success

ကိုယ့်ကိုယ်ကိုယ် ချစ်တဲ့စိတ် မွေးမြူဖို့နည်းလမ်း ၃ သွယ်

လူ့အဖွဲ့အစည်းက အကောင်းဆုံးလို့ သတ်မှတ်ထားတဲ့အရာတွေနောက် လိုက်ရင်းနဲ့ လူတွေဟာ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတဲ့စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် ချစ်ရကောင်းမှန်း သိတဲ့စိတ်တွေ နည်းလာတယ်လို့ ပြောကြပါတယ်။ သင်ကိုယ်တိုင် သင့်ရဲ့ အကြီးဆုံးပရိသတ် ဖြစ်ဖို့ဆိုတာ ထင်သလောက်မလွယ်ပါဘူး။ လူတွေဟာ ကိုယ့်ကို တကယ်သာ ချစ်ရင် ကိုယ့်ကို ဒုက္ခရောက်စေမယ့်အလုပ်တွေ လုပ်ဖြစ်မှာ မဟုတ်ပါဘူး။
Self-Love ဆိုတာ ဒီဘက်ခေတ်မှာ ပိုလို့တောင် အရေးကြီးလာပါပြီ။ ကိုယ်သာလျှင် ကိုယ့်ကို အချစ်ဆုံး ၊ ကိုယ့်အကျိုးအလိုလားဆုံး နဲ့ ကိုယ့်မိတ်ဆွေအစစ်ဆုံး ဖြစ်ဖို့ ဆိုတာ နေ့ချင်းညချင်းတော့ ဖြစ်လာနိုင်တဲ့ ကိစ္စမဟုတ်ပါဘူး။ နေ့တိုင်း ပုံမှန်အကျင့်တစ်ခုလိုမျိုး Self-Love ကို ပံ့ပိုးပေးတဲ့ အလုပ်လေးတွေ လုပ်ပေးဖို့ လိုမှာပါ။ ကိုယ့်ကိုယ်ကိုယ် တကယ်ချစ်တယ်ဆိုတဲ့စိတ်ကို အလေ့အကျင့်လုပ်နိုင်မယ့် အရိုးရှင်းဆုံး နည်းလမ်း ၃ မျိုးအကြောင်း ပြောပြပေးချင်ပါတယ်။

(၁) ဘယ်သူနဲ့မှ ကိုယ့်ကိုယ်ကိုယ် မနှိုင်းယှဉ်လိုက်ပါနဲ့

ကိုယ့်ကိုယ်ကိုယ် တကယ်အသိအမှတ်ပြုဖို့အတွက် အရေးအကြီးဆုံးအပိုင်းတစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ ကိုယ့်ကိုယ်ကိုယ် တခြားသူတွေနဲ့ တန်းသွားညှိတာမျိုး မလုပ်ဖို့ပါ။ ကျွန်တော်တို့တတွေဟာ လူမှန်းသိစအရွယ်ကတည်းက နှိုင်းယှဉ်တဲ့စိတ်နဲ့ နေထိုင်လာတာပါ။ ကျောင်းတက်ရင်း ကျောင်းနေဘက်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်တယ် ဒါမှမဟုတ် မိဘက လိုက်ပြီး Compare လုပ်တယ်။
ယုတ်စွအဆုံး ရည်းစားရတာတောင် ရည်းစားချင်း ပြိုင်တဲ့အထိ Comparison ဆိုတဲ့ အကျင့်ဆိုးကြီးက အထုံလိုကို ပါလာနေတာပါ။ လူ့ဘဝရဲ့ ဖြစ်စဉ်တစ်လျှောက်လုံးဟာ နှိုင်းယှဉ်မှုတွေက ကြီးစိုးနေတယ်တောင် ပြောရမလိုပါပဲ။ ကိုယ့်ကိုယ်ကိုယ် တကယ်ချစ်တယ် ၊ စိတ်ချမ်းသာအောင် ထားချင်တယ်ဆိုရင် ဘယ်သူနဲ့မှ သွားပြီး မနှိုင်းယှဉ်လိုက်ပါနဲ့။ ကိုယ့်ရဲ့ ကိုယ်ပိုင်တန်ဖိုးကို ရှာပါ။ ကိုယ့်ရဲ့ ကိုယ်ပိုင် ချမ်းသာမှုအစစ်နောက် လိုက်ပါ။ ကိုယ့်တယ် ပျော်တဲ့ဘဝမှာ နေထိုင်ပါ။

