success

ချမ်းသာပျော်ရွှင် နေချင်တယ်ဆိုရင်

ချမ်းသာပျော်ရွှင် နေချင်တယ်ဆိုရင်

ချမ်းသာဖို့ အလုပ်လုပ်တယ်ဆိုပေမယ့် ဘဝတစ်လျှောက်လုံး အလုပ်ပြီးရင်း အလုပ်ဆိုရင် တကယ်ငြီးငွေ့ဖို့ ကောင်းပါတယ်။ ပီပီပြင်ပြင် အသက်ရှင်ပြီး ပြည့်ပြည့်ဝဝနေသွားချင်တယ် ၊ ငွေကြေးလည်း မကြောင့်မကြနဲ့ တည်ငြိမ်အေးချမ်းတဲ့ ဘဝကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အခုကတည်းက ဒီလို အကျင့်လေးတစ်ချို့ကို ကိုယ့်မှာ တည်ဆောက်ထားဖို့လိုပါတယ်။

(၁) မှန်ကန်တဲ့ အလုပ်ကို ရှာပါ

 

မှန်ကန်တဲ့ အလုပ်ဆိုရာမှာ ကိုယ်စိတ်ဝင်စားတဲ့ အလုပ် ၊ ဒီအလုပ်လုပ်ရတာကို ချစ်မြတ်နိုးပြီး တန်ဖိုးထားတဲ့ အလုပ်ကို လုပ်ဖို့ လိုပါတယ်။ ကိုယ်မကြိုက်တဲ့ အလုပ်တစ်ခုကို ကြိတ်မှိတ်ပြီး လုပ်နေသရွေ့ ပျော်ရွှင်ရမှာ မဟုတ်ပါဘူး။ မပျော်တဲ့သူဟာ မချမ်းသာပါဘူး။
ဒီအလုပ်မျိုးကို လုပ်ပြီဆိုရင် အောက်ခြေအဆင့်ကစပြီး တစ်ဆင့်ချင်းသွားဖို့ လိုပါတယ်။ ဒီကုမ္ပဏီမှာ ဒီအလုပ်နဲ့ ပတ်သက်ပြီး လေ့လာစရာ ရစရာ အတွေ့အကြုံနဲ့ ပညာတွေ မရှိတော့ဘူးဆိုတဲ့ အချိန်မှာ ပိုပြီး ကျယ်ပြောစုံလင်တဲ့ လုပ်ငန်းခွင်တစ်ခုကို ခုန်ကူးပြီး ကိုယ့်ကိုယ်ကို မြှင့်တင်လိုက်ပါ။ ဒီနည်းနဲ့ ကိုယ့်ရဲ့ နေရာလိုက်တန်ဖိုးတွေ မြင့်မြင့်လာသလို နေရာအမျိုးမျိုးက ရလာတဲ့ ပညာတွေကြောင့်လည်း လူ့ဘဝမှာ ပိုပြီး ရင့်ကျက်တည်ငြိမ်လာမှာ ဖြစ်ပါတယ်။
တစ်ခုရှိတာက အလုပ်သစ်ပြောင်းမယ်ဆို လစာပဲ မကြည့်ဘဲ ဒီကုမ္ပဏီကနေ ငါဘယ်လောက်အထိ တိုးတက်ဖို့ အခွင့်အလမ်းရှိမယ်။ ဒီကုမ္ပဏီဟာ ငါ့စွမ်းရည်နဲ့ ငါ ထက်သန်တဲ့ ဘက်ကို လမ်းဖွင့်ပေးနိုင်မလား ကြည့်ဖို့ လိုပါတယ်။ ဒါမှသာ ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးလည်း တက်လာမှာဖြစ်ပြီး ငွေကြေးဆိုတာ တစ်ပါတည်း နောက်ကနေ လိုက်လာမှာ ဖြစ်ပါတယ်။

(၂) အသုံးစရိတ်လျှော့ပါ။

 

ချမ်းသာဖို့ လုပ်နေတယ်ဆိုတဲ့ လူတွေမှာ အတွေ့များတဲ့ ပြဿနာက ရတဲ့ငွေထက် ကုန်တဲ့ စရိတ်က များနေတာပါပဲ။ ဘဝမှာ ချမ်းသာဖို့ အလွယ်ဆုံးနည်း ပြောပါဆိုရင် ကိုယ့်လိုတာထက် ပိုမသုံးဘဲ နေတတ်ရင် ချမ်းသာမှာ ဖြစ်ပါတယ်။ အသုံးစရိတ်လျှော့ဖို့အတွက် အက်ပလီကေးရှင်းဖြစ်ဖြစ် Excel Sheet နဲ့ဖြစ်ဖြစ် စာရင်းဇယားလုပ်ပြီး ငွေဝင်ငွေထွက်ကို ပုံမှန် စောင့်ကြည့်သင့်ပါတယ်။ ကိုယ့်အတွက် တကယ်အသုံးမလိုတာကို တွေ့ပြီဆိုရင် ဒီပစ္စည်းကို ဝယ်ဖြစ်တော့မှာ မဟုတ်သလို အိတ်ထဲမှာလည်း ပိုက်ဆံပိုထွက်လာမှာ ဖြစ်ပါတယ်။

