက်ပါတော့တယ်။

 

နတ်သမီးထောင်ချောက်

Venus Fly Trap (Dionaea muscipula)

နတ်သမီးထောင်ချောက်လို့ လူသိများတဲ့ ဗီးနပ်စ်ဖလိုင်းထရပ် ကိုတော့ အသားစားတဲ့ အပင်တစ်ပင်အဖြစ် လူသိများကြပါတယ်။ ကျောင်းစာသင်ခန်းတွေမှာ တကူးတကသင်ကြားခဲ့ရတဲ့ အပင်တစ်ပင်ဖြစ်ပြီး အပြင်ဘက်မှာလည် အပင်အရေအတွက်များများစားစားရှိနေတဲ့ အပင်တွေလည်းဖြစ်ပါတယ်။ တကယ်တော့ နတ်သမီးထောင်ချောက်အပင်တွေဟာ အသားစားအပင်တွေထဲမှာ နာမည်အကြီးဆုံးနဲ့ လူသိအများဆုံးအပင်တွေဖြစ်ပေမယ့် အပင်ကြီးမျိုးတော့ မဟုတ်ပါဘူး။မျက်ခွံလို သဏ္ဌာန်ရှိတဲ့ထောင်ချောက်တစ်ခုနဲ့ အင်းဆက်လို အကောင်တွေကိုဖမ်းယူစားသောက်လေ့ရှိတဲ့ အပင်တွေရဲ့ ထောင်ချောက်ထဲကို အင်းဆက်တွေတစ်ကောင်ရောက်ရှိသွားပြီဆိုရင် သူ့ရဲ့ ပွင့်အာထားတဲ့ အရွက်နှစ်ခုကိုစေ့လိုက်ပြီး အင်းဆက်ကို အစာအဖြစ် စားလိုက်မှာပဲ ဖြစ်ပါတယ်။ နတ်သမီးထောင်ချောက်အပင်ရဲ့ မွေးရပ်မြေဟာ မြောက်ကာရိုလိုင်းနားပြည်နယ်တစ်ဝိုက်သာဖြစ်ပြီး အခုအချိန်မှာတော့ မြန်မာနိုင်ငံအပါအဝင် တခြားနိုင်ငံတွေမှာလည်း စိုက်ပျိုးထားနိုင်တယ်ဆိုတာကိုလည်း တွေ့ရပါတယ်။ နတ်သမီးထောင်ချောက်အပင်တွေကို အလှမွေးအပင်အဖြစ်လည်း မွေးထားသူတွေလည်းများပါတယ်။ အဆိုပါအပင်တွေဟာ အသားစားအပင်တွေလို့ဆိုပေမယ့် လူတွေအတွက်တော့ အန္တရာယ်မရှိတဲ့ အပင်တွေလည်း ဖြစ်တာကြောင့် စိတ်ချလက်ချစိုက်ပျိူးထားလို့ရတဲ့ အပင်ပါ။ တကယ်တော့ အဆိုပါနတ်သမီးထောင်ချောက်အပင်တွေဟာ ဆေးဖက်လည်း ဝင်တဲံ အပင်တစ်မျိုးဖြစ်ပါတယ်။ နတ်သမီးထောင်ချောက်အပင်တွေဟာ ကာနီဗာရာ(Carnivora)လို့ခေါ်တဲ့ ဆေးတစ်မျိုးကို ထုတ်လုပ်ပေးနိုင်စွမ်းရှိတဲ့ အပင်တစ်ပင်ဖြစ်ပြီး အဆိုပါ ကာနီဗာရာဟာ အရေပြားကင်ဆာ၊ HIV နဲ့ အသက်ကြီးရင့်သူတွေရဲ့ အဆစ်အမြစ်ကိုက်ခဲမှုကိုလျော့ချတဲ့နေရာမှာ အသုံးပြုပါတယ်။

 

ပေါ်တူဂီဆန်ဒူး


ဒီအပင်ကတော့ အပင်နဲ့တောင် မတူတဲ့ အပင်တစ်ပင်ဖြစ်ပြီး အသားစားအပင်တွေထဲမှာ စနစ်တကျ လှုပ်ရှားနိုင်တဲ့ အပင်တစ်ပင်ဖြစ်ပါတယ်။ ပေါ်တူကီဆန်ဒူးလို့ခေါ်တဲ့ အပင်ကို ကြည့်ပြီး အပင်တွေဟာလည်း အခြားသတ္တဝါတွေလို သက်ရှိတစ်ကောင်ဖြစ်တယ်ဆိုတာကို သိသိသာသာ ခံစားလာမိစေမှာ အသေအချာပါပဲ။ ပေါ်တူဂီဆန်ဒူးလို့ အမည်ပေးထားတဲ့ အတိုင်း ပေါ်တူဂီနိုင်ငံမှာ များများစားစားတွေ့ရမယ့်အပင်တွေဖြစ်ပါတယ်။ ဒီအပင်ဟာလည်း အခြားသော အသားစားအပင်တွေလိုမျိုး အင်းဆက် အကောင်ဗလောင်တွေကို ရနံ့နဲ့ အရင်ဆုံးဆွဲဆောင်ပါတယ်။ အဆိုပါ ရနံ့ဟာ အင်းဆက်တို့ သိပ်ကြိုက်တဲ့ ရနံ့တစ်မျိုးဖြစ်ပြီး အဲဒီရနံ့ရလိုက်တာနဲ့အင်းဆက်တို့ဟာ လုံးဝကို မနေနိုင်ကြတော့ပါဘူး။ ဂေါ်တူဂီဆန်ဒူးအပင်ရဲ့ လှပတဲ့ မာယာကျော့ကွင်းအောက်မှာ အင်းဆက်တွေ အပြင်၊ လိပ်ပြာတွေ၊ ပျားပိတုန်းတွေ၊ ယင်ကောင်တွေ ကျရောက်လေ့ရှိပြီး အပင်ရဲ့ အစာအဖြစ်လည်း ဘဝပြောင်းသွားလေ့လည်းရှိပါတယ်။ အင်းဆက်တွေဟာ အပင်ရဲ့ ကိုင်းပေါ်နားလိုက်ချိန်မှာ ကိုင်းကနေ ထွက်ရှိလာတဲ့အစေးဓါတ်ကြောင့် လှုပ်ရှားလို့မရနိုင်အောင်ဖြစ်သွားပါတော့တယ်။ ဒီအချိန်မှာတော့ ယခင်က ငြိမ်သက်နေတဲ့ အပင်ရဲ့ လက်တံရှည်တွေဟာ စတင်လှုပ်ရှားလာပြီး ကျော့ကွင်းထဲရောက်ရှိနေတဲ့ အင်းဆက်ကို အပြတ်ရှင်းဖို့ ရောက်ရှိလာပါတော့တယ်။ နောက်ဆုံးမှာတော့ အပင်နဲ့ ငြိတွယ်နေတဲ့ အင်းဆက်ဟာ အပင်ရဲ့ဖိအားအောက်မှာ အရှုံးပေးခဲ့ရပြီး သူ့ရဲ့အသက်ဓါတ်လည်း ကုန်ခမ်းသွားပါတော့တယ်။ ဒီလိုနည်းနဲ့ သတ္တဝါတွေကို စားသုံးပြီး ပေါ်တူဂီဆန်ဒူးအပင်ဟာ အသက်ရှင်နေထိုင်နိုင်ခဲ့ပါတယ်။

