Daily News

ခရီးသွားသူတွေကို ပါးစပ်အဟောင်းသားဖြစ်သွားစေမယ့် အလှဆုံး လမ်း (၉) လမ်း

မင်္ဂလာပါ။အခုတစ်ခေါက် ပြောပြပေးသွားမယ့် အကြောင်းအရာကတော့ ကုန်းလမ်းခရီးသွားသူတွေ အကြိုက်တွေ့စေမယ့် ကမ္ဘာ့အလှပဆုံး လမ်း (၉)လမ်းပဲဖြစ်ပါတယ်။ ခရီးထွက်ခြင်းက လူသားတွေအတွက် လိုအပ်လှတဲ့ အရာတစ်ခုဖြစ်ပြီး နေရာဒေသမတူညီတဲ့ အရပ်ဒေသကလူတွေရဲ့ ဓလေ့ထုံးတမ်းအစဉ်အလာတွေ၊ ရိုးရာယဉ်ကျေးမှုတွေနဲ့ အစားအစာတွေကို အချိန်တိုအတွင်းမှာ သိရှိလေ့လာနိုင်ခွင့်ရှိပါတယ်။


ဒီလို ခရီးထွက်တဲ့နေရာမှာလည်း ကုန်းပေါ်ကနေ သွားရတဲ့ ခရီးတွေကတော့ အတွေ့အကြုံအများဆုံးပေးစွမ်းနိုင်တဲ့ ခရီးတွေပါ။ ရှု့မဆုံးနိုင်တဲ့ တောတောာင်ရေမြေ သဘာဝအလှတရားတွေကို ကြည့်ရှု့ခံစားပြီး ထွက်ရတဲ့ခရီးတွေက အလှပဆုံးခရီးစဉ်တစ်ခုအဖြစ် ပရိသတ်တို့ ဘဝမှာ ကျန်ရှိနေမှာ အသေအချာပါပဲ။ ဒီလို ကုန်းလမ်းခရီးသွားသူတွေ အကြိုက်တွေ့စေမယ့် ကမ္ဘာပေါ်က အလှပဆုံးလမ်း (၉)လမ်းကတော့ –

၁။ အနီရောင်ကမ်းခြေသို့ သွားရာလမ်း (တရုတ်)


ဒီ တရုတ်နိုင်ငံအတွင်းမှာ တည်ရှိတဲ့ လမ်းရဲ့ ပုံစံက ခရီးသွားမယ့်လူတွေအတွက်တော့ ရင်သပ်ရှုမောဖွယ်မြင်ကွင်းတစ်ခုကို ပေးစွမ်းနိုင်မယ့် လမ်းတစ်လမ်းပဲဖြစ်ပါတယ်။ ဒီလမ်းပေါ်ကို ခြေချလိုက်တာနဲ့ လမ်းက ပင်လယ်ကမ်းခြေတစ်ခုနံဘေးနားမှာ တည်ဆောက်ထားသလို ခံစားရမိေစေမှာပါ။ ဘေးပတ်ဝန်းကျင်ရဲ့ ရှု့ခင်းတွေက ပင်လယ်ကမ်းခြေတစ်ခုလို ရှု့မဆုံးနိုင်တဲ့ အလှတရားတွေ အပြည့်ရှိနေတာမို့ ပင်လယ်ကမ်းခြေလို့ ရုတ်တရက်ထင်မိသွားမှာပါ။ အမှန်တကယ်တော့ လမ်းဘေးနားမှာ မြင်တွေ့နေရတဲ့ အရာက ပင်လယ်ကမ်းခြေတစ်ခုမဟုတ်သလို၊ ဘေးပတ်ဝန်းကျင်မှာလည်း ပင်လယ်တစ်ခုမှ မရှိပါဘူး။


