Wed. Oct 27th, 2021

#Unicode Version

တစ်နေ့မှာ ပရော်ဖက်ဆာတစ်ယောက်ဟာ ကျောင်းသားတွေကို စာမေးပွဲစစ်ပါတယ်။
ကျောင်းသားတွေရဲ့ စားပွဲခုံတွေမှာ မေးခွန်းစာရွက်တစ်ရွက်စီကို မှောက်ထားပါတယ်။

ပရော်ဖက်ဆာက ကျောင်းသားအားလုံး စားပွဲမှာ ထိုင်ပြီးကြတာနဲ့
မေးခွန်းကို လှမ်းကြည့်လို့ရပြီး အဲဒီမေးခွန်းပေါ်မှာ မြင်တွေ့တာကို ဘယ်လို ခံစားရတယ်ဆိုတာ ရေးပြကြပါ။
အချိန် ၁၅ မိနစ် ပေးမယ်လို့ ပြောလိုက်ပါတယ်။

 


ကျောင်းသားတွေက မေးခွန်းကို လှန်ကြည့်လိုက်ကြတော့ စာရွက် အလယ်ခေါင်မှာ
အမည်းစက်လေးတစ်စက်ကိုပဲ တွေ့ရတယ်။ စာတစ်လုံးမှ မရေးထားဘူး။
ဒါပေမဲ့ ကျောင်းသားတွေက အမှတ်မရမှာစိုးလို့ ကြိုးစားပြီး တစ်ခုခုရေးကြတယ်။

အချိန်စေ့သွားတော့ ပရော်ဖက်ဆာက သူတို့‌ဖြေထားတဲ့ စာရွက်တွေကို ပြန်သိမ်းပြီး
တစ်ရွက်ချင်း စစ်ကြည့်လိုက်တယ်။ အဖြေတွေ အားလုံးကို ကြည့်ပြီးတာနဲ့ သူက ကျောင်းသားတွေကို အခုလို ပြောလိုက်ပါတယ်။

“အခု စစ်တာကို အမှတ်မပေးပါဘူး။ စိတ်မပူကြပါနဲ့။
မင်းတို့ အားလုံးဟာ စာရွက်ပေါ်က အမည်းစက်လေးအကြောင်းကိုပဲ ရေးထားကြတယ်။
စာရွက်တစ်ရွက်လုံး အပြည့်နီးပါးရှိနေတဲ့ အဖြူရောင်အကြောင်းကို ဘယ်သူမှ မရေးကြဘူး။

အမည်းစက်လေးဟာ သေးငယ်လှပေမယ့် လူ့စိတ်ကို လွှမ်းခြုံသွားတယ်။
ဒီလိုပဲ ပြဿနာလေးတစ်ခုဟာလည်း သေးငယ်ပေမယ့် သတိမထားရင် စိတ်ကို တစ်ချိန်လုံး လွှမ်းမိုးနေမယ်။ အဲဒါကိုပဲ တွေးရင်း စိတ် ပူပန်နေမယ်။ ငါဟာ ကံဆိုးတဲ့လူပဲဆိုပြီး ညည်းတွားနေကြလေ့ရှိတယ်။ ပြဿနာကိုပဲ အာရုံထားနေကြတယ်။

အဲဒီလို မိမိပြဿနာကိုပဲ အချိန်ပြည့်အာရုံထား စိတ်ညစ်နေမယ်။
သောကရောက်နေမယ်။ ပတ်ဝန်းကျင်ရဲ့ ကောင်းတာလေးတွေကို မမြင်တတ်၊
မခံစားတတ်ဘူးဆိုရင် အဲဒီလူရဲ့ဘဝမှာ ဘယ်တော့မှ စိတ်ချမ်းသာမှုကို ရမှာမဟုတ်ဘူး။
အမြဲတမ်း စိတ်ဆင်းရဲနေမှာပဲ ” တဲ့။

1 thought on ““စာရွက်ပေါ်က အမည်းစက်လေးတစ်စက်””
  1. ကျေးဇူးတင်ပါတယ်။
    နောက်ထပ်၊နောက်ထပ်စာတွေကိုလည်းဖတ်ချင်ပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *