#Unicode Version
သူငယ်ချင်း အချင်းချင်းဖြစ်စေ၊ မိသားစုဝင် အချင်းချင်းဖြစ်စေ၊ ချစ်သူရည်းစားအချင်းချင်းဖြစ်စေ တစ်ခါတလေမှာ မမျှော်လင့်ထားတဲ့ ပြဿနာတွေ ဖြစ်တတ်ကြပါတယ်။
ဒီလို ပြဿနာတွေ မဖြစ်ရလေအောင် လိုက်နာရမယ့်အချက်တွေကို ပြောပြပေးလိုက်ပါတယ်။
၁။ မလိုအပ်ဘဲ အငြင်းအခုန် မလုပ်ပါနဲ့
လူတိုင်းဟာ ဖြတ်သန်းလာတဲ့ဘဝ အတွေ့အကြုံချင်း မတူညီကြတာမို့ သူ့စိတ်နဲ့ ကိုယ့်စိတ်၊ သူ့ခံယူချက်နဲ့ ကိုယ့်ခံယူချက် အားလုံးဟာ ထပ်တူမကျနိုင်ပါဘူး။
ဒါကြောင့် သူနဲ့ ကိုယ့်ရဲ့ကြားက မတူညီမှုတွေကို နားလည်ပေးတတ်ရပါမယ်။ ဘာမှ အရေးကြီးတဲ့ ကိစ္စမဟုတ်ရင် အငြင်းအခုန် မလုပ်ဘဲနေတာဟာ အကောင်းဆုံးပါပဲ။
၂။ စကားတစ်ခွန်း မပြောခင် ၃ ကြိမ်စဥ်းစားပါ
ကျွန်တော်တို့တွေက တစ်ခါတလေ စိတ်လိုက်မာန်ပါ ပြောမိတတ်ကြပါတယ်။ ကိုယ့်ရဲ့ စကားတစ်ခွန်းကြောင့် တစ်ဖက်သားကို ခံစားသွားရစေနိုင်တာမို့ စကားတစ်ခွန်း မပြောခင်မှာ အနည်းဆုံး ၃ ကြိမ် လောက်တော့ စဥ်းစားပေးပါ။
၃။ ကိုယ့်ကြောင့် ခံစားသွားရရင် တောင်းပန်ပါ
တောင်းပန်တယ်ဆိုတာ ကိုယ်က မှားသွားတယ်လို့ ဝန်ခံတာမျိုးမဟုတ်ပါဘူး။ ကိုယ့်ကြောင့် ခံစားသွားရတာ ကို တာဝန်ယူပေးလိုက် ခြင်းဖြစ်ပါတယ်။
ဒါမှသာ နှစ်ဦးနှစ်ဖက်ကြားက နားလည်မှုကို ပြန်လည် တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။
၄။ လိုအပ်တာထက် ပိုပြီးမပြောပါနဲ့
လိုအပ်တာထက် ပိုပြီးပြောတတ်တဲ့ သင့်ကို ဘယ်သူမှ အထင်မကြီးနိုင်ပါဘူး။ လိုအပ်တဲ့ အချိန်၊ လိုအပ်တဲ့ နေရာမှာ၊ လိုအပ်သလောက်သာ စကားကိုပြောပါ။
၅။ သူတစ်ပါးရဲ့ လျှို့ဝှက်ချက်ကို မသိချင်ပါနဲ့
လူတိုင်းမှာ လျှို့ဝှက်ချက် ကိုယ်စီရှိပါတယ်။ မလိုအပ်ဘဲ သူတစ်ပါးလျှို့ဝှက်ချက်ကို ကိုယ်က အတင်းဇွတ် သိချင်နေတာမျိုး၊ မေးမြန်းနေတာမျိုးက စိတ်အနှောက်အယှက်ဖြစ်စေပါတယ်။
၆။ အစအနောက် မသန်ပါနဲ့
ကိုယ်က ချစ်လို့စတာ သူတစ်ပါးက ကြိုက်တယ် ၊ ကိုယ်လည်း ပျော်ရတယ် ဆိုရင် ကောင်းပါတယ်။ ဒါပေမယ့် သူတစ်ပါးကို စိတ်ညစ်အောင် အတင်းဇွတ်လုပ်ပြီး ကိုယ်က ပျော်ရွှင်ပြနေတာက တစ်ကိုယ်ကောင်း ဆန်တာပါပဲ။
၇။ ဒေါသထွက်ရင် အသက်ရှုပါ
ဒေါသထွက်သွားပြီလို့ သိသိချင်း အသက်ကို ပြင်းပြင်းရှုရှိုက်ပါ။ ၁ ကနေ ၃၀ အထိ ရေတွက်ပြီး အသက်ကို အားရပါးရ ရှူပြီး ဒေါသကို ဖြေဖျောက်ပါ။
ပြီးမှ ပြောသင့်တဲ့ စကားကို ဒေါသ မပါဘဲ ပြောဆိုလိုက်ပါ။