Wed. Oct 27th, 2021

#Unicode Version

 

လောကကြီးမှာ မင်းဟာ သန်မာနေဖို့လိုတယ်။ တစ်ခါတစ်လေမှာ မင်းဟာ လဲကျတဲ့အခါလည်းရှိမယ်။ ပြင်မရတဲ့ အမှားတွေလည်း လုပ်မိချင်လုပ်ခဲ့လိမ့်မယ်။
မင်းမှာ အားနည်းချက်တွေလည်း အများကြီးရှိချင် ရှိနေမှာပဲလေ။

မင်းမှာ တော်တဲ့အပိုင်းတွေရှိသလို အတတ ဖြစ်တဲ့အခါလည်းရှိမယ်။ အရာရာတိုင်းမှာတော့ မင်းဟာ မတော်နိုင်ဘူးလေ။

ဒါပေမယ့် မင်းဟာ သန်မာဖို့လိုတယ်။ လဲကျတိုင်း ပြန်ထရမှာပဲ။ ဝမ်းနည်းနေလို့မရဘူး။ မင်းချစ်ရတဲ့သူက မင်းကိုထားချင်ထားခဲ့မှာပဲ။ တစ်ခါတစ်လေလည်း အသည်းကွဲချင် ကွဲမှာပဲလေ။ မင်းဟာ ခပ်တုံးတုံး တစ်ယောက်လည်း ဖြစ်ချင်ဖြစ်မယ်။ မင်းရုပ်က ဆိုးချင်ဆိုးနေပါလိမ့်မယ်။ မင်းဟာ ဆင်းရဲချင်ဆင်းရဲ နေလိမ့်မယ်။

 

ဒါပေမယ့် မင်းဟာ သန်မာဖို့လိုတယ်။ လဲကျတိုင်း ပြန်ထရမှာပဲ။ မင်းကို အထင်သေး လှောင်ပြောင်ခဲ့တဲ့ သူတွေကို အံ့သြသွားအောင် လုပ်ပြလိုက်စမ်းပါ။

မင်းမှာ ဖြေရှင်းမရတဲ့ ဒုက္ခပေါင်းစုံလည်း ရှိချင်ရှိနေမယ်။ လူတွေက မင်းကို အပြစ်တွေဘယ်လောက်ပဲပြောပြော လူတွေက မင်းကို ဘယ်လောက်နှိမ်နှိမ် အခုအချိန်မှာ မင်းဘယ်လောက်နာကျင်နေပါစေ။ မင်းလျှောက်ရမယ့် လမ်းကို ဆက်သွားရမှာပဲလေ။

မင်းဟာ သန်မာနေတဲ့သူဖြစ်ဖို့ ဆိုရင် တစ်ချို့လူတွေရဲ့ အမြင်တွေ၊ ဝေဖန်မှုတွေကို ဂရုမစိုက်နဲ့ သူတို့တွေက မင်းကြုံခဲ့ရတဲ့ အခက်အခဲတွေ၊ နာကျင်မှုတွေ၊ မင်းလဲကျခဲ့ရတာတွေကို မသိကြဘူးလေ။ သူတို့တွေက မင်းဘဝကို မပြောင်းလဲ‌ပေးနိုင်ဘူး။ မင်းဘဝကို မင်းကိုယ်တိုင် ပြောင်းလဲရမှာပါ။

ဒါ့ကြောင့် မင်းဟာ သန်မာနေဖို့လိုတယ်။ ငေးမှိုင်လွမ်းဆွေးနေလို့ မရဘူး။ ဆက်သွားနေရအုံးမှာ။

လောကမှာ မင်းရဲ့တန်ဖိုးကို မင်းဘာလုပ်နိုင်လဲဆိုတာကို ကြည့်ပြီး ဆုံးဖြတ်ကြမှာ။ မင်းရဲ့ တန်ဖိုးက မင်းဘယ်လောက်လှတယ်၊ မလှဘူးဆိုတာနဲ့ မဆုံးဖြတ်ဘူး။ မင်းဘယ်လောက် ချမ်းသာသာလဲ ဆိုတာနဲ့ မဆိုင်ဘူး။ တန်ဖိုးရှိတဲ့ အရာတွေကို မင်းလုပ်နိုင်ရင် မင်းတန်ဖိုး ဟာလည်း မြှင့်လာမှာပဲ။

မင်းဟာ တန်ဖိုးရှိကြောင်း သက်သေပြလိုက်စမ်းပါ။ ဒါ့ကြောင့် မင်းဟာ သန်မာနေဖို့ လိုပါတယ်။ မင်းကို မလုပ်နိုင်ဘူးလို့ ထင်နေတဲ့သူတွေကို ဆွံ့အသွားအောင် လုပ်ပြလိုက်စမ်းပါ။

မင်းဟာ ဘဝမှာ ရှင်သန်ဖို့ဆိုရင် အခက်အခဲတွေကြားမှာ ရုန်းကန်နေရအုံးမှာပဲလေ။ တစ်ချို့အရာတွေကို မင်းဟာ လုပ်နိုင်ပေမယ့် တစ်ချို့အရာတွေကိုတော့ မင်းလုပ်နိုင်ချင်မှ လုပ်နိုင်မှာပါ။ မင်းဟာ အရာအားလုံးကို လုပ်နိုင်ဖို့မလိုဘူး။ မင်းလုပ်နိုင်တာတွေကိုပဲ လုပ်ရမှာလေ။

★★မင်းဟာ သန်မာတဲ့သူပါ★★

Credit: Original Writer
Sharing By: #One Daily Media

Leave a Reply

Your email address will not be published. Required fields are marked *