ကားလမ်းဘေးတစ်ဖက်တစ်ချက်မှာ မြင်တွေ့နေရတာကတော့ ကမ္ဘာပေါ်မှာ ဧရိယာအကျယ်ပြန့်ဆုံးစိမ့်မြေတွေပဲဖြစ်ပါတယ်။ ဒီမြေတွေရဲ့ အပေါ်ယံမျက်နှာပြင်မှာ တွယ်ကပ်ပေါက်ရောက်နေတဲ့ ရေညှိတွေရှိပြီး ဆောင်းဦးရာသီချိန်ရောက်လာရင် အဲဒီရေညှိတွေရဲ့ အရောင်အဆင်းက အနီရောင်တွေအဖြစ် ပြောင်းလဲတတ်ပါတယ်။ လမ်းတစ်ဖက်တစ်ချက်မှာတော့ အဝါရောင်စိုက်ခင်းတွေ ရှိပြီးတစ်ဖက်မှာအနီရောင်မြင်ကွင်းတွေ အကြားထဲမှာ တည်ဆောက်ထားတဲ့ လမ်းခရီးက ကုန်းလမ်းခရီးသွားသူတွေအတွက်တော့ တစ်သက်မမေ့နိုင်စရာမြင်ကွင်းတစ်ခုဖြစ်နေတော့မှာပါ။

၂။ အမျိုးသားဟိုင်းဝေးလမ်းမကြီး ၂၂ (အိန္ဒိယ)


တောင်တွေရဲ့ နံဘေးကနေ ကွေ့ဝိုက်ပြီး သွားရတဲ့ လမ်းတွေက ကုန်းလမ်းခရီးသွားတဲ့ လူတွေအတွက်တော့ လွယ်လွယ်နဲ့ မေ့လို့ မရနိုင်မယ့် လမ်းတွေပဲဖြစ်ပါတယ်။ ဒီလိုတောင်ပေါ်လမ်းတွေထဲမှာ အခု အိန္ဒိယနိုင်ငံမှာ ဖောက်လုပ်ထားတဲ့ တောင်ပေါ်လမ်းတစ်ခုကတော့ တစ်ခါဖြတ်မောင်းဖူးတာနဲ့ တစ်သက်ဘယ်တော့မှ မမေ့နိုင်တော့မယ့် လမ်းတစ်လမ်းပဲဖြစ်ပါတယ်။ ဒီလမ်းရဲ့ ထူးခြားတဲ့ တည်ဆောက်ပုံက ခရီးသည်တွေ ကြားမှာ အင်မတန်နာမည်ကြီးခဲ့ပြီး နိုင်ငံတကာမှာလည်း ကမ္ဘာ့ကြောက်စရာအကောင်းဆုံးလမ်းတစ်လမ်းအဖြစ် စာရင်းဝင်ခဲ့ပါတော့တယ်။


တစ်ချက်မှားတာနဲ့ ကားတစ်စင်းလုံးချောင်ထဲ ထိုးကျသွားနိုင်ချေရှိတဲ့ ဒီတောင်ပေါ်လမ်းမှာပဲ ဘယ်လိုမှ ခန့်မှန်းလို့ မရတဲ့အရာတွေလည်း ဖြစ်လာလေ့ရှိတဲ့အတွက်ကြောင့် စွန့်စားခန်းတစ်ခုကို ထွက်နေသလို ရင်တထိတ်ထိတ်နဲ့ ကျော်ဖြတ်ရမှာပါ။ ကားသမားတွေကြားမှာ အန်အိတ် တွမ်တီတူး လို့ နာမည်ကျော်ကြားတဲ့ ဒီလမ်းမကြီးပေါ်က လမ်းတွေက တဖြေးဖြေးကျဉ်းမျဉ်းလာမှာဖြစ်ပြီး မခန့်မှန်းနိုင်တဲ့ ကွေ့ကြောကျဉ်းတွေကိုလည်း ရင်ဆိုင်တွေ့ရမှာပါ။ တချို့အကွေ့တွေ့မှာဆိုရင် နံဘေးနားမှာ ဘာအကာအရံမှ မရှိဘဲ တစ်ချက်မှားလိုက်နဲ့ တောင်အောက်ကို ထိုးကျသွားမယ့် အနေအထားပါပဲ။


