success

အသက် ၂၀ ကျော်လာရင် ဘာတွေ ပြင်ဆင်ထားရမလဲ

အသက် ၂၀ ကျော်လာရင် ဘာတွေ ပြင်ဆင်ထားရမလဲ

ဒီနေ့ခေတ်မှာ အသက် ၂၀ ကျော်ပြီဆိုရင် ကွီးလို့အခေါ်ခံရတော့မယ့် အရွယ်ထဲ ဝင်ပြီလို့ဆိုရမှာပါ။ အသက် ၂၀ ကနေ ၃၀ အတွင်း ဘဝဟာ လူငယ်ဘဝရဲ့ ကွင်းစနဲ့ကွင်းပိတ်ပါပဲ။

သင့်အသက် ၂၂ ၊ ၂၃ ဆိုရင်ပဲ တက္ကသိုလ်က ဘွဲ့တစ်ခုရပြီးတဲ့အရွယ်ရောက်လို့ လုပ်ငန်းခွင်ဝင်မယ်ဆိုရင်တောင် ဝင်လို့ရနေတဲ့အရွယ်ပါ။ ဒီတော့ အသက် ၂၀ နဲ့နောက်ပိုင်းဟာ ဘဝရဲ့ သိပ်ကို အရေးကြီးတဲ့ ကာလတစ်ခုထဲ ရောက်လာပြီဆိုတာ ငြင်းမရတော့ပါဘူး။ ဒီအရွယ်မှာ ဆုံးဖြတ်ခဲ့သမျှ ၊ ရွေးချယ်ခဲ့သမျှဟာ ကိုယ့်အနာဂါတ်ပေါ် တိုက်ရိုက်သက်ရောက်မှု ရှိပါတယ်။

ဒါကြောင့် အသက် ၂၀ ကျော်လာတာနဲ့ ရှေ့ဆက်လျှောက်မယ့် ဘဝမှာ အဆင်ပြေချောမွေ့စေဖို့ အရေးပါတဲ့ အချက်လေးတွေကို ကွီးရဲ့ လူငယ်တို့ အတွက် မျှဝေလိုက်ပါတယ်။

(၁) အနာဂါတ်အတွက် ပုံဖော်နေပါ

 

ဒီအရွယ်ဟာ အရာအားလုံးကို အောက်ခြေကနေ ဝင်ရောက်ဖို့ အစပျိုးတဲ့ အရွယ်ပါ။ ကိုယ်ဘယ်လို ပုံစံမျိုးနဲ့ရှင်သန်နေထိုင်သွားချင်တယ်ဆိုတာကို အချိန်ယူပြီး စဉ်းစားရမယ့် အရွယ်လည်း ဖြစ်ပါတယ်။ ကိုယ့်ဘဝလမ်းကြောင်းမှာ ကိုယ်နဲ့ အသင့်ဆုံး အကိုက်ဆုံးဆိုတဲ့ အရာကို ကိုယ်တိုင် ရှာတွေ့ဖို့ တစ်နည်းနည်းနဲ့ ပုံဖော်နေသင့်ပါတယ်။

(၂) ပိုကြီးတဲ့ အိပ်မက် မက်ပါ

 

စိတ်ကူးထားတဲ့ အိပ်မက်တိုင်း တကယ်ဖြစ်မလာတာဟာ ကိုယ့်ရဲ့ ဖန်တီးနိုင်စွမ်းကို လက်တွေ့ထိတွေ့နိုင်တဲ့အဆင့်ကို မရောက်သွားလို့ပါပဲ။ အိမ်မက်ကြီးကြီး မက်တယ်ဆိုတာ လစာကောင်းကောင်း ရတဲ့ အလုပ်လုပ်ဖို့ဆိုတဲ့နေရာမှာတင် ရပ်နေတာ မဟုတ်ပါဘူး။ ကိုယ့်လက်ကိုယ့်ခြေပုံစံနဲ့ဘဝကို လိုသလို ဖန်တီးနိုင်တဲ့ အနေအထားမျိုးကို ပြောတာပါ။ အောင်မြင်တယ်ဆိုတဲ့ သူတွေဟာ အိပ်မက်ကြီးကြီးမက်ပြီး သူတို့မှာ ရှိသလောက်လေးနဲ့စတင်ခဲ့တာပါ။ သူတို့ သွားတဲ့ လမ်းတစ်လျှောက်က အမှားတွေကနေပဲ အချိန်ပြည့် သင်ယူခဲ့သူတွေ ဖြစ်ပါတယ်။

