Wed. Oct 27th, 2021

မိန်းကလေး တစ်ချို့ဟာ ရည်းစားနဲ့ ပြတ်ဆဲပြီးမှ ပိုပို လှလာတတ်တာမျိုး ရှိတယ်။ မိန်းကလေးတိုင်းတော့ မဟုတ်ပေမယ့် ၁၀၀ မှာ ၃၀% လောက်တော့ ရှိမယ် ထင်တယ်။ ဘာလို့လဲ ဆိုတော့ တစ်ချို့ ချစ်ခြင်းတွေဟာ ငရဲနဲ့တူတယ် ။

ငရဲ ဆိုတာမျိုးက တခါရောက်ပြီးရင် လွှတ်မြောက်ဖို့လည်းခက် ကယ်သူတွေလဲမဲ့ ရုန်းထွက်မရ နောက်ဆုတ်မရနဲ့ စုန်းစုန်းတွေမြုပ် ။ ဝဋ်ကြွေးတွေ မကုန်မချင်း ပေးဆပ်ရပြီး ဝဋ်ကြေမှ အေးချမ်းခွင့် ရသွားတတ်တာမျိုး မဟုတ်လား ။

တစ်ချို့ Relationship က အချစ်နဲ့ ငရဲ တွဲပြီးလာတယ် ။ အပြန်အလှန် မေတ္တာသက်ဝင် ချစ်ခင်ပါတယ် ဆိုပြီး RS တစ်ခုကို စကြတယ် ။ ဒါပေမယ့် သစ္စာဖောက်မှု အနိုင်ယူ ဗိုလ်ကျမှု ပွေရှုပ်မှု အောက်တန်းကျမှု ဆိုးသွမ်းပြီး လူမဆန်မှု အခြေအနေ မတူညီမှု ဥပေက္ခာပြုပြီး အလေးမထားမှု မြတ်နိုးတတ်ဖိုးထားမှု မရှိခြင်းတွေနဲ့ ပြည့်နှက်နေတဲ့အခါ အဲ့တာ ငရဲနဲ့ မခြားပါဘူး ။

တကယ့် ငရဲလို မီးပူအိုးထဲ ဇောက်ထိုး မဆင်းနေရပေမယ့်လည်း ရင်ထဲက အသဲကတော့ မီးမြှိုက်သလို အမြဲ ဗျာပါဒတွေဝေပြီး ပူပန်သောကနဲ့ ငိုကြွေးပြီး အပူမီးလောင်ကျွမ်း နေရတာပါပဲ ။

ဝဋ်ကြွေး မကုန်တဲ့အခါ သံယောဇဉ် မပြတ်ဖူး.. မခွဲနိုင်ပါဘူး ။ တနေ့တော့ ပြင်လာမှာပါ.. တနေ့တော့ ကောင်းလာမှာပါ.. တနေ့တော့ ငါ့အချစ်တွေ နားလည်လာမှာပါ ဆိုတဲ့ ခေါင်းစဉ်တွေနဲ့ လွဲမှားတဲ့ အချစ်ငရဲကြီးမှာ မျက်ရည် ငရဲအိုးထဲ နေ့စဉ်ပေါလော မျောနေကြရတာပဲ ။

ဝဋ်ကြွေးတွေ ကုန်သွားတဲ့အခါကျ ကျမစိတ်ကုန် သွားပါပြီ ၊ လက်လျော့လိုက်ပါပြီ ၊ ရှင်လဲ လွတ်ရာကျွတ်ရာကိုသွားပြီး ကြိုက်တဲ့ဘုံဘဝမှာ ကြိုက်တဲ့ ကောင်မတွေနဲ့ စံမြန်းပါတော့ ဆိုပြီး စိတ်တွေနာပြစ် လမ်းတွေ ခွဲပြစ်တာနဲ့ ငရဲကနေ ကိုယ်လဲ ကျွတ်တန်းဝင် သွားတော့တာပဲ ။

 

အဲ့တော့ ကျွတ်တန်းဝင် ပြီးတဲ့နောက် တနေ့တခြား လှအောင်နေ ဝအောင်စား ကျော့နေအောင်ဝတ် သိုးနေအောင်အိပ် ပျော်သလိုနေရင်း စိတ်ချမ်းသာ လူကျန်းမာနဲ့ လူမွေးလူရောင်တွေ ပြောင်လာရော ။ အဲ့တော့ မိန်းကလေး တစ်ယောက်ဟာ ငရဲနဲ့တူတဲ့ ချစ်ခြင်းကနေ လွှတ်မြောက်တဲ့အခါ စိတ်တွေချမ်းသာ လွတ်လပ်ပျော်ရွှင်ပြီး လူလဲ သူ့အလိုလို လှသွားတော့တာပဲ ။

ကိုယ်ထင်တာ ပြောတာပါ ။ ကိုယ်လဲ တစ်ချိန်က တောသူမ ဘဝနဲ့ ငရဲမှာ သုံးနှစ်လောက် ဇောက်ထိုးမြုပ်မိသေးတယ် ။ ဝဋ်ကြွေးတွေကုန်ပီး လမ်းခွဲပြီးတော့မှ ကိုယ့်သဘောနဲ့ကိုယ် ကိုယ်အလို ရှိသလို ကိုယ့်ဘဝကိုယ် စီမံပြီး ခုလိုတနေ့တခြား နန့်တတ်လာတော့တာပါပဲရှင် ။

 

Leave a Reply

Your email address will not be published. Required fields are marked *