ဒီလမ်းအပေါ်ကို ဖြတ်သန်းကာ ခရီးသွားရခြင်းက သာမန်ခရီးသွားရသလို အတွေ့အကြုံထက် စိန်ခေါ်မှုတစ်ခုကို ရင်ဆိုင်နေရသလို ခံစားရမိစေမှာ အသေအချာပါပဲ။ ဒီလို လမ်းကို ဖြတ်ဖို့ဆိုရင်တော့ စကေးကြမ်းတဲ့ကားမောင်းသမားတစ်ယောက်ရယ်၊ စွန့်စားရမှာ မကြောက်တဲ့ခရီးသည်တွေရယ် လိုအပ်မှာပါ။

၃။ စတယ်ဗီရို လမ်းမကြီး (အီတလီ)


အမြင့်ပေ ၉ ထောင်ကျော်လောက်မှာတည်ဆောက်ထားတဲ့ ဒီလမ်းမကြီးကလည်း ကုန်းလမ်းခရီးသွားတွေအတွက်တော့ ရင်ခုန်စိတ်လှုပ်ရှားမှုတွေကို ပေးစွမ်းနိုင်မှာဖြစ်ပြီး နှလုံးခုန်သံတွေ မြန်ဆန်စေမယ့် နောက်ထပ် လမ်းတစ်လမ်းပဲဖြစ်ပါတယ်။ ဒီလမ်းရဲ့ နံဘေးမှာ ရေခဲတောင်တွေ ဝန်းရံထားတဲ့အတွက်ဆောင်းရာသီမှာဆို အချိန်မရွေး မြေပြိုကျမှုတွေ ဖြစ်လာနိုင်တာကြောင့် နွေရာသီတစ်ခုတည်းတင် ဖွင့်လှစ်လေ့ရှိတဲ့ လမ်းတစ်လမ်းပါ။


အတက်ကြမ်းသလို၊ အဆင်းလည်း ကြမ်းတမ်းတဲ့ လမ်းကြီးတစ်ခုသာဖြစ်ပြီး ရင်တထိတ်ထိတ်နဲ့ ကျော်ဖြတ်ရမယ့် စွန့်စားခန်းလမ်းမကြီးတစ်ခုပဲ ဖြစ်ပါတယ်။ စတယ်ဗီရိုလမ်းမကြီးရဲ့ ဘေးပတ်ပတ်လည် မြင်ကွင်းတွေကလည်း ဆွဲဆောင်မှုရှိနေတာမို့ ကုန်းလမ်းခရီးသွားတဲ့သူတွေအတွက်တော့ ပတ်ဝန်းကျင်ကို ကြည့်ငေးရင်း အတွေ့အကြုံအသစ်တွေကို ခံစားရစေမယ့်နေရာတစ်နေရာလည်း ဖြစ်ပါတယ်။ ဒီလမ်းမကြီးပေါ်မှာ စက်ဘီးနင်းကာ သွားလာသူတွေရှိပြီး လမ်းကျွမ်းကျင်တဲ့ ဝါရင့်စက်ဘီးသမားတွေအတွက်တော့ လမ်းအစကနေ အဆုံးအထိကို ၁နာရီခွဲလောက် ကြာအောင် မောင်းနှင်ရတယ်လို့ သိရပါတယ်။

၄။ အတ္တလန္တိတ်သမုဒ္ဒရာလမ်းမကြီး (နော်ဝေ)


ဘဝမှာ ဘယ်လိုမှ မေ့လို့မရနိုင်တဲ့ သည်းထိတ်ရင်ဖို အရသာကို အမှတ်တရအဖြစ် ပေးစွမ်းနိုင်မယ့် နောက်ထပ်လမ်းမကြီးတစ်ခုကတော့ နော်ဝေနိုင်ငံမှာ ဆောက်လုပ်ထားတဲ့ အတ္တလန္တိတ် သမုဒ္ဒရာလမ်းမကြီးပဲဖြစ်ပါတယ်။ ဒီလမ်းမကြီးဆောက်လုပ်စဉ်အချိန်ကတည်းက ကမ္ဘာပေါ်ကလူတော်တော်များများက စိတ်ဝင်စားခဲ့ပြီး တည်ဆောက်မှုအားလုံးပြီးဆုံးသွားချိန်မှာတော့ အကုန်လုံးကချီုးကျးခဲ့ကြပါတယ်။


