Tue. Oct 26th, 2021

Unicode Version

 

ကျွန်​​တော်တို့​တွေ ကြိုးစားကြပါတယ်။ အောင်မြင်ဖို့၊ ​​ကျော်ကြားဖို့၊ ချမ်းသာဖို့၊ သူများထက်သာဖို့ စသဖြင့်ပေါ့။

ကြိုးစားထားသမျှ ​အရာထင်လာ​တဲ့​အခါ ပျော်ရွှင်ကြရသလို ကြိုးစားသမျှ ​အချည်းနှီး သဲထဲ​ရေသွန် ဖြစ်ရတဲ့အခါ ဝမ်းနည်းကြရ​ပြန်ပါတယ်။

​မြွေ​လှေကား ကစားနည်းလိုပါပဲ။ ​လှေကား​​ခြေရင်း ​အကွက်​​ပေါ်ရောက်လို့ ​အမြင့်ကို ​​ထောင်တတ်သွားတတ်သလို တစ်ခါတစ်​လေလည်း ​မြွေပါးစပ်ဝ သွားကျလို့ ​အောက်ကို လျှောကျသွား​တဲ့အခါ​တွေလည်း ရှိပါတယ်။

​အမြင့်ကို ရောက်​တဲ့​အခါ ဘဝင်ကိုင်ပြီး ​အောက်မကျ​​တော့ဘူးလို့ ထင်​နေတတ်ကြသလို ​အနိမ့်ကို ရောက်​သွားတဲ့​အခါမှာလည်း စိတ်ဓာတ်​တွေကျပြီး ​သေ​​တော့မလို ​ခံစားတတ်ကြပါတယ်။ ​အချို့ကလည်း ​အမြင့်က​နေ ​အောက်ကို ကျသွားမှာကို တွေးကြောက်​နေကြပါတယ်။ ဒါ လူ့သဘာဝ​တွေပါ။

ပြန်တွေးကြည့်ရအောင်။ ဘဝမှာ တစ်သမတ်တည်း အောင်မြင်​နေ​တဲ့သူနဲ့ ကျရှုံး​နေ​တဲ့သူ ဆိုတာ ရှိမှမရှိတာ။

သုံး​လောကထွဋ်ထား မြတ်စွာဘုရား​​တောင် ဘုရားဖြစ်ဖို့ ၆ နှစ်ကျင့်ရပါတယ်။ ၆ နှစ်​အတွင်း လမ်းပျောက်​နေ​တဲ့ ​ကာလ​တွေ များ​ခဲ့ပါတယ်။

ဘုရားဖြစ်သွား​​တော့​​ရော။ ကြည့်တတ်ရင် နိမ့်မြင့် တက်ကျ​တွေကို ​​တွေ့ရမှာပါ။ လုပ်​ကြံ​ခံရတယ်။ နှောင့်ယှက်ခံရတယ်။ ဂိုဏ်းခွဲချင်​တဲ့သူ​​ပေါ်လာတယ်။ မတရား ​အသ​ရေဖျက် စွပ်စွဲ​​ခံရတယ်။ ရောဂါဝေဒနာတွေ ​ခံစားရတယ် စသဖြင့်​ ​အများကြီးပါ။

ဒီ​​တော့ ပုထုဇဥ်​တွေ​အတွက် နိမ့်မြင့်တက်ကျ​တွေ ကြုံ​​တွေ့ရတာ မဆန်းပါဘူး။ ပြီး​ပြည့်စုံ​နေ​တဲ့ ဘဝရယ်လို့ မရှိပါဘူး။

လူဆိုတာ ကြိုးစား​နေရမယ်။ ​မှန်ပါတယ်။ ကြိုးစား​နေရင်း အောင်မြင်မှု​တွေကို ​​တွေ့မယ်။ ကျရှုံးမှု​တွေကို ​​တွေ့မယ်။ ဘာကိုပဲ​​တွေ့​​တွေ့ ဒါ​တွေဟာ ခဏတာပဲလို့ စိတ်ထဲမှာ တွေးထားနိုင်ရပါမယ်။ တပ်မက်မှု​တွေ၊ ကြောက်ရွံ့မှု​တွေကို ဖယ်ထားနိုင်ဖို့ ကြိုးစားရပါမယ်။ ​လောက​ဓံကို ကြံ့ကြံ့​ခံနိုင်​တဲ့ လူသားတစ်ယောက် ဖြစ်လာဖို့ ​​လေ့ကျင့်ကြရမှာပါ။

အောင်မြင်မှု​​တွေ၊ ကျရှုံးမှု​တွေက မတည်မြဲဘူးဆို ဘာလို့ ကြိုးစား​နေရဦးမှာလဲလို့ ​စောဒကတက်စရာ ရှိပါတယ်။ ဟုတ်​ကဲ့ လူ​လောကကို ရောက်လာ​တဲ့​အခါ လူသားတစ်ယောက်​ရဲ့ တာ​ဝန်​အရ ကြိုးစားရဦးမှာ ဖြစ်သလို ကြိုးစားရာမှာလည်း ​အမြင့်ကို ရောက်ဖို့ထက် လွတ်မြောက်ဖို့ကို ကြိုးစားရမှာပါ။

စဥ်းစား ကြည့်ကြပါ။ မြွေ​လှေကား ကစားနည်းမှာ ​လှေကားကွက်ဟာ ​အမြင့်ကို ရောက်​စေ​တဲ့ အောင်မြင်မှုပါ။ ​​မြွေကွက်က​​တော့ ​အောက်ကို ရောက်​စေ​တဲ့ ကျရှုံးမှုပါ။ ထိပ်နားကို ရောက်လာ​လေ​လေ၊ ​​အ​​ပေါ်ဆွဲတင်ပေးမယ့် ​လှေကား​တွေ ပျောက်သွားပြီး ​အောက်ကို ဆွဲချမယ့် မြွေ​တွေက ပိုများလာ​လေ​လေပါ။

We need to keep walking with courage!
တကယ်​​တော့ ကျွန်​​တော်တို့ ရောက်ဖို့ ကြိုးစားရမှာက ​​​​မြွေ​တွေ ​လှေကား​တွေ​နဲ့ဝေးရာ ​လွတ်မြောက်ခြင်း ပန်းတိုင်ကိုပါ။ ​ပန်းတိုင်ရောက်သွားရင် ​အောက်ကို ဆွဲချ​မယ့် ​​မြွေ​တွေ မရှိ​​တော့သလို ​အ​​ပေါ်ကို ဆွဲတင်ပေးမယ့် ​လှေကား​တွေလည်း မရှိ​​တော့ပါဘူး။

ကျွန်​​တော်တို့လည်း နိမ့်မြင့်တက်ကျ​တွေကို မမှုပဲ သတ္တိ​အ​ပြည့်​နဲ့ ဆက်လျှောက်​နေဖို့ လိုပါတယ်။ ​မြွေ​တွေ၊ လှေကား​တွေ​ရဲ့​အလွန်မှာ လွတ်မြောက်ခြင်းပန်းတိုင် ရှိတယ်​လေ။

အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါ​စေ ခင်ဗျာ။

Credit: Original Writer
Sharing By: #One Daily Media

Leave a Reply

Your email address will not be published. Required fields are marked *