#Unicode Version
ငပျင်းတစ်ယောက် အလုပ်မလုပ်ပဲ အိမ်မှာ အိပ်နေပါတယ်။ သူ့အဖေက စိတ်ပျက်လက်ပျက်နဲ့ သွန်သင် ဆုံးမရှာပါတယ်။
“သားရယ်၊ အလုပ်ထွက်လုပ်၊ ငွေစုပါ။ ဒါမှ နောင်အနာဂတ်မှာ ဘာမှ မလုပ်ပဲ အေးအေးဆေးဆေး အနားယူနိုင်မယ်” ပေါ့။
သားဖြစ်သူ ငပျင်းက ဂျစ်ကန်ကန်နဲ့ ပြန်ပြောပါတယ်။
“ဪ အဖေရယ်၊ အခုလည်း ကျွန်တော်က ဘာလုပ်နေလို့လဲ။ အေးအေးဆေးဆေး အနားယူနေတာပဲလေ။ နောင်အနာဂတ်ထိတောင် စောင့်စရာ မလိုပါဘူးဗျာ။”
ဒီလို ချက်ကျလက်ကျ ပြန်ပြောလိုက်ရလို့ တယ်တော်တဲ့ ငါလေးပါလား ဆိုပြီး ကျေနပ်နေမိတာပေါ့။ ကြားဖူးတဲ့ ဟာသလေးပါ။ သားငပျင်း ပြန်ပြောတဲ့ စကားကလည်း ဟုတ်သလိုလို။ ခုပဲ နားနေတော့မှာပေါ့။ ဘာမှန်းမသိ မရေရာတဲ့ အနာဂတ်မှာ နားနားနေနေ နေရဖို့အတွက် ခုတော့ အပင်ပန်း မခံနိုင်ပါဘူး။ ဒီလိုတွေးတာပါ။
ပြန်စဉ်းစားကြည့်ရအောင်။ ဒီငပျင်းက လောလောဆယ် သက်တောင့်သက်သာ နားနေနိုင်တာတော့ အမှန်ပါပဲ။
ဒါပေမဲ့ သူ့မိဘတွေ ဆုံးပါးသွားတဲ့ အချိန်မှာ အမွေလည်း လုံလုံလောက်လောက် မထားခဲ့ဘူး ဆိုပါစို့။ ဘယ်လို ဆက်လုပ်ကြမလဲ။ ငယ်ငယ်က အပျင်းကြီး နေခဲ့တာ ခုကျတော့ လက်ကြောမတင်း၊ ဘာအလုပ်မှ သေချာမလုပ်တတ်၊ မလုပ်ချင်။
အသက်ကကြီးလာတော့ ရောဂါပိုထူပြီ။ စားဖို့အပြင် ဆေးဖိုးပါလိုပြီ။ နေမကောင်းလို့ ဆေးခန်းသွားစရာ ငွေမရှိ။ စားစရာဝယ်ဖို့ ငွေမရှိ။ တ စရာ မိဘကလည်း မရှိတော့။
ငယ်ငယ်က အဖေ့ကို ပြောခဲ့တဲ့ စကားလေးကို သွားသတိရပြီး နောင်တရပါပြီ။ မျက်ရည်ကျရပါပြီ။
“ဪ အဖေရယ်၊ အခုလည်း ကျွန်တော်က ဘာလုပ်နေလို့လဲ။ အေးအေးဆေးဆေး အနားယူနေတာပဲလေ။ နောင်အနာဂတ်ထိတောင် စောင့်စရာ မလိုပါဘူးဗျာ။”
ပုတ္တောဝါဒ ဆုံးမစာ၊ ပညာမရှိသော သူဌေးသား ကဗျာထဲကက နောက်ဆုံးအပိုဒ်လေးက ဒီငပျင်းအတွက်တော့ ကွက်တိပေါ့။
“ခွက်လက်ဆွဲကာ တောင်းစားပါလည်း နင်သာလူမိုက် ဒုစရိုက်ဟု ရိုက်ပုတ်လိုက်ကြ ရွာမှထွက်လေ တောမှာသေသည် ကောင်သေ ဠင်းတ ကျ၏တည်း”။
ကဲ ဆက်ပျင်းလို့ရပြီ။ အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ခင်ဗျာ။
Credit: Original Writer