Uncategorized

မိဘများက စွန့်ခွါထွက်သွားခဲ့ကြပြီးနောက် ကျန်ရှိတဲ့ညီငယ်သုံးယောက်ကို အစ်ကိုကြီးအဖရာပီပီ တစ်ကိုယ်တည်းစောင့်ရှောက်နေရတဲ့ အသက် ၁၃ နှစ်အရွယ် ကောင်လေး (ရုပ်သံ)

အမေဖြစ်သူက ဖျားနာရင်းကွယ်လွန်သွားခဲ့ပြီး ဖခင်ဖြစ်သူကလည်း ၎င်းတို့မိသားစုကိုစွန့်ခွါသွားတဲ့အခါ ၁၃ နှစ်အရွယ် Manuel Olivares အမည်ရှိကောင်လေးဟာ သူ့ရဲ့ညီငယ်သုံးယောက်အတွက် မိဘများအဖြစ်ဆောင်ရွက်ရန်အပြင် အခြားသောရွေးချယ်မှုမျိုးမရှိခဲ့ပါဘူး။ ၎င်းတို့မောင်နှမလေးယောက်ဟာ ဖိလစ်ပိုင်နိုင်ငံ Cavite မြို့ရှိငှါးရမ်းထားတဲ့အခန်းကျဉ်းလေးထဲမှာ အတူတကွနေထိုင်ကြပါတယ်။


Manuel ဟာ မောင်နှမခုနှစ်ယောက်တွင် စတုတ္ထမြောက်ဖြစ်သော်လည်း အစ်ကိုအစ်မများအားလုံးက အိမ်မှထွက်သွားခဲ့တာကြောင့် သူဟာ အကြီးဆုံးသားဖြစ်လာခဲ့ပါတယ်။ သူဟာ နေ့တိုင်းလိုလို မောင်နှမများအတွက် မနက်စာချက်ပြုတ်ဖို့နဲ့ ၎င်းတို့ကိုကျောင်းပို့ရန်အတွက် မနက်စောစောထလေ့ရှိပါတယ်။


မောင်နှမများအတွက် ထမင်းနှင့်ငံပြာရည်များကိုသာစားနေရခြင်းကလည်း အထူးအဆန်းမဟုတ်တော့ပါဘူး။ ညီငယ်များကို ကျောင်းပို့ပြီးနောက် Manuel ဟာ စျေးထဲသွားရောင်းရန် အိမ်နီးချင်းများထံမှ သရက်သီးအချို့ကိုခူးဖို့ ခွင့်သွားတောင်းရပြန်ပါတယ်။


ထို့နောက် Manuel ဟာ သရက်သီးရောင်းလို့ရတဲ့ပိုက်ဆံနဲ့ ဆန်ဝယ်ရပါတယ်။ သို့ပေမဲ့ သရက်သီးခူးခွင့်မရတဲ့နေ့တွေမှာတော့ Manuel ဟာ ရပ်ကွက်တစ်ဝိုက်ကို လှည့်ပတ်ရင်း ပြန်သုံးလို့ရမဲ့အမှိုက်များကို လိုက်ကောက်ကာ ဆိုင်သို့ ပြန်လည်ရောင်းချပါတယ်။


ထို့ကဲ့သို့သော သူ့ရဲ့မသေချာမရေရာတဲ့ကံကြမ္မာကြောင့် Manuel ဟာ သူ့ညီငယ်တွေအတွက် စားစရာ၀ယ်ဖို့လုံလောက်တဲ့ဝင်ငွေမရခဲ့တာမျိုးလည်း အကြိမ်ပေါင်းများစွာရှိခဲ့ပါတယ်။

ကံကောင်းစွာနဲ့ဘဲ ဆင်းရဲတဲ့မိသားစုကို ကူညီပေးဖို့ စိတ်အားထက်သန်တဲ့ ၎င်းတို့ရဲ့ ကြင်နာတတ်တဲ့ အိမ်နီးချင်း Neptuno Nick Jabonita ဆိုသူဟာ သူ့ရဲ့သူငယ်ချင်းများထံမှ အကူအညီများတောင်းခံခဲ့ပြီး Manuel ရဲ့ညီငယ်များအား ကျောင်းအပ်ပေးခဲ့တာကြောင့် အခြားကျောင်းသားမိဘများက ၎င်းတို့အား ပိုမိုသတိထားမိသွားခဲ့ပြီး ၎င်းတို့အား ကျောင်းဝတ်စုံအချို့ကိုဝယ်ပေးခဲ့ကြပါတယ်။


ထို့အပြင် ကြင်နာတတ်တဲ့လူများက ဂျာနယ်လစ် Julius Babao ရဲ့အကူအညီဖြင့် ၎င်းတို့မောင်နှမအား ထောက်ပံ့နိုင်ရန် ပရဟိတအစီအစဉ်တစ်ခုကိုပါတည်ထောင်နိုင်ခဲ့ကြပါတယ်။ ၎င်းအစီအစဉ်မှတဆင့် Manuel နှင့်သူ့ရဲ့ညီငယ်များအား ဆန်အိတ်များနှင့်အစားအစာများကို ပေးအပ်ခဲ့ပြီး သူတို့ရဲ့ကိုယ်ပိုင်မီနီကုန်စုံစတိုးဆိုင်ဖွင့်ကာ အသက်မွေး၀မ်းကြောင်းပြုနိုင်ရန်အထိပါ ကူညီပေးခဲ့ကြပါတယ်။


အိမ်နီးချင်း Nick ရဲ့အကူအညီကြောင့် လက်ရှိ Manuel ဟာ ညီငယ်တွေအတွက် စားစရာရရန် အိမ်နီးချင်းတွေဆီကနေ သရက်သီးခူးဖို့ ခွင့်တောင်းစရာမလိုတော့ပါဘူး။ ဒါဟာ ခက်ခဲပေမဲ့ Manuel က သူ့ညီငယ်တွေအတွက် အစ်ကိုတစ်ယောက်အနေနဲ့ကော မိဘတစ်ယောက်အနေနဲ့ပါ အတတ်နိုင်ဆုံးကြိုးစားသွားမယ်လို့ ယုံကြည်မျှော်လင့်မိပါတယ်။

Mia (KB Chimmy One)

Reference : goodtimes

Leave a Comment