Daily News

အာဖဂန်မြောက်ပိုင်း အဓိကမြို့အားလုံး တာလီဘန်လက်ထဲ ရောက်သွား

အာဖဂန်မြောက်ပိုင်း အဓိကမြို့အားလုံး တာလီဘန်လက်ထဲ ရောက်သွား

အာဖဂန်နစ္စတန် နိုင်ငံထဲက တိုက်ပွဲ အခြေအနေတွေကို ကြည့်ရင် တာလီဘန် တွေဟာ နိုင်ငံမြောက်ပိုင်း အစိုးရတပ်တွေရဲ့ လက်ကျန် ခြေကုပ်မြို့ ဖြစ်တဲ့ မဇာအီ ရှရစ်ဖ်ကို သိမ်းပိုက်လိုက်ပြီ ဖြစ်ပါတယ်။

မဇာအီ ရှာရစ်ဖ်ဟာ အာဖဂန်ရဲ့ စတုတ္ထမြောက် အကြီးဆုံး မြို့အဖြစ် သတ်မှတ်ထားပြီး ဥဇဘက်ကစ္စတန်နဲ့ ထိစပ်နေတဲ့ အရေးပါတဲ့ ကုန်သွယ်ရေးမြို့ ဖြစ်ပါတယ်။

အာဖဂန် အစိုးရ စစ်သားတွေဟာ လက်နက်တွေကို စွန့်ခွာပြီး နယ်စပ်ဘက် ထွက်ပြေးသွားကြတယ်လို့ ဒေသတွင်း သတင်းတွေက ဆိုပါတယ်။

တာလီဘန်တပ်ဖွဲ့တွေဟာ မြို့တော် ကဘူးလ်ကို ဦးတည်ပြီးတော့ အရှိန်ပြင်းပြင်း ဆက်ပြီး ရှေ့တိုးလာနေပါတယ်။

ဒီအချိန်မှာပဲ သမ္မတ ဂျိုးဘိုင်ဒင်က အမေရိကန်တပ်တွေ အလုံးစုံ ရုပ်သိမ်းခဲ့တဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ခုခံ ကာကွယ်ပြီး ကြေညာချက် တစ်စောင် ထုတ်ပြန်ပါတယ်။

တခြားတိုင်းပြည်တစ်ခုရဲ့ ပြည်တွင်းစစ်မှာ အမေရိကန်တပ်တွေကို အကန့်အသတ် မရှိ ဆက်ထားဖို့ ဆိုတာ မဖြစ်နိုင်ဘူးလို့ သမ္မတ ဘိုင်ဒင်က ရေးထားပါတယ်။

“အာဖဂန် စစ်တပ်ဟာ ကိုယ့်တိုင်းပြည်ကို ကိုယ်ထိန်းမထားလိုဘူး၊ ထိန်းထားနိုင်စွမ်း မရှိဘူး ဆိုရင် အမေရိကန်တပ်တွေ အဲဒီမှာ နောက်ထပ် ၅ နှစ် ဆက်ရှိနေလည်း ဘာမှ ထူးမှာ မဟုတ်ဘူး” ဆိုပြီး သမ္မတ ဘိုင်ဒင်က ဆိုပါတယ်။

အာဖဂန်ထဲကနေ အမေရိကန် သံရုံး ဝန်ထမ်းတွေ အပါအဝင် အမေရိကန် နိုင်ငံသားတွေကို ကယ်ထုတ်နေတာ ပိုပြီး ထိရောက်အောင် အမေရိကန် စစ်သား ၃ ထောင် စေလွှတ် နေရာချမယ်လို့ အရင် ပြောထားတာထက် ပိုပြီး ၅ ထောင် အထိ စေလွှတ်သွားမယ်လို့ သမ္မတ ဘိုင်ဒင်က ပြောပါတယ်။

BBC

ဓာတ်ပုံ – Getty၊ ဟဲရတ်နဲ့ ကန်ဒါဟာမြို့တွေကို သိမ်းပိုက်ခဲ့တဲ့ တာလီဘန် တိုက်ခိုက်ရေးသမားတွေ

Leave a Comment