(၃) နောက်တစ်ကြိမ် ကြိုးစားဖို့ မမေ့ပါနဲ့

 

လူတစ်ယောက်ကို သူ့အတိတ်က ခြေလှမ်းအမှားတွေချည်း ကြည့်ပြီး မဆုံးဖြတ်ပါနဲ့ဆိုတဲ့ စကားရှိပါတယ်။ လူတိုင်းဟာ ပြောင်းလဲတတ်ကြပါတယ်။ ရှင်သန်ကြပါတယ်။ သင်ယူကြပါတယ်။ အတိတ်အမှားတစ်ခုအတွက် လူတစ်ယောက်ကို ထပ်တလဲလဲ အပြစ်ပေးတာဟာ ဘယ်လိုမှ သဘာဝမကျပါဘူး။ အမှားတစ်ခုကနေ ကိုယ့်ကိုယ်လည်း ခွင့်လွှတ်တတ် ၊ သူများကိုလည်း ခွင့်လွှတ်တတ်ဖို့လိုပါတယ်။ အခက်အခဲတွေကြောင့် ကျရှုံးသွားခဲ့ချိန်မှာ နောက်တစ်ကြိမ် ကြိုးစားနိုင်တယ်လို့ သတိရနေပါ။

(၄) သဘောထား ပြောင်းလဲဖို့မတွန့်ပါနဲ့

 

လူတိုင်းက အကောင်းဆုံးအဖြစ် မွေးလာတာ မဟုတ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုဆိုတာ အရွယ်တစ်ခုတည်းတင်မဟုတ်ဘဲ ၊ ဖြတ်သန်းလာတဲ့ အတွေ့အကြုံနဲ့ သင်ခန်းစာယူမှုတွေ အားလုံးနဲ့ အကျုံးဝင်နေပါတယ်။ အယူအဆတစ်ခု ၊ ယုံကြည်မှုတစ်ခုဟာ မှားယွင်းကြောင်း သေချာသိလာရင် ကိုယ့်သဘောထားကို သတ္တိရှိရှိပြောင်းလဲဖို့ပြင်လိုက်ပါ။

(၅) မိုင် ပိုသွားပါ

တစ်ခြားသူတွေထက် အမြဲတမ်း ၁၀% လောက် ပိုကြိုးစားနေပါ။ နှစ်တွေ ကြာတဲ့အခါ လုံးဝကွဲပြားတဲ့ လူတစ်ယောက်အဖြစ် ထိပ်တန်းရောက်လာမှာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာ ကိုယ်ဖြစ်ချင်တဲ့ ဘဝကို သွားနေတဲ့ လမ်းမှာ ဟန်ချက်ညီညီ ပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့က အရေးကြီးပါတယ်။ အောင်မြင်မှုဆိုတာ သူချည်းပဲဆိုရင် အရသာမရှိပါဘူး။ ကျေနပ်ပျော်ရွှင်ရပြီး ပြန်တွေးတိုင်း ဂုဏ်ယူရမှ တကယ့်အောင်မြင်မှုဖြစ်ပါတယ်။ ကိုယ့်ဘဝကို အဓိပ္ပါယ်ပိုရှိဖို့အမြဲကြိုးစားပါ။ အလုပ်နဲ့ ဘဝကိုလည်း ချိန်ခွင်လျှာညှိနေပါ။ ဒီအလေ့အထတွေကို အသက် ၂၀ ကျော်လာမယ့် အချိန်အတွက် ကြိုးပြီး လေ့ကျင့်ပျိုးထောင်နေမယ်ဆိုရင် အောင်မြင်ပျော်ရွှင်တဲ့ လူငယ်တစ်ယောက် ဖြစ်လာမှာပါ။

Credit: Original Writer
Sharing By: #Believe In yourself

 

Leave a Comment