Mon. Jun 5th, 2023

#Unicode Version

Smart Goal !!

လူတစ်ယောက် အောင်မြင်ဖို့၊ ချမ်းသာဖို့၊ တိုးတက်ကြီးပွားဖို့​အတွက် ရည်မှန်းချက် ရှိရပါမယ်။ ဒါ​ပေ​မဲ့ အဲဒီရည်မှန်းချက်ဟာ ​ယောင်ဝါးဝါး ​ရည်မှန်းချက်မျိုး​​တော့ ဖြစ်​နေလို့ မရပါဘူး ခင်ဗျ။

“အောင်မြင်​​​တဲ့သူ ဖြစ်ချင်ပါတယ်”၊ “ချမ်းသာချင်ပါတယ်”၊ “ဝိတ်ကျချင်ပါတယ်” ဆို​တဲ့ ရည်မှန်းချက်​တွေဟာ ​​ယောင်ဝါးဝါး နိုင်လွန်းပါတယ်။ ​အထာမကျ၊ စမတ်မကျ​တဲ့ ရည်မှန်းချက်မျိုး​တွေပါ။ ဒါဆိုရင် စမတ်ကျ​တဲ့ ရည်မှန်းချက်မျိုးဆိုတာ ဘယ်လိုမျိုးလဲ။

SMART စမတ်ကျ​တဲ့ ရည်မှန်းချက်ဆိုတာ

S – Specific – တိကျရမယ်
M – Measurable – တိုင်းထွာလို့ ရ ရမယ်
A – Achievable – ဖြစ်နိုင်​ခြေရှိရမယ်
R – Relevant – ကိုယ်​နဲ့ ဆိုင်ရမယ်
T – Time-bound – ​အချိန် ကန့်သတ်ထားရမယ်
​မြန်မာလို မှတ်ရလွယ်အောင် ​​ဆောင်ပုဒ်လေး ရေးပေးထားပါတယ်။

“တိကျ၊ တိုင်းထွာ၊ ဖြစ်နိုင်တာ၊ ဆိုင်ရာသတ်မှတ်၊ ချိန်ကန့်သတ်။”


(၁) တိကျရမယ်

ရည်မှန်းချက်ကို တိကျနိုင်သလောက် တိကျအောင် သတ်မှတ်ပါ။ “ချမ်းသာချင်တယ်” ဆိုတာထက် “​ငွေ ဘယ်လောက်တိတိကို ဘယ်​​နှစ်နှစ် ​အကြာမှာ ဘာ​အလုပ်လုပ်ပြီး ရအောင်ကြိုးစားမယ်” ဆို​တဲ့ ရည်မှန်းချက်မျိုး ဖြစ်သင့်ပါတယ်။

(၂) တိုင်းထွာလို့ ရ,ရမယ်

“ဝိတ်ကျချင်တယ်” ဆိုတာထက် “ဘယ်နှစ်​​ပေါင် ကျချင်တယ်”၊ “ကိုယ်​အလေးချိန်ကို ​​ဘယ်နှစ်​​ပေါင်​အောက်မှာရှိ​နေအောင် ကြိုးစားမယ်” ဆိုတာမျိုး ဖြစ်ရပါမယ်။

(၃) ဖြစ်နိုင်​ခြေရှိရမယ်

ရည်မှန်းချက်ဟာ ဖြစ်နိုင်​တဲ့ ရည်မှန်းချက် ဖြစ်ရပါမယ်။ “မနက်​ဖြန် ထီပေါက်ရမယ်” ဆိုတာမျိုး၊ “မနက်​ဖြန် ​​ပေါင် ၅၀ ဝိတ်ချက်ချင်းကျ​စေရမယ်” ဆိုတာမျိုး​တွေက​​တော့ ဖြစ်​နိုင်​ခြေနည်းလှပါတယ်။

(၄) ကိုယ်​နဲ့ ဆိုင်ရမယ်

ကိုယ်​နဲ့ မသက်ဆိုင်​ မပတ်သက်​တဲ့ ရည်မှန်းချက် မဖြစ်ရပါဘူး။ ဥပမာ ​”မြန်မာ​ ​အမျိုးသား ဘောလုံး ​အသင်း ​၂၀၂၁ အ​​ရှေ့​​တောင်အာရှ​အားကစားပြိုင်ပွဲမှာ ဗိုလ်စွဲရမယ်” ဆို​တဲ့ ရည်မှန်းချက်ဟာ ​ဘောလုံးပရိသတ်​တွေဖြစ်​တဲ့ ကျွန်​​တော်​တို့နဲ့ သက်ဆိုင်​တဲ့ ရည်မှန်းချက် မဟုတ်ပါဘူး။ ​အားပေးရုံက လွဲပြီး ကိုယ်လည်း ဝင်​ကန်ဖို့ မစွမ်းဘူး​လေ။ ​ဘောလုံး​အသင်း​နဲ့ နီးစပ်သက်ဆိုင်​တဲ့ ကစားသမား၊ နည်းပြ၊ ​​အားကစား ​အသင်း​အ​ဖွဲ့​တွေ​ဆိုရင်​​တော့ ဒီရည်မှန်းချက်ကို ထားလို့ရပါတယ်။ ဖြစ်နိုင်​ခြေ ရှိမရှိ​​တော့ ​သေချာ သုံးသပ်ကြရမှာ​​ပေါ့။
ရည်မှန်းချက်ဟာ ကိုယ်​နဲ့ တိုက်ရိုက်သက်ဆိုင်ပြီး ကိုယ့်အတွက် တကယ် လိုအပ်​တာမျိုး ဖြစ်​နေရပါမယ်။

(၅) အချိန် ကန့်သတ်ထားရမယ်

ရည်မှန်းချက်ကို ဘယ်​အချိန်မှာ ​​ဖြစ်မြောက်အောင် လုပ်မယ်ဆိုတာကို ​အချိန်ကန့်သတ်ထားရပါမယ်။ ​အချိန် ကန့်သတ်မထားရင် ​အလုပ်မဖြစ်ပါဘူး။
“​ငွေသခင် ဖြစ်ရမယ်” ဆို​တာထက် “​​ငွေသခင်ဖြစ်ဖို့ ​အတွက် ဘာ​အလုပ်​တွေလုပ်ပြီး ​​အသက် ဘယ်လောက်မှာ ငွေဘယ်လောက် ပိုင်ဆိုင်ရမယ်” ဆို​တဲ့ ရည်မှန်းချက်က ပိုပြီး စမတ်ကျပါတယ်။

“တိကျ၊ တိုင်းထွာ၊ ဖြစ်နိုင်တာ၊ ဆိုင်ရာ သတ်မှတ်၊ ချိန်ကန့်သတ်။”​ဆောင်ပုဒ်က မှတ်ရတာ ခက်​လိုက်တာ။ ပိုတိုတာလေး မရှိဘူးလား?? ရှိတာ​​ပေါ့။

“တိ၊ တိုင်း၊ ဖြစ်၊ ဆိုင်၊ ကန့်”

​ကဲ ပြီး​ရော​​ပေါ့။
ဒါ​နဲ့ စကားမစပ် ​”မြန်မာ့​ အားကစား ကမ္ဘာကို လွှမ်းရမည်” ဆို​တဲ့ ရည်မှန်းချက်ဟာ စမတ်ကျမကျ ဆိုတာလေးကို သုံးသပ် ​မှတ်ချက်ပေး​ခဲ့ကြပါ​ဦး ခင်ဗျာ။

 

 

Leave a Reply

Your email address will not be published. Required fields are marked *