Tue. Oct 26th, 2021

တခါတုန်းက ကောင်မလေး တယောက်ဟာ သူ့အဘွားအိမ်ကို သွားဖို့ ဆိုပြီး တောင်တက်လမ်းအတိုင်း လျှောက်လာနေတုန်း ရှောကနဲ အသံကြားတော့ ငုံ့ကြည့်လိုက်တယ် ။ ခြေထောက်နားမှာ မြွေ တစ်ကောင် ၊ မြွေက ခလောက်ဆွဲမြွေ အမျိုးအစား ။ အဲ့ဒီအချိန်မှာ ကောင်မလေး ဘာမှ မလုပ်ရသေးခင် မြွေက ကောင်မလေးကို ပြောပါတယ် ။

” ငါတော့ သေရတော့မယ် ထင်တယ်.. အရမ်းလည်း ချမ်းနေတယ်.. ဒီနေရာမှာ အရမ်းအေးတာပဲ.. အခုထိလည်း ဘာမှ မစားရသေးဘူး.. ဖြစ်နိုင်ရင် ငါ့ကို နင့်ရဲ့ အင်္ကျီထဲထည့်ပြီး အတူ ခေါ်သွားပါလား ” လို့မြွေက ပြောပါတယ် ။

ကောင်မလေးက ပြန်ပြောတယ် ။

” မဖြစ်ဘူး.. မဖြစ်ဘူး.. နင်ဘာမြွေလဲ ဆိုတာ ငါသိတယ်.. နင်က ခလောက်ဆွဲမြွေ.. ငါ နင့်ကို ခေါ်သွားရင်… နင် ငါ့ကို ကိုက်မှာ.. နင်က အဆိပ်ပြင်းတယ် ”

မြွေက ကောင်မလေး ပြောတာကို လက်မခံဘူး ။

” မကိုက်ဘူး.. မကိုက်ဘူး.. စိတ်ချ.. နင်သာ ငါ့ကို ကူညီရင်.. ငါဟာ နင့်သူငယ်ချင်းကောင်းပဲ.. နင့်ကိုငါ ကောင်းကောင်း မွန်မွန် တကယ် ဆက်ဆံမှာပါ ”

မြွေက ဒီလို ပြောလာတော့ ကောင်မလေး တွေဝေသွားတယ် ။ ပြီးတော့ မြွေကို ကြည့်တယ် ။ မြွေက လှလိုက်တာ ။ သူ့အကွက်လေးတွေက ပန်းချီကား တချပ်လိုပဲ ။ ငါမြင်ဖူးသမျှ မြွေတွေထဲမှာ သူအလှဆုံးပဲ.. ။ ကောင်မလေး ချက်ချင်းပဲ ဆုံးဖြတ်လိုက်တယ် ။

” ကောင်းပြီ နင့်ကို ငါယုံတယ်.. နင့်ကို ငါ ကယ်မယ်.. ဘယ်လို သက်ရှိ သတ္တဝါမဆို ကြင်နာမှုနဲ့ ထိုက်တန်တယ် ဆိုတာ ငါ လက်ခံတယ် ”

ကောင်မလေးက ပြောပြော ဆိုဆိုနဲ့ မြွေကို ညင်ညင်သာသာနဲ့ ယူပြီး အင်္ကျီအောက်ထဲ ထည့်လို့ သူ့အဘွားအိမ်ကို ဆက် ထွက်လာ ခဲ့တယ်.. ။ လျှောက်လာရင်း လျှောက်လာရင်းနဲ့ ကောင်မလေးဟာ ပြင်းထန်တဲ့ နာကျင်မှု တခုကို ခံစားလိုက်ရတယ် ။ မြွေက သူ့ကို ကိုက်လိုက်ပါပြီ ။

ကောင်မလေး ငိုတယ် ၊ နောင်တရတယ် ။

” နင် ငါ့ကို ဘယ်လို လုပ်လိုက်တာလဲ.. နင်ပြောတော့ မကိုက်ဘူးဆို ၊ ငါ နင့်ကို ယုံခဲ့တယ်လေ ”

မြွေက တစ်ခွန်းပဲ ပြန်ပြောပါတယ် ။

” နင် ငါ့ကို ခေါ်သွားဖို့ ဆုံးဖြတ်ကတည်းက.. ငါ ဘယ်လို အမျိုးအစားလဲ ဆိုတာ နင်သိပြီးသားပဲ ၊ မတတ်နိုင်ဘူးလေ နင့်ထိုက်နဲ့ နင့်ကံပေါ့..”

မြွေက ဒီလိုပြောပြီး အမြီးလေးကို ခလောက်လို့ တွန့်တွန့် တွန့်တွန့်နဲ့ ထွက်သွား ပါတော့တယ်.. ။

ပုံပြင်လေးကတော့ ဒါပါပဲ ။

ပုံပြင်ထဲက မြွေလိုပဲ ကျက်သရေ တုံးတဲ့လူ ဆိုတာတွေကို ကျနော်တို့ အတော် များများ ကိုယ့်ပတ်ဝန်းကျင်မှာ ကြုံဖူးမယ် ထင်ပါတယ်…

– တချို့လူတွေက သွားသနားလို့ မရပါဘူး

– တချို့လူတွေက စေတနာနဲ့ မတန်ပါဘူး

– တချို့လူတွေက လျှာနှစ်ခွနဲ့ ခုနက မြွေလိုပါပဲ

– တချို့လူတွေက ခုတစ်မျိုး တော်ကြာ တမျိုးပါပဲ

– တချို့လူတွေက ခွေးမြီးကောက် ကျည်တောက်စွပ်တွေပါ

– တချို့လူတွေက အယုံသွင်းပြီးမှ ယုတ်မာတတ်တယ်

– တချို့လူတွေက မူယာမာယာ သိပ်များပါတယ်

– တချို့လူတွေက ကူလီ ကူမာ သိပ်ကျွမ်း ပါတယ်

ဒီတော့ လူတိုင်းကို သွားပြီးတော့ သနားဖို့ မလိုဘူး ။

နင့်ကိုမှ မရရင် ငါသေရပါတော့မယ်တို့ ၊ ငါ ဒီတခါ တကယ် လိမ္မာပါပြီတို့ ၊ ငါ.. နောက် မလုပ်တော့ပါဘူး ကတိပေးပါတယ် တို့ဆို ချင့်ယုံကြပေါ့ ။ နောက်ပြီး သနားကမား ရုပ်နဲ့ မျက်ရည်ခံ ထိုးတိုင်း သနားစရာ မကောင်းဘူး ဆိုတာကိုလည်း ခေါင်းထဲ ထည့်ထားပါ ။

အပေါ်ယံ ရွှေမှုံကြဲထားတဲ့ မျက်နှာစာတွေနဲ့ လည်း သူတို့ရဲ့ အတွင်းစိတ် တွေကို ခဏတာ အားဖြင့် ပြည်ဖုံးကာ ချထားလို့ ရတယ် ဆိုတာကိုလည်း စွဲမှတ်ထားပါ ။

တချို့(တချို့) သော သူတွေဟာ ဘယ်လို သနားကြင်နာမှုမျိုး ၊ စေတနာထားမှုမျိုး ၊ ယုံကြည်မှုမျိုး ၊ ကိုယ်ချင်းစာမှုမျိုးနဲ့မှ မထိုက်တန်ဘူး ဆိုတာကို နားလည်ထား လိုက်ပါ ။

တချို့ (တချို့) လို့ သေချာ ရေးထားတယ်နော် အကုန်လုံးကို မဆိုလိုပါဘူး ။ ပုံပြင်လေးကို oh inspiring stuff မှာ ဖတ်ဖူးတာပါ ။

WaiPhyoMaung

 

Leave a Reply

Your email address will not be published. Required fields are marked *