Sports Daily news

ဘလွန်းဒီအောဆုရရှိရေး အခြေအနေပိုကောင်းနိုင်တဲ့ မက်ဆီ

Unicode

မက်ဆီသည် ၂၀၂၁ ကိုပါအမေရိကဖလား ချန်ပီယံဖြစ်ပြီးနောက် ၂၀၂၁ ဘလွန်းဒီအောဆုကိုရရှိရန် ရေပန်းစားနေသည်။ မက်ဆီသည် ဘာစီလိုနာမှ ပီအက်စ်ဂျီသို့ ပြောင်းရွှေ့ခဲ့သဖြင့် ကမ္ဘာ့အကောင်းဆုံးလိဂ်တစ်ခုမှ ဒုတိယတန်းစားလိဂ်တစ်ခုကို ပြောင်းသွားသကဲ့သို့ဖြစ်သွားပြီး ဘလွန်းဒီအောအတွက် အခွင့်အရေးနည်းသွားနိုင်သည်ဟု ဝေဖန်ပြောဆိုမှုများ ရှိခဲ့သည်။ သို့ရာတွင် ဥရောပမီဒီယာတစ်ခုက မက်ဆီ၏ အပြောင်းအရွှေ့သည် ဘလွန်းဒီအောဆု ဆွတ်ခူးရေးကို ပို၍ပင် အထောက်အကူပြုနိုင်ကြောင်း အကြောင်းပြချက် ၃ ခုဖြင့် ငြင်းချက်ထုတ်ခဲ့သည်။

၁. စိန်ခေါ်မှုအသစ်
ပြိုင်ဘက်ပရိသတ်များသည် အာဂျင်တီးနားအသင်းအတွက် ဆုဖလား မဆွတ်ခူးနိုင်သည်နှင့် မက်ဆီကို လက်ညှိုးထိုးသော်လည်း ယခုအခါ ၂၀၂၁ ကိုပါအမေရိကဖလား ရရှိခဲ့ပြီဖြစ်သည်။ မက်ဆီကို ဆန့်ကျင်သော အချို့ပရိသတ်များကလည်း ဘာစီလိုနာ တစ်သင်းတည်းတွင်သာ ခြေစွမ်းပြနိုင်သော ကစားသမားဟု အပြစ်ပြောခဲ့ကြသည်။ ယခုအခါတွင် ပီအက်စ်ဂျီအသင်းသို့ ပြောင်းရွှေ့၍ စိန်ခေါ်မှုအသစ်ကို ရင်ဆိုင်ပြီး ထိုအပြစ်ပြောမှုကို ချေဖျက်ရန် အခွင့်အရေး ရရှိပြီဖြစ်သည်။ မက်ဆီသည် အသက် ၃၄ နှစ်အရွယ်တွင်ကျမှ အသင်းပြောင်းရသော်လည်း လီဂူးဝမ်းတွင် ခြေစွမ်းပြနိုင်မည်မှာ သံသယရှိစရာမဟုတ်ဟု ဘောလုံးဝေဖန်ရေးများက ဆိုသည်။

၂. ရာသီသစ်တွင် အစကောင်းနိုင်ခြင်း
ပီအက်စ်ဂျီအသင်းသည် ကိုးမန်း၏အသင်းထက်စာလျှင် ကစားသမားအင်အား ပိုတောင့်တင်းသည်။ နွေရာသီ ကစားသမားသစ်‌ ခေါ်ယူမှုလည်း ကောင်းခဲ့သည်။ ဘလွန်းဒီအောဆုသည် ၂၀၂၁ ပြက္ခဒိန်နှစ်အတွက် ချီးမြှင့်သည်ဖြစ်ပြီး ၂၀၂၀-၂၁ ဘောလုံးရာသီအတွက် မဟုတ်သောကြောင့် ဇန်နဝါရီလမတိုင်မီ ခြေစွမ်းပြနိုင်ရေးမှာ မက်ဆီအတွက် အရေးကြီးသည်။ ထို့ကြောင့် မက်ဆီအနေဖြင့် ရာသီသစ်တွင် ခြေစွမ်းပြနိုင်ရေးက အရေးကြီးပြီး တောင့်တင်းသောအသင်းတွင် ကစားရပြီး အားနည်းသည့်အသင်းများနှင့် ယှဉ်ပြိုင်ရခြင်းကြောင့် ဘလွန်းဒီအောဆုရရန် ပို၍အခွင့်အရေး ရနိုင်သည်။

၃. စိတ်ဝင်စားမှုပိုခံရခြင်း
မက်ဆီသည် ပြင်သစ်သို့ ပြောင်းရွှေ့ပြီးနောက် ပရိသတ်အများအပြား၏ သောင်းသောင်းဖြဖြ ကြိုဆိုခြင်းခံရသည်။ အာဂျင်တီးနားတိုက်စစ်မှူးသည် ပရိသတ်အသစ်များလည်း ရရှိလာခဲ့သည်။ အသက် ၃၄ နှစ်အရွယ်ရှိ မက်ဆီကို ဘောလုံးလောကတစ်ခုလုံးက စိတ်ဝင်တစား စောင့်ကြည့်နေမည်ဖြစ်သောကြောင့် ၎င်းအနေဖြင့် ဘာစီလိုနာတွင်ထက်ပို၍ အာရုံစိုက်မည်ဖြစ်သည်။ မက်ဆီအနေဖြင့် အကောင်းဆုံးခြေစွမ်းပြနိုင်ပါက အာရုံစိုက်မှု ပိုရသောကြောင့် ဘလွန်းဒီအောဆုအတွက် ထောက်ခံမှု ပိုရနိုင်မည်ဖြစ်သည်။

Zawgyi

Leave a Comment