(၃) ငွေစုပါ။

 

ဘဏ်အကောင့်တစ်ခုထားပြီး ငွေစုပါလို့ ပြောရင် အင်မတန်ရိုးရှင်းတဲ့ အကြံလို့ ထင်ပါလိမ့်မယ်။ တကယ်တော့ ချမ်းသာချင်ရင် ငွေရှာတတ်ရုံနဲ့မပြီးသေးပါဘူး။ ဒုတိယအဆင့်အနေနဲ့ စုဆောင်းပါ။ ဘဏ်လိုမျိုး အတိုးမှန်မှန် ရမယ့် နေရာမှာ စုမယ်ဆိုရင် ငွေလည်း လုံခြုံသလို ငွေလည်း တိုးပွားလာမှာ ဖြစ်ပါတယ်။ ငွေဟာ စုဆောင်းတဲ့ အကျင့်ရှိသူတွေဆီမှာ အနေမြဲပါတယ်။
ဒီတော့ ငွေစုဖို့ စိတ်သွင်းထားပါ။ အနာဂါတ်မှာ ငါဘယ်လို ဖြစ်ချင်တယ်ဆိုပြီး မြင်ယောင်ကြည့်ပြီး ငွေစုလိုက်ပါ။ နောက်ဆုံး အလုပ်က အငြိမ်းစားယူတဲ့ တစ်နေ့ ငါ့အိတ်ထဲမှာ ပိုက်ဆံ ဘယ်လောက် စုဆောင်းပြီး ဖြစ်ရမယ်လို့ဆုံးဖြတ်ထားပါ။ အိတ်ထဲမှာ ငွေရှိတဲ့သူဟာ ချမ်းသာပျော်ရွှင်ဖို့ အများကြီး နီးစပ်လာသူ ဖြစ်ပါတယ်။

(၄) အမျှော်အမြင်ရှိစွာ မြှပ်နှံပါ။

 

ငွေရှာခြင်း ၊ စုဆောင်းခြင်း အပြင် ဒီငွေကို ကောင်းကောင်း အသုံးချနေဖို့ကလည်း အရေးကြီးပါတယ်။ ကြွယ်ဝချမ်းသာသူတွေဟာ ငွေစုလို့ချမ်းသာတာ မဟုတ်ပါဘူး။ ဒီစုထားတဲ့ ငွေကို မှန်မှန်ကန်ကန် ရင်းနှီးမြှပ်နှံရင်း ဆတက်ထမ်းပိုး ချမ်းသာလာတာ ဖြစ်ပါတယ်။ ကမ္ဘာကျော် သူဌေးကြီး ဝါရင်းဘတ်ဖတ်ကဆို ကိုယ့်လက်ထဲက ငွေရဲ့ ၁၀% ကို ရေတို အစိုးရငွေချေးရာမှာ ထည့်ဝင်ပြီး ၉၀% ကို ခိုင်မာတဲ့ အပြင် စတော့တွေမှာ မြှပ်နှံဖို့ အကြံပြုထားပါတယ်။ မသေချာတဲ့ နေရာတွေ စတော့ဈေးကွက်တွေမှာ ရင်းနှီးမြှပ်နှံဖို့ကြုံလာရင် နှစ်ခါပြန်စဉ်းစားပြီး နယ်ပယ်အလိုက် ကျွမ်းကျင်သူများနဲ့ တိုင်ပင်သင့်ပါတယ်။

(၅) သမ္မာအာဇီဝနဲ့ ရှာဖွေပါ။

 

ချမ်းသာဖို့အပြင် ပျော်ရွှင်ချင်တယ်ဆိုရင် နောင်တရစရာ သိက္ခာမဲ့တဲ့ အလုပ်တွေကို မလုပ်မိဖို့ လိုပါတယ်။ ဖြတ်လမ်းနည်းနဲ့ ချမ်းသာအောင်လုပ်သွားတဲ့ သူတွေကို အားမကျပါနဲ့။ သူတို့ရဲ့ နောင်တက သူတို့ရထားတဲ့ ဓနဥစ္စာထက် အပုံကြီးပိုများနေဖို့ ရှိပါတယ်။ ဘဝမှာ ငွေကြေးရော ကိုယ်ကျင့်တရားပါ ချမ်းသာပြည့်စုံနေဖို့ မှန်ကန်တဲ့ လမ်းအတိုင်းလျှောက်ပြီး စီးပွားရှာဖွေပါ။ တစ်ချိန်မှာ တစ်လှမ်းလှမ်းမယ်ဆို ဘယ်တော့မှ လဲပြိုမှာ မဟုတ်ပါဘူး ။

 

Credit: Original Writer
Sharing By: #Believe In yourself

 

 

Leave a Comment