 

အပူပိုင်းဒေသပစ်ချာအပင်


ပစ်ချာအပင်တွေဟာ ကမ္ဘာမှာ အသားစားကြမ်းတဲ့ အပင်တွေဆိုပြီး နာမည်ကြီးလှပါတယ်။ ပစ်ချာအပင်တွေဟာ အက်စစ်ဓါတ်လွန်ကဲတဲ့ မြေကြီးတွေပေါ်မှာ သသာဝအတိုင်းပေါက်ရောက်လေ့ရှိပြီး အရှေ့တောင်အာရှတစ်ဝိုက်နဲ့ သြစတေးလျနိုင်ငံတို့မှာ အများဆုံးတွေ့နိုင်ပါတယ်။ အဆိုပါ ပစ်ချာအပင်တွေရဲ့ မျိုးစိတ်ပေါင်းကလည်း ၁၄၀ကျော်ရှိပြီး အဲဒီထဲမှာမှ အပူပိုင်းဒေသမှာပေါက်ရောက်တဲ့ ပစ်ချာအပင်တွေကတော့ လုံးဝကို အသားစားကြမ်းတဲ့ ဘီလူးလိုအပင်တွေပဲဖြစ်ပါတယ်။ အဆိုပါ အပူပိုင်းဒေသက ပစ်ချာအပင်ဟာ ဖြားယောင်းသွေးဆောင်ရမှာလည်း ဆရာကျတဲ့ အပင်တွေပဲဖြစ်ပါတယ်။ အင်းဆက်တွေလိုမျိုး အင်မတန်မြန်ဆန်တဲ့ အကောင်တွေကို ဖမ်းယူစားသောက်ဖို့ဆိုတာ တကယ်တော့မလွယ်ကူလှပါဘူး။ ဒါကြောင့် ပစ်ချာအပင်တွေဟာ ဉာဏ်နီဉာဏ်နက်တွေထုတ်ပြီး သူ့ရဲ့ ပရိယာရ်များလှတဲ့ အပြုအမူတစ်ခုကို မာယာနဲ့ ထောင်ချောက်ဆင်ခဲ့ရပါတော့တယ်။ အဆိုပါ မာယာဟာ ဘယ်ဟာဖြစ်မလဲဆိုတော့ သူ့ရဲ့ မွှေးပျံ့သင်းကြိုင်လှတဲ့ ဝတ်ရည်ရဲ့ ရနံ့ကို ထုတ်ပေးခြင်းပဲ ဖြစ်ပါတယ်။ အင်းဆက်တွေအတွက်တော့ အဆိုပါ ရနံ့ဟာ မလွန်ဆန်နိုင်လောက်အောင် စွဲဆောင်မှုပြင်းထန်ပြီး သွားရောက်စားသုံးချိန်မှာတော့ ပစ်ချာအပင်ရဲ့ ကျော့ကွင်းအောက်မှာ အသက်ပေးခဲ့ရပါတော့တယ်။ ဒီလိုနည်းနဲ့ ပစ်ချာအပင်တွေရဲ့ အမဲလိုက်ခြင်း ခရီးစဉ်ပြီးဆုံးခဲ့ပြီး သားကောင်တွေကို စားသုံးပါတော့တယ်။ ပစ်ချာအပင်တွေရဲ့ အစာတွေထဲမှာ အင်းဆက်တွေ သာမက ပုတ်သင်ညိုအကောင်ငယ်တွေ၊ ဖားပြုတ်တွေနဲ့ အခြားနို့တိုက်သတ္တဝါငယ်လေးတွေက အစ ပါဝင်လေ့ရှိပါတယ်။ ပစ်ချာအပင်တွေဟာ အဆိုပါအကောင်ဗလောင်တွေကို စားသုံးပြီးသွားပြီးနောက်မှာတော့ အဆိုပါ အစာတွေကို ခြေဖျက်ဖို့အတွက်ကလည်း အချိန် ၂ လလောက်အထိ ကြာမြင့်ပါတယ်။

Leave a Comment