တကယ်တော့ ဒီလမ်းမကြီးက အတ္တလန္တိတ် သမုဒ္ဒရာလမ်းမကြီးလို့ နာမည်ပေးထားတဲ့အတိုင်း အမှန်တကယ်ကိုပဲ အတ္တလန္တိတ်သမုဒ္ဒရာ အပေါ်ကနေ ကျော်ဖြတ်ကာ တည်ဆောက်ခဲ့တာပါ။ ဒီအဝေးပြေးလမ်းမကြီးက ပင်မကုန်းမြေနှစ်ခုကို ဆက်သွယ်ထားတဲ့ လမ်းမကြီးတစ်ခုသာဖြစ်ပြီး အလယ်မှာ သမုဒ္ဒရာထဲမှာ ရှိနေတဲ့ ကျွန်းငယ် (၈) ခုအပေါ်ကနေ ဖြတ်သန်းတည်ဆောက်ထားတာဖြစ်ပါတယ်။ ဒီလမ်းကတော့ တစ်ခေါက်တစ်ခါဖြတ်သန်းသွားတိုင်း အမြဲပြောင်းလဲနေတတ်တဲ့ ပင်လယ်သမုဒ္ဒရာကို ကျော်ဖြတ်ကာ ဖြတ်သန်းသွားရမှာမို့ အခေါက်တိုင်း အတွေ့အကြုံအသစ်တွေရရှိမှာပဲဖြစ်ပါတယ်။

၅။ ခုနှစ်မိုင်တံတား (အမေရိကန်)


ပင်လယ်သမုဒ္ဒရာမျက်နှာပြင်ပေါ်က ကျော်ဖြတ်ကာ ဖောက်လုပ်ထားတဲ့ တံတားတွေကလည်း အမြဲတမ်းလိုလို စိတ်ဝင်စားစရာကောင်းပါတယ်။ အခု အမေရိကန်နိုင်ငံမှာ တည်ဆောက်ထားတဲ့ ခုနှစ်မိုင်တံတားလည်း ပင်လယ်သမုဒ္ဒရာပေါ်ကနေ ဖြတ်သန်းကာ ဖောက်လုပ်ထားတဲ့ တံတားရှည်တစ်ခုပဲဖြစ်ပါတယ်။ ၇ မိုင်တံတားလို့ နာမည်ပေးထားတဲ့အတိုင်း ၇ မိုင်လောက် အကွာအဝေးကို ပင်လယ်ပေါ်ကနေ ဖြတ်သန်းမောင်းနှင်နေရင်း အတ္တလန္တိတ်သမုဒ္ဒရာနဲ့ မက္ကဆီကို ပင်လယ်ကွေ့ရှုခင်းတွေကို ကြည့်ရှု့ခံစားရဦးမှာပါ။


ဒီခုနှစ်မိုင်တံတားစတင်ဆောက်လုပ်ခဲ့စဉ်က ပင်လယ်ဖြတ်တံတားတွေထဲမှာ အရှည်လျားဆုံးတံတားတစ်ခုဖြစ်ခဲ့ပြီး ဘဝမှာ တစ်ခေါက်လောက် ဖြတ်သန်းသွားသင့်တဲ့ တံတားတစ်ခုအဖြစ်လို့တောင် ညွှန်းဆိုခဲ့ကြပါတယ်။ ဒီ ၇ မိုင်တံတားမှာ လမ်းကြောင်း၂ ခုရှိပြီး ဘေးနားမှာ တံတားအိုတစ်ခုကိုလည်း အလွယ်တကူမြင်တွေ့နိုင်ပါတယ်။ အဲဒီတံတားအိုကတော့ စက်ဘီးနင်းဖို့နဲ့ လမ်းလျှောက်ဖို့အတွက်သာ ခွင့်ပြုပေးထားပြီး ကားအသွားအလာတွေအတွက်တော့ အသစ်ပြန်လည်ဆောက်လုပ်ထားတဲ့ တံတားကိုပဲ အသုံးပြုရမှာဖြစ်ပါတယ်။

၆။ သဲကန္တာရလမ်းမကြီး (ယူအေအီး)