(၂) ပျော်ရွှင်မှုကို ပြင်ပမှာ လိုက်ရှာမနေနဲ့

တစ်ခါတုန်းက ငါ့မှာ ဘာရှိတုန်းက / ဘယ်ရောက်တုန်းက / ဘာလုပ်တုန်းက ပျော်လိုက်ရတာလို့ ပြောဖူးတယ်မဟုတ်လား။ ဒီစကားကို ပြန်ကြည့်ရင် ကိုယ့်ပျော်ရွှင်မှုဆိုတာ ကိုယ့်မှာ မရှိတဲ့ တခြားတစ်ခုခုဆီကနေ စီးဝင်လာတယ်ဆိုတာကို သိသိသာသာ မြင်သာကြမှာပါ။ လစာကောင်းတဲ့အလုပ် ရလို့ ပျော်ဖူးတာ ၊ တန်ဖိုးကြီး ပစ္စည်း သုံးနိုင်လို့ ပျော်ခဲ့တာ စတဲ့ စတဲ့ အမျိုးမျိုးသော ပျော်ရွှင်ခြင်းအရင်းအမြစ်တွေကို လေ့လာကြည့်ရင် ကိုယ့်ဆီက လာတာ မဟုတ်မှန်း သိနိုင်လောက်ပါတယ်။

ဒီလိုနည်းတွေနဲ့ ပျော်ခဲ့တဲ့ အပျော်တွေဆိုတာ တကယ်ပဲ ပျော်စရာကောင်းရဲ့လား။ ပျော်အောင်လုပ်ဖို့ ပေးလိုက်ရတဲ့ အရင်းအနှီးက ဘယ်လောက်တောင် ရှိခဲ့ပြီလဲ။ တကယ်တမ်း ချမ်းမြေ့ပျော်ရွှင်မှု အစစ်အမှန်ဆိုတာ ပြင်ပအရာတွေပေါ် မှီခိုမနေပါဘူး။ ကြည်လင်ရွှင်လန်းနေတဲ့ စိတ်အခံနဲ့ နေသူအဖို့ မြင်သမျှဟာ ကြည်နူးစရာ စိတ်ချမ်းသာစရာအဖြစ် တွေ့မြင်ခံစားနိုင်မှာပါ။
တကယ်လို့ ကိုယ့်စိတ်ထဲမှာ ကိုယ့်မှာ မရှိခဲ့တာ ဖြစ်ဖြစ် ရှိခဲ့တာကိုပဲ ဖြစ်ဖြစ် အာရုံပြုပြီး နေတာနဲ့ အချိန်ကုန်သလား ပြန်မေးကြည့်ပါ။ ဒါမှမဟုတ် တခြားသူမှာ ရှိနေတာကို ပိုအာရုံပြုဖြစ်သလား ပြန်ကြည့်ပါ။ ကိုယ့်ကိုယ်ကိုယ် စိတ်ချမ်းသာအောင် ထားဖို့ဆိုရင် ကိုယ့်မှာ ရှိသရွေ့နဲ့ ကျေနပ်ရောင့်ရဲနိုင်တဲ့ စိတ်ထားတတ်ဖို့ မရှိမဖြစ် လိုပါတယ်။ ကိုယ့်မှာ မရှိတာတွေပေါ် လိုအပ်တာတွေပေါ်ပဲ Focus ထားလွန်းရင် ဘယ်လိုလုပ် စိတ်ချမ်းသာပါ့မလဲ။

(၃) ကိုယ့်ကိုယ်ကိုယ် မိတ်ဆွေကောင်းတစ်ယောက်လို ပြန်ဆက်ဆံပါ

ကျွန်တော်တို့တွေကပဲ ကိုယ့်ကိုယ်ကိုယ် အကြီးဆုံးဝေဖန်လေကန်တဲ့သူတွေ ဖြစ်ကြပါတယ်။ ကျွန်တော်တို့နဲ့ နေ့တိုင်း စကားအများဆုံး ပြောဖြစ်တဲ့သူဟာ ကျွန်တော်တို့ရဲ့ အတွင်းစိတ်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်အတွင်းစိတ်နဲ့ တည့်အောင်ပေါင်းပါ။ သူဟာ အနီးကပ်ဆုံး မိတ်ဆွေဖြစ်ပါတယ်။ မပေါင်းတတ်သူတို့အဖို့ ရန်သူလည်း ဖြစ်သွားနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် Good Friend တစ်ယောက်လို သဘောထားဖို့ဟာ Self-Love လို့ ခေါ်တဲ့ ကိုယ့်ကိုယ်ကိုယ်ချစ်တတ်ဖို့အရေးမှာ ထိပ်ဆုံးက ထားပြောရမယ့် အရေးတကာ့ အရေးအကြီးဆုံး အချက်ပါပဲ။
အခုပြောခဲ့တဲ့ အချက် ၃ ချက်ကို ကိုယ့်နေ့စဉ်ဘဝလမ်းညွှန်လိုမျိုး ပုံမှန်လိုက်နာ လုပ်ဆောင်ပေးသွားရင် ကိုယ့်ကိုယ်ကိုယ်တကယ်ချစ်တဲ့သူတစ်ယောက် ဖြစ်လာမှာ မလွဲပါဘူး။

Credit: Original Writer
Sharing By: #Believe In yourself

 

Leave a Comment