ဒေါ်လာသန်းပေါင်းများစွာ ရရှိနေပြီဖြစ်တဲ့ အသက်(၁၁)နှစ်အရွယ် စီးပွားရေးလုပ်ငန်းရှင်ကလေးငယ်
အခု ကျွန်တော်တို့တင်ဆက်ပေးမယ့် Mikaila Ulmer ဆိုသူကလေးငယ်ရဲ့ ဇာတ်လမ်းလေးကနေတဆင့် ကျွန်ုပ်တို့ဟာအိပ်မက်တွေအတွက် အကောင်အထည်ဖော်ရာမှာ အသက်အရွယ်အပိုင်းအခြားဟာ အကြောင်းပြချက်တစ်ခုမဟုတ်ဘူး ဆိုတာကို သင်ခန်းစာယူနိုင်ကြဖို့ မျှော်လင့်ပါတယ် ။
အမေရိကန်နိုင်ငံ Texas ပြည်နယ်မှ Mikaila ဆိုသူကလေးငယ်ဟာ အသက်(၁၁)နှစ်အရွယ်မှာပင် အောင်မြင်သောလုပ်ငန်းရှင်တစ်ဦး ဖြစ်လာခဲ့ပါတယ်။သူမဟာ မိဘများဦးစီးလုပ်ကိုင်တဲ့သံပရာခြံမှတစ်ဆင့် ဒေါ်လာသန်းနဲ့ချီရနိုင်သောစီးပွားရေးလုပ်ငန်းကို စတင်နိုင်ခဲ့တာဖြစ်ပါတယ်။ ယခုဆိုရင် သူမရဲ့ကုန်ပစ္စည်းများဟာ အမေရိကန်နိုင်ငံတစ်ဝှမ်း စတိုးဆိုင်ပေါင်း(၅၅)ဆိုင်မှာ တင်သွင်းရောင်းချနေရပြီပဲဖြစ်ပါတယ်။
စတင်ဖြစ်ပေါ်လာပုံ
သူမရဲ့အောင်မြင်မှုအစကို ပြန်လည်ခြေရာခံကြည့်မယ်ဆိုလျှင် သူမအသက်(၄)နှစ်အရွယ်မှာ ပျားကောင်များနဲ့ရင်ဆိုင်ခဲ့ရတာက စပါတယ်။ သူမဟာ တစ်ပတ်အတွင်းမှာ နှစ်ကြိမ်တိုင် ပျားတုပ်ခံရပြီးနောက်မှာတော့ ယခုလို သူမကို နာကျင်စေခဲ့တဲ့ ပျားကောင်လေးများရဲ့ အသက်ရှင်နေထိုင်ပုံ နဲ့ စီးပွားရေးအရအရေးပါပုံတို့ကို စတင်လေ့လာဖြစ်ခဲ့ပါတယ်။ ထိုမှတစ်ဆင့် ပျားရည်ထုတ်လုပ်မှုများဟာ တစ်စတစ်စ လျော့နည်းလာပြီး ပျားကောင်များလဲမျိုးသုဉ်းမယ့် အန္တရာယ်ရှိနေကြောင်း သူမ သိရှိခဲ့ရပါတယ်။
ထို့နောက်မှာတော့ Mikaila ဟာ အဖွားဖြစ်သူရဲ့သံပရာခြံလုပ်ငန်းကို စံနမူနာယူပြီး သူမရဲ့ကိုယ်ပိုင်အမှတ်တံဆိပ်ဖြင့် ပျားသံပရာရည် ထုတ်လုပ်မှုကို စတင်ခဲ့ပါတယ်။သူမက ပျားသံပရာရည်ဆိုင်အသေးစားလေး စတင်ဖွင့်လှစ်ရောင်းချခဲ့ပြီး လာရောက်ဝယ်ယူသူများကိုလည်း ပျားကောင်လေးများအကြောင်း ရှင်းပြလေ့ရှိပါတယ်။ ထို့အပြင် Mikaila က သူမရောင်းရငွေများမှ အမြတ်အစွန်းတချို့ကိုလဲ ပြည်တွင်းပြည်ပမှ ပျားရည်းလုပ်ငန်းအဖွဲ့အစည်းများဆီကို လှူဒါန်းခဲ့ပါသေးတယ်။
နောက်ဆုံးမှာတော့ Mikaila ရဲ့စိတ်အားထက်သန်စွာ ကြိုးစားမှုများဟာ သူမကိုလူငယ်စီးပွားရေးလုပ်ငန်းရှင်များပြိုင်ပွဲဆီသို့ အရောက်ပို့ဆောင်ပေးခဲ့ပါတော့တယ် ။ သူမရဲ့ကိုယ်ပိုင်လုပ်ငန်းငယ်လေး ပိုမိုတိုးတက်လာစေရန် Shark Tank ၏ ($60,000) ချီးမြှင့်မှုကို ခံခဲ့ရပါတယ်။ သူမဘဝဇာတ်ကြောင်းနဲ့ အဆိုပါစီးပွားလုပ်ငန်းများ အကြောင်းကို website အများစုမှာလည်း ဖော်ပြခံခဲ့ပါတယ်။
Mikaila ဟာ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ပင် ဂုဏ်ပြုပွဲအများစုသို့ ဖ်ိတ်ကြားခံရပြီး သူမရဲ့ဘဝနဲ့ လုပ်ငန်းများလည်ပတ်မှု အတွေ့အကြုံများ အကြောင်းကို ပွဲတက်ပရိတ်သတ်များအား စကားပြောရလေ့ရှိတာကို အောက်ပါဗီဒီယိုဖိုင်လေးမှာ မြင်တွေ့နိုင်မှာလဲ ဖြစ်ပါတယ်။
စိတ်အားထက်သန်မှု ၊ ကြိုးစားလိုစိတ်ရှိမှုတို့ကို အရင်းတည်ပြီး အောင်မြင်သောစီးပွားရေးလုပ်ငန်းရှင်ဖြစ်လာခဲ့သူ Mikaila Ulmer ဆိုသူ အသက်(၁၁)နှစ်အရွယ်ကလေးငယ်လေးကို လူတိုင်းက အားကျလေးစားပြီး ဂုဏ်ယူနေကြမယ်ဆိုတာကတော့ အထူးတလည် ပြောဆိုစရာတောင် မလိုတော့ပါဘူး ခင်ဗျာ ။
Written One daily Media