Mon. May 23rd, 2022

Unicode Version

တစ်နေ့တော့ ဂရိအတွေးအခေါ်ပညာရှင်ကြီး ဆိုကရေးတီး (Socrates) ဆီကို
အိမ်နီးချင်းဖြစ်သူ အလွန် အတင်းအဖျင်းပြောတတ်တဲ့ လူတစ်ယောက် ရောက်လာပါတယ်။
ပညာရှင်ကြီးကလည်း ဒီလူဟာ အတင်းအဖျင်း အရမ်းပြောတတ်မှန်း သိထားပါတယ်။

ရောက်ရောက်ချင်းပဲ အဲဒီလူက စကားစပါတော့တယ်။
ဆရာကြီးခင်ဗျာ ဒီနေ့မနက်က ဆရာကြီးနဲ့ပတ်သက်တဲ့ သတင်းတစ်ခု ကြားခဲ့ပါတယ်။
အဲဒါပြောပြချင်လို့ ထမင်းတောင်မစားဘဲ ပြေးလာတာပါတဲ့။

ဆိုကရေးတီးက သူ့ကိုစကားမဆက်ဖို့ လက်ကာပြ တားလိုက်ပြီး အခုလို ပြောလိုက်ပါတယ်။
“မင်းရဲ့သတင်းကို ငါနားမထောင်ခင် မေးခွန်း သုံးခု မေးမယ်ကွာ။
အဲဒီမေးခွန်းတွေကို မင်းဖြေပြီးမှ ငါမင်းရဲ့ သတင်းကို နားထောင်မယ်”တဲ့။

ထိုလူကလည်း “ဟုတ်ကဲ့ပါ ဆရာကြီး ၊ မေးချင်တာမေးပါ ခင်ဗျာ”တဲ့။

“ပထမဆုံး ငါမေးမယ့် မေးခွန်းက မင်းပြောတဲ့ သတင်းမှာ ငါ့အတွက် ကောင်းတာပါသလား?? ”
“မပါပါဘူးဆရာကြီး။ တကယ်တော့”

“ကောင်းပြီး ၊ ငါ ဒုတိယမေးခွန်းကို ဆက်မေးမယ်။မင်းရဲ့သတင်းမှာ ငါ့အတွက် အကျိုးရှိတာပါသလား??”
“မပါပါဘူး ဆရာကြီး၊ ဒါပေမဲ့ .…”

“အေးပါ၊ ငါနောက်ဆုံး တတိယမေးခွန်းကို မေးဦးမယ်ကွာ။ အဲဒီ သတင်းက အမှန်အကန်သတင်းလားကွ??”
အသေအချာမသိပါဘူး ဆရာကြီး။ ကျွန်တော် ကြားရသလောက်ဆိုရင်….

“ဟာကွာ မင်းရဲ့သတင်းက ကောင်းတာလည်း မပါ။
ငါ့အတွက် အကျိုးဖြစ်တာလည်း မပါ။
သတင်းမှန်လည်း မဟုတ်ဘဲနဲ့ ဘာဖြစ်လို့ အချိန်ကုန်ခံပြီး ငါ့လာပြောတာလဲကွာ။
ငါမှာ နားထောင်ဖို့ အချိန်မရှိဘူး။ ထွက်သွားကွာ” ဆိုပြီး ဆိုကရေးတီးက အဲဒီလူကို မောင်းထုတ်လိုက်ပါတယ်။

ပညာရှိတို့မည်သည်မှာ အတင်းအဖျင်းစကားများကို နားထောင်ဖို့ အချိန်မပေးတတ်ကြပါ။

 

Leave a Reply

Your email address will not be published.