success

ပိုက်ဆံ သိပ်အကုန်မခံသင့်တဲ့ ပစ္စည်း (၄) မျိုး

ပိုက်ဆံသိပ်မရှိတဲ့အချိန်နဲ့ ပိုက်ဆံများများစားစား ရှိလာတဲ့အချိန် ဘာကွာသလဲဆိုတာ ပြောဖို့လွယ်ပါတယ်။ အများကြီး ပိုသုံးဖြစ်ခြင်းပါပဲ။ ငွေမှာ ပြဿနာနှစ်ခု ရှိပါတယ်။ တစ်ခုက ရှာရခက်ပြီး တစ်ခုက ထိန်းသိမ်းဖို့ခက်တာ ဖြစ်ပါတယ်။ တပင်တပန်းစုထားတဲ့ ငွေကလေးတွေ အလေအလွင့်မဖြစ်စေဖို့ ဒီလိုပစ္စည်းတွေ ဝယ်တာကို တတ်နိုင်မျှ ချုပ်တီးသင့်ပါတယ်။

အဝတ်အစား


Photo : Freepik

တံဆိပ်ကလေး ကြည့်ပြီး တီရှပ်တစ်ထည်ကို ၃-၄ သောင်း ပေးဝတ်တာဟာ ပိုက်ရှိရှိတဲ့ သူတွေအတွက်ပဲ အဆင်ပြေပါတယ်။ ငွေစုနေတုန်းမှာ စားချင်တာလည်း မစားဖြစ်အောင် ရှောင်ရသလို ဝတ်ချင်တာလည်း မဝတ်ချင်အောင် ထိန်းရပါတယ်။ တကယ်လို့ တီရှပ်ဝယ်ချင်တယ်ဆိုရင်လည်း ဈေးသင့်ပြီး အသားအနားကောင်းတဲ့ တီရှပ်ကို တစ်ခါတည်းနဲ့ တစ်ဒါဇင်လောက် ဝယ်ထားတာ ပိုအဆင်ပြေပါတယ်။ အလားတူပဲ အတွင်းခံ ဘောင်းဘီနဲ့ ခြေအိတ်ကအစ အဝတ်အစားကြောင့် ငွေသုံးမများရအောင် ဂရုစိုက်သင့်ပါတယ်။

အီလက်ထရောနစ်ပစ္စည်း


Photo : Freepik

ဖုန်းလိုမျိုး နေ့စဉ်သုံး အီလက်ထရောနစ် ပစ္စည်းတောင်မှပဲ တန်ဖိုးကြီးတာတွေ ဝယ်တာဟာ ပိုက်ဆံစုတဲ့ အလေ့အထကို ဖျက်ရာရောက်ပါတယ်။ အခုခေတ်မှာ ၂ သိန်းခွဲ ၃ သိန်းလောက်ဆိုရင်ကိုပဲ အတော်လေးအဆင်ပြေတဲ့ စမတ်ဖုန်းတွေ ဝယ်နိုင်ပြီဖြစ်လို့ တန်ဖိုးကြီး Flagship ဖုန်းတွေကို စိတ်ရောက်နေတာကို ဖျောက်ပစ်ဖို့ လိုပါတယ်။ နောက်တစ်ခုက ဖုန်းဆိုတာမျိုးက နေ့တိုင်း ငွေတောင်းနေတဲ့ ပစ္စည်းဖြစ်ပြီး သူ့ကို ကောင်းကောင်း အသုံးမချနိုင်ရင် ကိုယ်ပဲ ရှုံးပါတယ်။ ဖုန်းနဲ့ အလုပ်လုပ်တဲ့ သူမျိုး ၊ ဖုန်းကြောင့် ငွေရနေတာမျိုးမှာတောင် အလုပ်ဖြစ်တဲ့ Mid-Range ဖုန်းလောက်ပဲ ဝယ်သုံးသင့်ပါတယ်။

အစားအသောက်


Source : Freepik

အမျိုးသားတော်တော်များများကတော့ အစားထက် အသောက်ကို ပိုမက်ကြတာ များပါတယ်။ ဒါကလည်း မွဲဆေးဖော်နေသလိုပဲ။ တော်ရုံ သောကြာနေ့မျိုးလောက် သူငယ်ချင်းတွေနဲ့စုပြီး ဘီယာသောက်တာ ပြဿနာမရှိပေမယ့် နေ့စဉ်နဲ့ရက်ဆက်ဆိုသလို ဖြစ်လာရင်တော့ စီးပွားပျက်ကိန်းပါ ဆိုက်နိုင်ပါတယ်။ ဖြစ်နိုင်ရင် အပြင်စာ စားတာကို လျှော့ပြီး ငွေပိုထွက်လာအောင် လုပ်သင့်ပါတယ်။

တစ်ခါသုံး ပစ္စည်းများ


Source : Freepik

တစ်ခါသုံး ခွက် ၊ တစ်ခါသုံး မုတ်ဆိတ်ရိတ်ဓါး စတဲ့ ပစ္စည်းလေးတွေဟာ ကိုယ်စုထားတဲ့ ငွေလေးတွေကို မသိမသာ နှိုက်ထုတ်တတ်ပါတယ်။ ရေသန့်ဗူး ဝယ်သောက်တာတို့၊ မသုံးဖြစ်တဲ့ ခရစ်ဒစ်ကဒ်အတွက် အတိုးပေးဆပ်နေရတာတို့ဟာ အတော်လေး အထိနာပါတယ်။ ဒီအချက်ကလေးတွေကို ပြင်မယ်ဆိုရင် ငွေယိုပေါက်နည်းသွားမှာပါ။

Leave a Comment