တောင်ကမ်းပါးယံက လမ်းမတွေ၊ ပင်လယ်တွေကို ကျော်ဖြတ်ကာ ဆောက်ထားတဲ့ လမ်းတွေ အပြီးမှာတော့အခုတစ်ခေါက် အလှည့်ကျလာတဲ့ လမ်းမကြီးကတော့ ယူအေအီးက သဲကန္တာရလမ်းမကြီးပဲဖြစ်ပါတယ်။ ဒီလမ်းပေါ် ဖြတ်သန်းမောင်းနှင်လိုက်ချိန်မှာတော့ မြင်လေရာ အမြင်အာရုံတွေထဲမှာ သဲတွေချည်းပဲ မြင်တွေ့ရမှာဖြစ်ပြီး ခရီးထွက်ရာ လမ်းတစ်လျှောက်မှာ တစ်ခါမှ မကြုံခဲ့ဖူးတဲ့ အိပ်မက်ဆန်တဲ့အတွေ့အကြုံတွေကိုခံစားရမှာ အသေအချာပါပဲ။ အင်မတန်ပူလောင်နေတဲ့ နေဒဏ်တွေ၊ မိမိရဲ့ အရေပြားကို လာလာရိုက်ခတ်နေမယ့် သဲပွင့်တွေနဲ့ ကန္တာရတစ်ခုရဲ့ အရသာကို အပြည့်အဝခံစားရစေမယ့်လမ်းတစ်လမ်းပဲဖြစ်ပါတယ်။


တစ်ခါတစ်ရံမှာတော့ ဒီလမ်းမကြီးရဲ့ ဘေးတစ်ဖက်တစ်ချက်မှာ ကုလားအုတ်တွေကိုမြင်တွေ့ရဦးမှာဖြစ်ပြီး တစ်ခါတစ်ရံမှာတော့ သဲမုန်တိုင်းတွေနနဲ့လည်း ရင်ဆိုင်တွေ့ရနိုင်ချေရှိတဲ့ လမ်းမကြီးတစ်လမ်းပဲဖြစ်ပါတယ်။ ဒီလမ်းကို ဖြတ်မယ်ဆိုရင်တော့ မျက်စိအတွင်းကိုဖုန်မှုန့်တွေ မဝင်နိုင်အောင် ကာထားပေးမယ့် နေကာမျက်မှန်တစ်လက်လောက်လောက်တော့ လိုအပ်မှာဖြစ်ပြီး မဆုံးနိုင်တဲ့ စွန့်စားခန်းတစ်ခုကို ထွက်ရှိနေရသလိုလည်း ခံစားရမိစေမှာပါ။

၇။ ပင်လယ်ရေအောက်လမ်း (ပြင်သစ်)


အိပ်မက်ဆန်တဲ့ အငွေ့အသက်ကို ရရှိမယ့်လမ်းတစ်ခုကတော့ ပြင်သစ်နိုင်ငံမှာ ရှိနေတဲ့ ပင်လယ်ထဲက ရေအောက်လမ်းပဲဖြစ်ပါတယ်။ ဒီလမ်းက ပင်မကုန်းမြေပြင်ကနေ ပင်လယ်ထဲမှာ ရှိနေတဲ့ ကျွန်းငယ်လေးတွေဆီ ဆက်သွယ်ထားတဲ့ လမ်းမကြီးတစ်ခုသာဖြစ်ပြီး အမြဲတမ်းရှိနေတဲ့ လမ်းတစ်ခုတော့ မဟုတ်ပါဘူး။ တစ်နေ့လုံးမှာမှ နာရီပိုင်းလောက်အချိန်လေးသာ ပင်လယ်ပြင်မှာ လမ်းပေါ်လာဖြစ်ပြီး အဲဒီအချိန်ခဏမှာပဲ ရအောင် ကျော်ဖြတ်ကာ သွားကြလေ့ရှိပါတယ်။


ခန့်မှန်းရခက်ခံဲတဲ့ ဒီရေတက်ချိန်နဲ့လည်း ရင်ဆိုင်ရလေ့ရှိတာကြောင့် ဒီလမ်းကို ကမ္ဘာပေါ်မှာ အန္တရာယ်အများဆုံးလမ်းတစ်လမ်းအဖြစ် သတ်မှတ်ထားကြပါတယ်။ လမ်းရဲ့ အရှည်က ၄.၂ ကီလိုမီတာသာ ရှိပေမယ့် ကားက ဒီရေတွေထဲမှာအချိန်မရွေး မြှုပ်သွားနိုင်တာမို့ ခရီးတိုလည်း မြန်မြန်ဆန်ဆန်မောင်းနှင်ရမှာဖြစ်ပါတယ်။

၈။ ဂေါ့တ်ထော့လမ်းမ (ဆွဇ်ဇာလန်)


တောင်တန်းတွေကြားထဲမှာ မြွေတစ်ကောင်ခွေအိပ်နေသလို လမ်းဖောက်လုပ်ထားတဲ့ ဒီလမ်းမကြီးက ကုန်းလမ်းခရီးသွားမယ့်သူတွေအတွက်တော့ အလှပဆုံးလမ်းတစ်လမ်းပဲဖြစ်ပါတယ်။ အကွေ့အကောက်ဖောက်လုပ်ထားတဲ့ ဒီလမ်းမကြီးကို ကျော်ဖြတ်ပြီး ဆွဇ် တောင်တန်းရဲ့ အလှတရားကို ခံစားရမိစေမှာဖြစ်ပြီး အသက်ရှူမှားလောက်တဲ့ မြင်ကွင်းတွေကိုလည်း တစ်ဝကြီး မြင်တွေ့ရမယ့်လမ်းတစ်လမ်းပဲဖြစ်ပါတယ်။


သဘာဝအလှတရားတွေ အပြည့်နဲ့ ရှိနေတဲ့ ဒီလမ်းမကြီးက စွဲဆောင်မှုပြင်းထန်လှတဲ့ လမ်းမတစ်ခုဖြစ်ပေမယ့် သတိကလေးတစ်ချက်တော့ လွတ်သွားလို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီလမ်းမှာပဲ အကွေ့အကောက်တွေ၊ အချိုးအကွေ့တွေက များပြားလွန်းတဲ့အတွက်ကြောင့် ဂရုတစိုက်နဲ့ ဖြတ်သန်းမောင်းနှင်ရမှာပဲဖြစ်ပါတယ်။

၉။ ဇူးလော့လမ်းမ (အိန္ဒိယ)


တစ်ခေတ်တစ်ခါက နာမည်ကျော်ပိုးလမ်းမကြီးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့တဲ့ အိန္ဒိယနိုင်ငံက ဇူးလော့လမ်းမကြီးကလည်း မြင်လိုက်တာနဲ့ပဲ အမှတ်တရတွေ အပြည့်နဲ့ ဖြတ်သန်းသွားရမယ့် လမ်းမကြီးတစ်ခုလို့ ခံစားရမိစေမှာပါ။ ဒီလမ်းမကြီး အကွာအဝေးကတော့ အလွန်မရှည်လျားလှပေမယ့် အကွေ့အကောက်ပေါင်း ၁၀၀ ကျော်လောက်ကို ရင်တဖိုဖိုနဲ့ ဖြတ်သန်းရမှာဖြစ်လို့ ရင်ခုန်စိတ်လှုပ်ရှားရမယ့် လမ်းမကြီးတစ်ခုသာဖြစ်ပါတယ်။


ဒီလမ်းမကြီးက ကမ္ဘာပေါ်မှာ အကွေ့အကောက်အများဆုံးလမ်းမတွေထဲက တစ်လမ်းသာဖြစ်ပြီး အတွေ့အကြုံရှိတဲ့ ကားမောင်းသူတောင် လက်ရှောင်ကြပါတယ်။ ဒီလမ်းမကြီးကို ဖြတ်သန်းဖို့ဆိုရင်တော့ အိန္ဒိယ အစိုးရက ထုတ်လုပ်ပေးထားတဲ့ အထူးခွင့်ပြုချက်လက်မှတ်တစ်ခုနဲ့ အသည်းမငယ်တဲ့ စိတ်တစ်ခုတော့ လိုအပ်မှာပဲဖြစ်ပါတယ်။

ref – BS

Credit-ShwenyanShin

Leave a Comment