Wed. Oct 27th, 2021

#Unicode Version

စင်ကာပူမှာ အလုပ်လုပ်နေကြတဲ့ မြန်မာလူငယ်လေးတွေကို ကျွန်တော်ပြောလေ့ရှိတဲ့ စကားတစ်ခု ရှိပါတယ်။ အဲဒါကတော့ အထက်ကခေါင်းစဉ်မှာ ရေးထားသလို “ငွေလိုချင်ရင်ငွေနောက်မလိုက်ပါနဲ့” လို့ပါ။

“ဟာ ဆရာ့စကားကလည်း အထူးအဆန်းကြီးပါလား။
ငွေနောက် မလိုက်လို့ ငွေ ဘယ်လို ရမှာလဲဗျ”လို့ မေးကြပါတယ်။

ကျွန်တော် သူတို့ကို အခုလို ရှင်းပြလေ့ရှိပါတယ်။
ပိုက်ဆံများများ လိုချင်ရင် ပညာရအောင်လုပ်ပါ။ လုပ်ငန်းကျွမ်းကျင်အောင်လုပ်ပါ။

ကုမ္ပဏီအတွက် ဝင်ငွေများများရှာပေးပါ။
ကုမ္ပဏီမှာ လွယ်လွယ်ကူကူ အစားထိုးမရတဲ့ လူတစ်ယောက်ဖြစ်ပါစေ။
မင်းတို့မှာ အဲဒီအရည်အချင်းတွေ ပြည့်စုံပြီဆိုရင် ကုမ္ပဏီက သေချာပေါက် ရာထူးတိုးပေးမယ်။
လစာတွေ တိုးပေးပါလိမ့်မယ်။

ဘာကြောင့်လဲ။ ကုမ္ပဏီကို ဝင်ငွေအများကြီးရအောင် ရှာပေးနေတဲ့ လူတစ်ယောက်ကို ဘယ်ကုမ္ပဏီကမှ အဆုံးမခံနိုင်လို့ပါ။
နောက်ပြီး လစာ ရာထူးမတိုးပေးလို့ အဲဒီလူအလုပ်ထွက်ပြီး ပြိုင်ဖက်ကုမ္ပဏီတစ်ခုကို ရောက်သွားမှာကိုလည်း သူတို့ သိပ်ကြောက်ကြတယ်။

တော်တဲ့ လူတစ်ယောက်က ပြိုင်ဘက်ကုမ္ပဏီ ရောက်သွားတာနဲ့ ဒီဘက်ကုမ္ပဏီရဲ့ အခြေအနေ အတွင်းရေးတွေ သိသွားလို့ ပြိုင်ဘက်ကုမ္ပဏီဟာ အသာ ရသွားလိမ့်မယ်။

နောက်တစ်ခုရှိသေးတယ်။ တော်တဲ့လူထွက်သွားရင် နောက်လူတစ်ယောက် ထပ်ရှာရမယ်။
သင်တန်းပေးရမယ်။ လူသစ်ကို အလုပ်နားလည်ဖို့အချိန်ပေးရမယ်။
နောက်ဆုံး လူသစ်ဟာ မျှော်လင့်ထားသလို အားကိုး မရတဲ့သူဖြစ်နေရင် အလုပ်ဖြုတ်ပြီး နောက်တစ်ယောက် ထပ်ရှာရမယ်။
လူသစ်ရှာရတာ အရင်းအနှီးကြီးလွန်းလို့ ရှိပြီးသား လူတော်တစ်ယောက်ကို လက်လွှတ်အဆုံးရှုံး မခံနိုင်ကြပါ။

ဒါကြောင့် လူတော်ဆက်နေချင်အောင် လစာတိုး၊ ရာထူးတိုးပေးပြီး မက်လုံးပေးပါလိမ့်မယ်။

ငွေများများ လိုချင် သလား?? ငွေနောက်မလိုက်ပါနဲ့။ ပညာနောက်ကိုလိုက်ပါ။
ငွေတွေ သူ့အလိုလို ကိုယ့်နောက်ကို လိုက်လာပါလိမ့်မယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *